ပါကင်ဆန်ရောဂါအကြောင်း သိကောင်းစရာ
“Parkinson’s Disease” သို့မဟုတ် “PD” ဆိုတဲ့ ပါကင်ဆန်ရောဂါကို မြန်မာနိုင်ငံမှာဆိုရင် အဘိုးအဘွားအရွယ်မှာ အဖြစ်များတဲ့ရောဂါဆိုပြီး သိကြပါတယ်။ ပါကင်ဆန်ရောဂါကို လှုပ်ရှားသွားလာရခက်ခဲလာကာ ကိုယ်ခန္ဓာချိနဲ့လာတဲ့ရောဂါဆိုပြီး သိကြပေမယ့်တကယ်တော့ ပါကင်ဆန်ရောဂါသည်တွေက တစ်ယောက်နဲ့တစ်ယောက် ဝေဒနာခံစားရပုံချင်း မတူကြပါဖူး။ ဒီနေ့ MI Radio ရဲ့ “Health Tips” အစီအစဉ်က ပါကင်ဆန်ရောဂါအကြောင်းကို ဗဟုသုတအနေနဲ့သိထားပြီး ကြုံတွေ့လာတဲ့အခါ ရင်ဆိုင်နိုင်အောင် ပါကင်ဆန်ရောဂါအကြောင်း၊ သူ့ရဲ့ရောဂါလက္ခဏာတွေနဲ့ ဘယ်လိုကာကွယ်ကုသကြမလဲဆိုတာကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါဝေဒနာခံစားရပြီဆိုတာနဲ့ ဆရာဝန်နှင့် သေချာဆွေးနွေးကုသမှုခံယူဖို့ အကြုံပြုပါတယ်။
ကျွန်တော်တို့ ဦးနှောက်ရဲ့ Sustaintia nigia ဆိုတဲ့ အစိတ်အပိုင်းက Dopamine ကိုထုတ်ပေးဖို့တာဝန်ရှိတဲ့ အာရုံကြောဆဲလ်တွေ ပျက်ဆီးသွားတာ သို့မဟုတ် မရှိတော့တာကြောင့် ပါကင်ဆန်ရောဂါ ဆိုပြီး အာရုံကြောရောဂါဖြစ်လာတာပါ။ Dopamine ဆိုတာ ကိုယ်ခန္ဓာလှုပ်ရှားနိုင်ဖို့ ဦးနှောက်နဲ့အာရုံကြောအကြား ချိတ်ဆက်ပေးတဲ့အရာ ဖြစ်ပါတယ်။ Dopamine လျော့နည်းလာတော့ လှုပ်ရှားရတာနှေးလာပြီး အရင်လိုမသွားလာနိုင်တော့ပါ။ ဆဲလ်တွေ လျော့နည်းလာတဲ့အကြောင်းကို သေချာမပြောပြနိုင်သေးဘဲ သုတေသနပြုလုပ်နေကြဆဲဆိုပေမယ့် လတ်တလောမှာတော့ မျိုးရိုးဗီဇပြောင်းလဲမှုနဲ့ပတ်ဝန်းကျင်ကြောင့်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေကတော့ ဆဲလ် ၅၀ ရာခိုင်နှုန်းလောက်မရှိတော့မှသာ စတင်ပေါ်လာတတ်ပါတယ်။
ပါကင်ဆန်ရောဂါကို စစ်ဆေးဖို့ သတ်မှတ်ထားတဲ့ စစ်ဆေးမှုမရှိပေမယ့် ဆရာဝန်က လူနာရဲ့ ရောဂါလက္ခဏာ၊ ဆေးကုသမှုမှတ်တမ်းနဲ့ တခြားသောအသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ကာ ရလဒ်ပေါ်မူတည်ပြီး ကုသပေးပါတယ်။ ပါကင်ဆန်ရောဂါရဲ့ အစောပိုင်းလက္ခဏာတွေက အားပျော့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းပြင်းထန်လာပါတယ်။ ရောဂါလက္ခဏာတွေကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့တုန်လာခြင်း၊ ကြွက်သားများ တောင့်တင်းနေခြင်း၊ လှုပ်ရှားမှု နှေးကွေးလာခြင်း၊ ကိုယ်ခန္ဓာဟန်ချက်ညီအောင်ထိန်းရခက်ပြီး လဲကျခြင်းတို့အပြင် တခြားသော စိတ်ဓာတ်ကျခြင်း၊ မူးမေ့ခြင်း၊ အနံ့ပျောက်ခြင်း၊ စကားပြောရန်ခက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ အရေပြားပြဿနာနဲ့ အစာအိမ်ပြဿနာတို့ ဖြစ်ပါတယ်။
ပါကင်ဆန်ရောဂါပျောက်တဲ့ ကုသမှုမရှိသေးပေမယ့် ရောဂါဝေဒနာသက်သာအောင် ဆေးဝါးမှီဝဲခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်းနဲ့ ရောဂါကုထုံးအချို့ခံယူခြင်းတို့ လုပ်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တာစားပြီး အနှိပ်ခံခြင်း၊ ယောဂကျင့်ခြင်းနှင့် ထိုက်ချိကစားခြင်းတို့လည်း လုပ်နိုင်ပါတယ်။ ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အကြောင်းကို အခုအချိန်အထိ ရှာဖွေ့နေဆဲဖြစ်တဲ့အတွက် သူ့ကိုကာကွယ်နိုင်တဲ့နည်းလမ်း မရှိသေးပါဖူး။ ဒါပေမယ့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာအပြင် အသီးအနှံ၊ အသားဓာတ်ပါတဲ့အစားအစာ၊ ပဲနှင့်ပဲတောင့်ရှည်၊ ဂျုံစတဲ့ အာဟာရပြည့်ဝပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားပေးမယ်ဆိုရင် ပါကင်ဆန်ရောဂါကို ကာကွယ်ပေးနိုင်ပြီး ရောဂါအခြေအနေကိုလည်း နှောင့်နှေးစေတယ်လို့ အချို့သုတေသနပညာရှင်တွေက ပြောကြပါတယ်။ ပါကင်ဆန်ရောဂါက အသက် ၆၅ နှစ်ဝန်းကျင်အရွယ်တွေမှာ အဖြစ်များပြီး အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုအဖြစ်များတယ်လို့ တွေ့ရပါတယ်။
ပါကင်ဆန်ရောဂါဝေဒနာခံစားကြရတဲ့သူတွေက ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းတဲ့အတွက် သူတို့ကို အားပေးစောင့်ရှောက်ဖို့ အကူအညီလိုပါတယ်။ အခုဆိုရင် ကမ္ဘာအနှံ့မှာလည်း ပါကင်ဆန်ရောဂါသည်တွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေရှိနေပါပြီ။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။