YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health August 8, 2023

အသည်းရောင်အသားဝါရောဂါကာကွယ်ကြမယ်

အသည်းရောင်အသားဝါရောဂါဆိုတာ ခန္ဓာကိုယ်ထဲက အသည်းရောင်ရမ်းတာကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပြီး အသည်းရောင်အသားဝါ A, B, C, D, E ဆိုပြီး ၅ မျိုးအထိရှိပါတယ်။ 🇲🇲 မြန်မာနိုင်ငံမှာဖြစ်တတ်တဲ့ အသည်းရောင်အသားဝါရောဂါတွေကတော့ A, B, C နဲ့ E တို့ဖြစ်ပြီး A နှင့် E ကကလေးများတွင် အဖြစ်များ ပါတယ်။ ထို အသည်းရောင်အသားဝါရောဂါ ၅ မျိုးကိုထဲက တစ်မျိုးမျိုးကိုခံစားရပြီဆိုရင် ဖျားနာရာကနေ အသက်အန္တရာယ် ရှိသည်အထိဖြစ်နိုင်ပြီး အချို့အခြေအနေတွေမှာဆိုရင် ရောဂါကပ်ဘေးအထိဖြစ်နိုင်တဲ့ အတွက် အလွန်သတိပြုရမဲ့ ရောဂါလည်းဖြစ်ပါတယ်။ အသည်းရောင်အသားဝါ B နဲ့ C ဟာတစ်နေ့ကို လူပေါင်း ၈၀၀၀ ခန့်ကိုကူးစက်နေပြီး စက္ကန့် ၃၀ တိုင်းမှာအသည်းရောင်အသားဝါနှင့် ဆက်စပ်တဲ့ရောဂါတွေကြောင့် လူတစ်ဦးခန့်သေဆုံးနေပါတယ်။ အခုလက်ရှိကမ္ဘာပေါ်မှာ အသည်းရောင်အသားဝါရောဂါခံစားရသူ သန်း ၃၅၀ ကျော်ရှိနေပေမယ့်လည်း အသည်းရောင်အသားဝါရောဂါရှိသူ ၁၀ ယောက်မှာ ၉ ယောက်ကတော့ရောဂါကို သတိမမူမိပဲနေထိုင်လျက်ရှိပါတယ်။

အသည်းရောင်အသားဝါရောဂါကများသောအားဖြင့် အသည်းရောင်အသားဝါပိုးကူးစက်ခံရတာကြောင့် ဖြစ်တတ်သလို အရက်သေစာသောက်စားခြင်းနဲ့ ကိုယ်ခံအားစနစ်ဖောက်ပြန်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသည်းရောင်အသားဝါရောဂါလက္ခဏာတွေကတော့ မူးဝေခြင်း၊ အော့အန်ခြင်း၊ အားနည်းခြင်း၊ ဖျားနာခြင်း၊ ဆီးမည်းများသွားခြင်း၊ အရောင်ဖျော့သောဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ခံတွင်းပျက်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း နဲ့ အသားနှင့်မျက်လုံးများဝါခြင်းတို့ဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါမဖြစ်အောင် ကာကွယ်ဆေးထိုးပြီးကာကွယ်နိုင်သလို ရောဂါခံစားရပြီဆိုရင်လည်း အသည်းရောင်အသားဝါရောဂါ အမျိုးအစားပေါ်မူတည်ပြီး ကုသမှုခံယူတာတွေလုပ်နိုင်ပါတယ်။ အသည်းရောင်အသားဝါအမျိုးအစားတွေ အပေါ်မူတည်ပြီး ရောဂါဖြစ်ပွားရတဲ့အကြောင်းနဲ့ ဘယ်လိုကာကွယ်ကုသကြမလဲဆိုတာကို ဆက်လက်ပြောပြ ပေးသွားပါမယ်။

(၁) အသည်းရောင်အသားဝါ A
အသည်းရောင်အသားဝါ A ကမြန်မာနိုင်ငံတွင်သာမက ကမ္ဘာအနှံ့တွင်ပါအဖြစ်များပြီး မသန့်ရှင်းတဲ့ အစားအစာ သို့မဟုတ် A ပိုးရှိသူရဲ့မစင်နဲ့ ထိတွေ့ထားတဲ့အစားအသောက်နဲ့ရေကို စားမိရာကနေကူးစက်နိုင် ပါတယ်။ အသည်းရောင်အသားဝါ A ကတခြားသောရောဂါတွေလို အသည်းနဲ့ပတ်သက်တဲ့ရောဂါကို မဖြစ်စေပဲ သေဆုံးမှုလည်းနည်းသလို A ပိုးကူးစက်ခံရတဲ့သူအနေနဲ့လည်း သေချာကုသမှုခံယူရင် ရောဂါပျောက်ကင်း နိုင်ပါတယ်။ အသည်းရောင်အသားဝါ A ပိုးကူးစက်မခံရအောင် သန့်ရှင်းတဲ့အစားအသောက်ကိုစားသုံးခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ခြင်းဖြင့်ကာကွယ်နိုင်သလို ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်နိုင် ပါတယ်။

(၂) အသည်းရောင်အသားဝါ B
အသည်းရောင်အသားဝါ B က ပြင်းထန်တဲ့အသည်းရောဂါနဲ့ နာတာရှည်အသည်းရောဂါတွေ ဖြစ်စေနိုင်ရုံတင်သာမက ကူးစက်ခံရတဲ့သူတွေကို အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ B ပိုးဗိုင်းရပ်စ်ဟာ မိခင်က ကလေးကို မွေးဖွားနေစဉ်မှာ ကူးစက်တတ်တာကြောင့် ကလေးများကို မွေးဖွားပြီးအချိန်တွင် B ပိုးကာကွယ်ဆေးကိုထိုးပေးသင့်ပါတယ်။ ဒါ့အပြင် B ပိုးက တံတွေးနဲ့သွေးတို့မှတစ်ဆင့်ကူးစက်နိုင်သလို ဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့မှတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ တစ်နှစ်ကို B ပိုးကူးစက်ခံရသူ ၁.၅ သန်း ခန့်ရှိပြီး ၂၀၁၉ ခုနှစ်မှာ B ပိုးကြောင့်သေဆုံးသူ ၈၂၀၀၀၀ ခန့်ရှိတယ်လို့တွေ့ရှိရပါတယ်။ အသည်းရောင်အသားဝါ B ပိုးကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေးမရှိသေးပေမယ့် ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရသလိုရောဂါခံစားရလျှင်လည်း ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ကုသမှုခံယူပြီး အသည်းကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပြီး သက်တမ်းစေ့နေနိုင်အောင်လည်း ကုသမှုခံယူနိုင်ပါတယ်။

(၃) အသည်းရောင်အသားဝါ C
အသည်းရောင်အသားဝါ C ကတော့သွေးမှတစ်ဆင့်သာကူးစက်တတ်တာကြောင့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်တို့အသုံးပြုတဲ့အခါ သေချာပိုးသတ်သန့်စင်ပြီးမှအသုံးပြုသင့်ပါတယ်။ အသည်းရောင်အသားဝါ ရောဂါ C ကအသည်းကိုထိခိုက်ပြီး စိုးရိမ်ဖွယ်ကောင်းတဲ့အသည်းရောဂါကနေ နာတာရှည်အသည်းရောဂါအထိ ဖြစ်နိုင်တာမို့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်ပါတယ်။ လတ်တလောမှာတော့ C ပိုးကာကွယ်ဆေး မရှိသေးပေမယ့် ထိရောက်တဲ့ကုသနည်းတွေရှိနေပါတယ်။

(၄) အသည်းရောင်အသားဝါ D
အသည်းရောင်အသားဝါ D ကအသည်းရောင်အသားဝါ B ပိုးရှိတဲ့သူကိုသာ ကူးစက်နိုင်တဲ့ရောဂါဖြစ်ပြီး သွေးကတစ်ဆင့်ကူးစက်နိုင်ပါတယ်။ အဲ့တာကြောင့် D ပိုးမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းကတော့ B ပိုးကာကွယ်ဆေးထိုးရန်သာ ဖြစ်ပါတယ်။ ကုသနည်းလည်းရှိပေမယ့် အောင်မြင်နိုင်ချေနိမ့်ပြီး ရောဂါအခြေအနေ မဆိုးရွားအောင် လုပ်ရုံသာတတ်နိုင်ပါတယ်။ အခုဆိုရင် ကမ္ဘာအနှံ့မှာ B ပိုးမကူးစက်အောင် ကာကွယ်ကြ တာကြောင့် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစပြီး D ပိုးကူးစက်ခံရနှုန်းကျဆင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း B ပိုးကော D ပိုးပါကူးစက်ခံရပြီဆိုရင် အသည်းရောဂါကြောင့် သေဆုံးနိုင်ချေမြင့်မားလာနိုင်ပါတယ်။

(၅) အသည်းရောင်အသားဝါ E
အသည်းရောင်အသားဝါ E ကတော့ ရောဂါပိုးရှိသူရဲ့မစင်ပါဝင်တဲ့ရေ တစ်နည်းအားဖြင့် မသန့်ရှင်းတဲ့ ရေကို သောက်သုံးရာကနေကူးစက်တတ်ပါတယ်။ အသည်းရောင်အသားဝါ E ကတောင်ဘက်နဲ့ အရှေ့ဘက် အာရှဒေသများတွင် အဖြစ်များပြီးတော့ ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ E ပိုးကူးစက်ခံရသူ သန်း ၂၀ အထိရှိတယ်လို့ခန့်မှန်းကြပါတယ်။ အခုအချိန်မှာတော့ ကာကွယ်ဆေးမရှိသေးပေမဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ကို ဂရုစိုက်ခြင်းနဲ့ သန့်ရှင်းသောရေကိုသောက်သုံးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသည်းရောင်အသားဝါ E ကိုကုသနိုင်တဲ့နည်းလမ်းတိတိကျကျမရှိပေမယ့်လည်း ရောဂါဝေဒနာခံစားရသူတွေအနေနဲ့ အပြည့်အဝ ပျောက်ကင်းအောင်ကုသနိုင်ပါတယ်။🩺

အသည်းရောင်အသားဝါရောဂါက အခုလိုနိုင်ငံတကာမှာရောဂါဝေဒနာခံစားရသူတွေများပြားပြီးတော့ အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နေတာကြောင့် နိုင်ငံတကာမှာ ၂၀၃၀ ခုနှစ်တွင် အသည်းရောင် အသားဝါရောဂါကို ဖယ်ရှားနိုင်အောင် အမျိုးမျိုးကြိုးပမ်းလျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်ရဲ့ “ကမ္ဘာ့အသည်းရောင်အသားဝါနေ့” ကိုလည်း WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း)ကလည်း “One life, One liver” ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ လူတစ်ယောက်မှာအသည်းတစ်ခုသာပါတဲ့အတွက် တန်ဖိုးထားဂရုစိုက်ကြဖို့ အသိပေးလျက်ရှိပါတယ်။❣️
ပရိသတ်ကြီးများအားလုံးလည်း ကျန်းမာခြင်းသုခနဲ့ပြည့်စုံကြပါစေနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.