YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health July 15, 2023

ရဲယိုသီးနှင့် သင့်ကျန်းမာရေး

သက်ကြီးရွယ်အိုများအတွက် ဆေးဖက်ဝင်ဓာတ်စာတစ်ခုလို့ဆိုတဲ့ ရဲယိုသီးကို လူတိုင်းရင်းနှီးကြမယ်လို့ ထင်ပါတယ်။ ရဲယိုသီးကို ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး ပြောကြပေမယ့် သူ့ကိုမှီဝဲရင် တကယ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်သလား။ သူဟာ အဆိပ်သင့်စေသလား။ သူ့ကို သုံးစွဲတာဟာ မှန်ကန်မှုရှိရဲ့လား ဆိုတာကို ဒီတစ်ပတ်အတွက် MI Radio ရဲ့ “Health Tips” အစီအစဥ်ကနေပြီး ရဲယိုသီးနဲ့ ပတ်သက်ပြီး နောက်ဆုံးရရှိထားတဲ့သုတေသနများအပေါ်အခြေခံပြီး တင်ဆက်ပေးလိုက်ရပါတယ်။

ရဲယိုပင်ကို “Morinda citrifolia” လို့ခေါ်ပြီး ကော်ဖီပင်အမျိုးအစား Rubiaceae အမျိုးအနွယ်မှာ ပါဝင်ကာ အရှေ့တောင်အာရှနှင့် Australasia တို့မှာအပြင် အပူပိုင်းဒေသတွေမှာ အလေ့ကျပေါက်ရောက်ပါတယ်။ ရဲယိုပင်က နာမည်ပေါင်း(၁၀၀) ကျော်ရှိပြီး Indian Mulberry, Noni, Vomit fruit နဲ့ Cheese fruit ဆိုပြီး ခေါ်ကြပါတယ်။ ရဲယိုသီးရဲ့အနံ့ကပြင်းထန်ပေမယ့် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြု တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံအပြင် ကိုရီးယား၊ ဂျပန်နဲ့တရုတ်ရိုးရာတိုင်းရင်းဆေးပညာတို့မှာ ရဲယိုပင်ကို ဆေးဖက်ဝင်အပင်လို့ သတ်မှတ်ထားကြပါတယ်။

ရဲယိုသီးကို ဟင်းချက်တဲ့နေရာမှာ ထည့်ချက်ကြသလို ဆားနဲ့အစိမ်းအတိုင်းစားကြပြီး ရဲယိုစေ့ကိုတော့ လှော်စားကြကာ ထိုင်းနိုင်ငံမှာဆိုရင်တော့ ရဲယိုရွက်ကို သင်္ဘောသီးသုပ်တဲ့နေရာမှာ ထည့်လေ့ရှိပါတယ်။ ရဲယိုပင်သစ်ခေါက်နဲ့ အမြစ်မှလည်း ဆိုးဆေးထုတ်ယူနိုင်ပါတယ်။ ရဲယိုသီးကို ဖျော်ရည်အနေနဲ့ သောက်ကြတဲ့ အပြင် အလှကုန်ပစ္စည်းလုပ်ရာမှာလည်း အသုံးပြုပြီး ရဲယိုစေ့ကိုတော့ ဆီထုတ်လုပ်ကြပြီး ရဲယိုရွက်ကိုတော့ ဆေးဝါးအနေနဲ့ ထုတ်လုပ်ကြပါတယ်။
ရဲယိုသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေပါပြီး ဗီတာမင် B1၊ ဗီတာမင် B3၊ ဗီတာမင် C၊ Folate၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ Iron နှင့်တခြားသော အာဟာရဓာတ်တွေပါဝင်ပါတယ်။ ဒီလို အာဟာရဓာတ်တွေပါတဲ့ ရဲယိုကို စားသုံးမယ်ဆိုရင် ရရှိမယ့် ကောင်းကျိုးတွေကို ပြောပြပေးသွားပါမယ်။

၁။ ဆေးလိပ်သောက်ခြင်းကြောင့် ရရှိတဲ့ဆိုးကျိုးတွေကို လျှော့ချပေးခြင်း
ရဲယိုသီးဟာ ဆဲလ်တွေပျက်ဆီးတာကို သက်သာစေပြီး ဆေးလိပ်သောက်တာကြောင့်ရရှိတဲ့ အကျိုးဆက်တွေကို လျှော့ချပေးပါတယ်။ ဆေးလိပ်သောက်ခြင်းက Radicals တွေကို ထုတ်လုပ်ပေးပြီး ထို Radicals တွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါကို ဖြစ်စေတဲ့အပြင် ဆေးလိပ်ငွေ့မှာပါတဲ့ Chemical တွေက အကျိတ်တည်စေပါတယ်။ ရဲယိုသီးဖျော်ရည်ကို တစ်နေ့ကို ၄ အောင်စခန့်နဲ့ နေ့တိုင်းသောက်သုံးမယ်ဆိုရင် Radicals တွေကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးပြီး Chemical တွေကို ၄၅ ရာခိုင်နှုန်းအထိ လျှော့ချပေးကြောင်း တွေ့ရပါတယ်။

၂။ နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
ရဲယိုသီးဟာ သွေးတွင်းအဆီနဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ ရဲယိုသီးမှာပါတဲ့ Antioxidant တွေက သွေးတွင်းကိုလက်စထရောအခြေအနေကို လျှော့ချပေးပြီး ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ C-reactive ပရိုတင်းကို လျှော့ချပေးတဲ့အတွက် တစ်နေ့ကို ရဲယိုသီးဖျော်ရည် ၄ အောင်စခန့်နဲ့တစ်လလောက်ပုံမှန်သောက်မယ်ဆိုရင် သိသာတဲ့အကျိုးရလဒ်ကို မြင်တွေ့ ရတယ်လို့ဆိုပါတယ်။

၃။ ကိုယ်ခံအားကို သန်မာစေခြင်း
ရဲယိုသီးဟာ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အထောက်အကူပြုတယ်ဆိုပြီး ပစိဖိတ်ကျွန်းသားတွေက ယုံကြည်ကြပါတယ်။ ရဲယိုသီးဟာ ဗီတာမင် C ကြွယ်ဝပြီး Beta-Carotene စတဲ့ ကိုယ်ခံအားကောင်းစေတဲ့ အရာတွေပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါတွေမှာ ပင်ပန်းတာကို သက်သာစေပြီး ခံနိုင်ရည်စွမ်းအင်ကို ၂၁ ရာခိုင်နှုန်းအထိ တိုးလာစေပါတယ်။

ထို့အပြင် ရဲယိုသီးကို ရှေးခေတ်တိုင်းရင်းဆေးတွေထဲမှာ အနာသက်သာအောင် ကုသတဲ့နေရာမှာ ထည့်သွင်းအသုံးပြုတဲ့အတွက် အဆစ်အမြစ်နာတာကိုလည်း သက်သာစေပါတယ်။ ရဲယိုသီးက ဦးနှောက်တွင်း သွေးလည်ပတ်မှုကို အထောက်အကူပြုတဲ့အတွက် မှတ်ဉာဏ်ပိုကောင်းလာစေပြီး ရဲယိုသီးမှာပါဝင်တဲ့ အာဟာရတွေက အစာအိမ်လမ်းကြောင်းကို ပိုမိုကောင်းမွန်လာစေကာ ကျန်းမာတဲ့အသားအရေကို ရရှိစေပြီး သွေးတွင်းသကြားအခြေအနေကို လျှော့ချပေးရင်း အနာကျက်တာကို ပိုမို မြန်ဆန်စေပါတယ်။

အရာရာတိုင်းမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းအတူဒွန်တွဲလျက်ရှိနေတာမို့ ရဲယိုသီးရဲ့ ဆိုးကျိုးအချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။
၁။ ပိုတက်ဆီယမ် ပါဝင်မှု များပြားခြင်း
ရဲယိုသီးမှာ ပိုတက်ဆီယမ် ပါဝင်မှု များပြားပြီး ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုပေမယ့် အလွန်အကျွံစားသုံးပါက သွေးထဲမှာ များပြားလာကာ ကျောက်ကပ်က ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ ကျောက်ကပ်ရောဂါဖြစ်နိုင်ပြီး ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ကိုယ်တွင်းပိုင်းသွေးယိုခြင်းတို့ ဖြစ်နိုင်ပါတယ်။

၂။ ဆေးဝါးအချို့နှင့် ဓာတ်မတည့်ခြင်း
ရဲယိုသီးဟာ သွေးခဲခြင်းနဲ့ သွေးဖိအားဆိုင်ရာဆေးတွေနဲ့ဆိုရင် ဓာတ်ပြုမှုတွေ ဖြစ်တတ်တဲ့အတွက် အဆိုပါရောဂါဝေဒနာရှင်များစားသုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်မှုယူပြီးမှ စားသုံးဖို့ အကြံပြုပါတယ်။

ဒါ့အပြင်ကို ရဲယိုသီးကို အလွန်အကျွံစားသုံးမိပါက နှလုံးခုန်နှုန်းပုံမှန်မဟုတ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ အားနည်းလာခြင်းတို့အပြင် အသည်းကိုပါ ထိခိုက်နိုင်ပါတယ်။ ရဲယိုသီးက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် တိကျသေချာတဲ့ စစ်ဆေးမှုတွေ မရှိသေးတဲ့အတွက် ရဲယိုသီးနဲ့ပတ်သက်တဲ့ ထုတ်ကုန်နှင့် အလှကုန်ပစ္စည်းအချို့ထုတ်လုပ်တဲ့ ဟာဝိုင်ရီက လုပ်ငန်းတစ်ခုကို ၂၀၁၈ ခုနှစ်က ခွင့်ပြုချက်မရှိတဲ့ ထုတ်ကုန်တွေကို ရောင်းချခြင်းဆိုပြီး အမေရိကန် FDA ကသတိပေးစာထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်မျိုးလည်း ရှိခဲ့ပါတယ်။ ရဲယိုသီးကို ကျောက်ကပ်ရောဂါသည်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ မစားပဲ ရှောင်သင့်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေအတွက်လည်း ရဲယိုသီးက ဆေးလိပ်သောက်လို့ရသမျှဆိုးကျိုးတွေအကုန်ကို လျှော့ချပေးနိုင်တာ မဟုတ်တဲ့အတွက် ဆေးလိပ်သောက်တာကို မလျှော့ဘဲ ရဲယိုသီးချည်းပဲ မှီဝဲတာမျိုး မလုပ်သင့်ပါဖူး။ ရဲယိုသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ထပ်မံလေ့လာစစ်ဆေးမှုတွေတော့ လိုအပ်ပါသေးတယ်လို့ အချို့သောသုတေသနပညာရှင်များကလည်း သတိပေးထားပါတယ်။

MI Radio ရဲ့ ပရိသတ်ကြီးများအားလုံး နဲ့ ဒီစာလေးကို အဆုံးထိဖတ်ရှုပေးသူများတစ်ယောက်ချင်စီကို ကျေးဇူးတင်ပါတယ်နော်။ သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင်တို့ရဲ့ချစ်ခင်သူများအတွက်ပါ ဒီစာလေးကို Share လုပ်ပေးသွားပါဦး။ နောက်တစ်ပတ်မှာ ပြန်တွေ့ကြမယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.