YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health August 8, 2023

အုန်းနို့နှင့်သွေးတိုးရောဂါ

သွေးတိုးရောဂါဝေဒနာရှင်များအနေဖြင့် အုန်းနို့စားရင်သွေးတိုးတာကြောင့် အုန်းနို့ခေါက်ဆွဲမစားဘဲ နို့စိမ်းခေါက်ဆွဲကိုပဲစားဖြစ်ကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့အုန်းနို့က တကယ်ပဲ သွေးတိုးစေ သလား၊ အုန်းနို့ကို သွေးတိုးရောဂါဝေဒနာရှင်တွေ ရှောင်ရှားသင့်သလားဆိုတာကို ဖော်ပြပေးသွားပါမယ်။🙋

 

အုန်းသီးကအဆီဓာတ်များကာ သကြားဓာတ်နည်းတဲ့အသီးတစ်မျိုးဖြစ်ပြီး အုန်းသီးမှ အုန်းဆီ၊ အုန်းနို့၊ အုန်းရည်တို့ရရှိတဲ့အပြင် ထောပတ်၊ ရှာလကာရည်၊ အလှကုန်၊ ဆေးဝါးနှင့် လက်မှုပစ္စည်းများပါ ထုတ်လုပ်နိုင် တာကြောင့် အလွန်ထူးခြားပြီးအသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ အုန်းနို့ကိုအုန်းသီးဖတ်မှထုတ်လုပ်ရရှိပြီး အရှေ့တောင်အာရှနိုင်ငံများ၊ ဟာဝိုင်ရီ၊ တောင်အမေရိကနှင့် Caribbean နိုင်ငံအချို့တွင် အများဆုံးတွေ့ရှိ ရပါတယ်။ အုန်းနို့မှာ အုန်းနို့အပျစ်နဲ့အကျဲဆိုပြီးနှစ်မျိုးရှိပြီး အုန်းနို့အပျစ်ကို အချိုပွဲနဲ့ ဟင်းအနှစ်တို့ ပြုလုပ်ရာတွင်သုံးပြီး အုန်းနို့အကျဲကိုတော့ ဆပ်ပြာပြုလုပ်ရာတွင်သုံးလေ့ရှိပါတယ်။ အုန်းနို့မှာကယ်လိုရီပါဝင်မှု များပြီး ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ပိုတက်ဆီယမ်၊ Vitamin C နှင့် Folate စတဲ့ဗီတာမင်နဲ့သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။💖

 

🩸အုန်းနို့ကို သွေးတိုးရှိတဲ့ဝေဒနာရှင်တွေ စားသုံးဖို့သင့်တော်သလား။ အုန်းနို့က အဆီဓာတ်များပြားပြီး သွေးတိုးရှိတဲ့သူတွေက အဆီကိုရှောင်ကြဉ်သင့်တယ်ဆိုသော်လည်း လေ့လာတွေ့ရှိချက်တွေအရ အဆီတိုင်းကခန္ဓာကိုယ်ကို ဆိုးကျိုးပေးနေတာမဟုတ်ပါဘူး။ အုန်းနို့မှာပါဝင်တဲ့အဆီက MCTs ဖြစ်ပြီး ဒီအဆီက ကျန်းမာရေးကိုထိခိုက်စေတဲ့ LDL ကိုလက်စထရောကိုလျှော့ချပေးသလို အုန်းနို့ကို သင့်လျော်သောပမာဏ ကိုသာစားသုံးပါက ကျန်းမာရေးကိုအထောက်အကူပြုတဲ့ HDL ကိုလက်စထရောကို တိုးစေတာကြောင့် နှလုံးရောဂါကိုကာကွယ်ပေးတဲ့အပြင် သွေးပေါင်ချိန် အတက်အကျမဖြစ်အောင်ပါ ထိန်းညှိပေးတယ်လို့ဆို ပါတယ်။ ဒါ့အပြင်အုန်းနို့မှာ ပါဝင်တဲ့ပိုတက်ဆီယမ်က သွေးပေါင်ချိန်တက်စေတဲ့ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်တွေကို လျှော့ချပေးပြီး သွေးကြောနံရံတွေကိုဖြေလျှော့ပေးတာကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး သွေးတိုးခြင်းကိုကာကွယ်ပေးပြန်နိုင်ပါတယ်။

အုန်းနို့ကသွေးတိုးတာကို ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်ကအဆီတွေနဲ့ကိုယ်အလေးချိန်ကို လျှော့ချပေးကာ လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင်အုန်းနို့က လေဖြတ်ခြင်း၊ ယောင်ယမ်းခြင်းနဲ့ အစာအိမ်ပြည်တည်နာတို့ကို သက်သာစေတဲ့အပြင် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုပါတယ်။အုန်းနို့မှာ အဆီဓာတ်အမြောက်အများပါဝင်ပြီး ကဆီဓာတ်ပါဝင်မှု နည်းတာကြောင့် Keto Diet သမားတွေလည်း ဟင်းလျာချက်ပြုတ်တဲ့အခါ ပါဝင်ပစ္စည်းအနေနဲ့ထည့်သွင်း အသုံးပြုကြပါတယ်။ အုန်းနို့ကို သင့်တင့်စွာစားသုံးပေးခြင်းက ဖော်ပြပါအချက်အလက်များဖြင့် ပြည့်စုံစေပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

🥛 အုန်းနို့ကိုအလွန်အကြူးစားသုံးမိမယ်ဆိုရင်တော့ အုန်းနို့မှာပါဝင်တဲ့ ပိုတက်ဆီယမ်ကြောင့် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ အုန်းနို့ကို ကျောက်ကပ်အားမကောင်းသူများနဲ့ ကျောက်ကပ် ဝေဒနာရှင်များ ကတော့ဂရုစိုက်စားသုံးဖို့လိုအပ်ပါတယ်။ အုန်းနို့မှာအာဟာရဓာတ်တွေကြွယ်ဝပေမယ့် မိခင်နို့လောက်အာဟာရဓာတ်တွေမပါဝင်တာကြောင့် မွေးကင်းစ ကလေးတွေကို မိခင်နို့အစားထိုးမတိုက်သင့်ပါ။ အုန်းနို့ကို ချင့်ချိန်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချပေးဖို့ကူညီပေးနိုင်ပေမယ့်အဆီဓာတ်များတဲ့ အစားအစာဖြစ်တာကြောင့် အလွန်အကျွံစားသုံးမယ် ဆိုရင်တော့ ကိုယ်အလေးချိန်ကိုတက်စေနိုင်ပါတယ်။

အုန်းနို့ကသွေးတိုးတာကို ကာကွယ်ပေးတယ်ဆိုပေမယ့် အုန်းနို့နဲ့သွေးတိုးတာကိုကုသလို့တော့ မရပါဘူး။ သွေးတိုးရောဂါဆိုတာ နှာစေးချောင်းဆိုးကဲ့သို့ဆေးရှိပြီး အချိန်တိုအတွင်းပျောက်ကင်းတဲ့ ရောဂါဝေဒနာမဟုတ်တာကြောင့် သွေးတိုးရောဂါဝေဒနာရှင်များအနေနဲ့ သွေးတိုးရောဂါဖြင့် ကျန်းမာစွာ နေထိုင်ခြင်းနည်းလမ်းဖြင့်သာကုသနေထိုင်သွားရမှာဖြစ်ပါတယ်။

သွေးတိုးရောဂါဝေဒနာကိုခံစားနေရရင်တော့ ရိုးရှင်းသောပြောင်းလဲမှုတွေဖြစ်တဲ့ ကိုယ်အလေးချိန် လျှော့ချခြင်း၊ ဆိုဒီယမ်(ဆားဓာတ်)ပါဝင်မှုများသောအစားအစာများ စားသုံးမှုကိုလျှော့ချခြင်း၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ််ခြင်းနဲ့ စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ခြင်းတို့ ပြုလုပ်ရပါမယ်။

ပရိသတ်ကြီးတို့လည်း သွေးတိုးခြင်းနဲ့အုန်းနို့စားသုံးခြင်းအကြောင်းကို သိရှိသွားပြီလို့ ယုံကြည်ပါတယ်။ နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြပါမယ်။💁❤️

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.