YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health August 15, 2023

သွေးလွန်တုပ်ကွေးအန္တရာယ်သတိပြုရန်

နှစ်စဉ်မိုးဦးရာသီနဲ့ မိုးရာသီအချိန်က သွေးလွန်တုပ်ကွေးရောဂါ အဖြစ်အများဆုံးအချိန်ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက မြန်မာနိုင်ငံကကလေးတွေ ဆေးရုံတက်ကုသမှုခံယူရတဲ့ ရောဂါ ၁၀ မျိုးထဲက တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့မှာလည်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ နှစ်စဉ် ၁၀၀ မှ ၄၀၀ မီလီယမ်အထိ ရှိတယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီနေ့ MI Radio ရဲ့ “Health Tips” အစီအစဉ်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းနဲ့ ဘယ်လိုကာကွယ်ကုသကြမလဲဆိုတာကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါက “Dengue Virus (DENV)” ဆိုတဲ့ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး “Dengue Fever” လို့ English လို့ခေါ်ကာ တစ်နှစ်ပတ်လုံးဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါက အရှေ့တောင်အာရှ၊ အနောက်ဖက်ပစိဖိတ်ကျွန်းများ၊ အာဖရိကနဲ့အမေရိကန်တွင် အဖြစ်များပြီး နောက်ပိုင်း မှာတော့ ဥရောပ၊ ကိုလံဘီယာ၊ ဘရာဇေး၊ ပီရူးနှင့် ဖီဂျီစတဲ့နိုင်ငံများတွင်ပါ ရောဂါပျံ့နှံ့လာပါပြီ။

သွေးလွန်တုပ်ကွေးရောဂါဟာ “Aedes aegypti” ဆိုတဲ့ခြင်ကိုက်ခံရတာမှတစ်ဆင့် ကူးစက်တဲ့ရောဂါ သာဖြစ်ပြီး ရောဂါရှိသူရဲ့အနားမှာနေရုံနဲ့မကူးစက်နိုင်ပါဖူး။ သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် သေးငယ်တဲ့ သာမန်အဖျားနဲ့လက္ခဏာအချို့သာ ခံစားရပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင်တော့ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါခံစားနေရပါက တစ်ပတ်မှနှစ်ပတ်အတွင်းသက်သာနိုင်ပြီး ရောဂါလက္ခဏာ တွေကလည်း ခြင်ကိုက်ခံရပြီး ၄ ရက်မှ ၁၀ ရက်အတွင်းစတင်ကာ ၂ ရက်မှ ၇ ရက်အထိကြာတတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေကတော့ အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်း၊ ကြွက်သားနှင့်အရိုးအဆစ်များနာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ အော့အန်ခြင်း၊ အဖုအပိမ့်များထခြင်းနှင့် အကျိတ်ယောင်ခြင်းတို့ဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပြင်းထန်လာတဲ့အခါမှာတော့ အပြင်းအထန်ဗိုက်အောင့်ခြင်း၊ အဆတ်မပြတ်အော့အန်ခြင်း၊ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းလာခြင်း၊ ခြေဖျားလက်ဖျားများအေးလာခြင်း၊ နေရထိုင်ရတာအားနည်းလာခြင်း၊ ရေဆာလာခြင်း၊ အသက်ရှုမမှန်လာခြင်း၊ ဂနာမငြိမ်ဖြစ်လာခြင်း၊ ဝမ်းမည်းများသွားခြင်း၊ အရေပြားသွေးယိုမှုကြောင့်အနီကွက်များထလာခြင်းနဲ့ အစာအိမ်အူလမ်းကြောင်းသွေးကြောများပေါက်၍ သွေးယိုခြင်းတို့ကြောင့် ကော်ဖီရောင်၊ အညိုရောင်အရည်များ အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ထိုလက္ခဏာတွေက အဖျားပျောက်ပြီးတဲ့နောက်ပိုင်းမှာဖြစ်တတ်ပြီး သွေးလွန်တုပ်ကွေးရောဂါဝေဒနာပြင်းထန်လာပါက အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ထားတဲ့သူတွေအနေနဲ့လည်း ရောဂါဖြစ်ပြီးရက်သတ္တပတ်အနည်းငယ်ခန့် ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

အခုအချိန်မှာတော့ သွေးလွန်တုပ်ကွေးရောဂါကို ကုသပေးနိုင်တဲ့ဆေးမရှိသေးပါဖူး။ သွေးလွန်တုပ်ကွေးရောဂါဝေဒနာကို ခံစားရသက်သာစေမယ့်ဆေးများသာရှိပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါဝေဒနာကို ခံစားနေရပါက ဓာတ်ဆားရည်၊ စွပ်ပြုတ်တို့များများသောက်ပြီး အိမ်မှာကောင်းကောင်းအနားယူသင့်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဗိုင်းရပ်စ် ၄ မျိုးရှိပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ဖူးတဲ့သူဟာ ပြင်းထန်တဲ့သွေးလွန်တုပ်ကွေးရောဂါ “Dengue hemorrhagic fever” ကိုခံစားရနိုင်ချေပိုမြင့်ပြီး ထိုရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ အသက် ၁၅ နှစ်အောက်ကလေးများမှာ အဖြစ်များတတ်ပြီး မြန်မာနိုင်ငံတွင် အသက် ၃ နှစ်မှ ၈ နှစ်အရွယ်ကလေးများအများဆုံးဖြစ်တတ်ပါတယ်။ ကလေးများက များသောအားဖြင့်ကျောင်း၊ လူစုလူဝေးအစရှိတဲ့နေရာများတွင် ခြင်ကိုက်ခံရတတ်တာကြောင့် သင့်ရဲ့ကလေးကို ခြင်ကိုက်မခံရအောင် သေချာဂရုစိုက်သတိပြုပေးပါ။ တကယ်လို့ သင့်ကလေးသွေးလွန်တုပ်ကွေးဖြစ်တယ် ဆိုရင်လည်း မပေါ့ဆဘဲနီးစပ်ရာဆရာဝန်ထံသွားရောက်ပြသဖို့ အကြုံပြုပါတယ်။

ဒါကြောင့်သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးထိုးကာ ကာကွယ်နိုင်ပေမယ့် အကောင်းဆုံး ကုသနည်းကတော့ ခြင်ကိုက်မခံရအောင်နေထိုင်တာပဲဖြစ်ပါတယ်။ ခြင်ကိုက်မခံရအောင် နေထိုင်တဲ့နေရာ အနီးအနားပတ်ဝန်းကျင်က ခြင်ပေါက်ပွားနိုင်တဲ့နေရာတွေကိုရှင်းလင်းခြင်း၊ ကျောင်းစသည့်နေရာများတွင် ခြင်ဆေးမှုတ်ခြင်း၊ အင်္ကျီလက်ရှည်ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ ခြင်ထောင်ထဲတွင်အိပ်စက်ခြင်း၊ အိမ်ထဲကို ခြင်မဝင်အောင် ခြင်လုံဇကာများတပ်ခြင်း၊ ခြင်ဆေးခွေထွန်းခြင်းနဲ့ ခြင်ကိုက်မခံရအောင် ခြင်မကိုက်ဆေးလိမ်းခြင်း တို့ပြုလုပ်ရပါမယ်။ ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါရှိတဲ့သူတွေအနေနဲ့လည်း ရောဂါဖြစ်တဲ့ပထမအပတ်မှာ တုပ်ကွေးဗိုင်းရပ်စ်ကခန္ဓာကိုယ်တွင်းရှိသေးတာကြောင့် မိမိကိုယ်ကို ခြင်ကိုက်မခံရအောင်ကာကွယ်ရင်း တခြားသူတွေပါသွေးလွန်တုပ်ကွေးမဖြစ်အောင် အတူတူပူးပေါင်း ကာကွယ်ကြရပါမယ်။

ပရိသတ်ကြီးတို့လည်း မိုးတွင်းကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါနော်။ နောက်တစ်ပတ်မှာ ပြန်ဆုံကြမယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.