YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Travel July 8, 2023

🧗 မိုးရာသီတွင်း တောင်တက်သင့်သလား။

🏞️ တောင်တက်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် မိုးရာသီက တောင်တက်ဖို့ အချိန်ကောင်း တစ်ခုဆိုတာကို လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိုးရာသီမှာ လေထုကလတ်ဆတ်ပြီး ရေတွေကလည်း အေးမြကာ တောင်ပေါ်က မိုးရာသီအလှအပကို လေ့လာနိုင်တဲ့အတွက် မေ့မရနိုင်တဲ့တောင်တက်ခရီးစဥ် ကောင်းတစ်ခု ရရှိနိုင်မှာ မလွဲဧကန်ပါပဲ။ သို့သော် မိုးရာသီအတွင်း တောင်တက်ခြင်းဟာအချိန်ကောင်း လို့ဆိုပေမဲ့လည်း စိုစွတ်သောရာသီဥတုဖြစ်တာမို့လို့ ဆိုးကျိုးတစ်ချို့လည်းရှိနေပါတယ်။ ဒီနေ့ MI Radio ရဲ့ “Health Tips” အစီအစဥ်မှာတော့ တောင်တက်ခြင်းက ကျွန်ပ်တို့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုသလဲ ဆိုတာ နဲ့ မိုးရာသီတွင်းမှာ တောင်တက်ရာမှာဆိုးကျိုးတွေကဘာတွေလဲ နဲ့ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို ဝေမျှပေးသွားပါမယ်။ 💁

တောင်တက်တာက ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကြည့်ရင်း ကျွန်ပ်တို့ကို စိတ်အပန်းပြေစေရုံသာမက ကျန်းမာရေးကိုလည်း များစွာအကျိုးပြုပါတယ်။ အချို့ကတော့ နာရီအနည်းငယ်ကြာသာတက်ရတဲ့ တောင်ကိုရွေးချယ်ကြပေမယ့် အချို့ကတော့ ရက်လချီကြာ တက်ရတဲ့တောင်တက်ခရီးစဉ်ကို ရွေးချယ်ကြပါတယ်။ တောင်တက်နည်း အမျိုးမျိုးရှိပြီး ဒီနေ့မှာတော့ မိုးရာသီတွင်း တောင်တက်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ မိုးရာသီမှာ တောင်တက်ရတာက ဆန်းသစ်ပြီး သဘောကျစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပါတယ်။ မိုးရာသီမှာ သစ်ပင်ပန်းမန်တွေက စိမ်းလန်းစိုပြေ နေပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကျွန်ပ်တို့ကို ပိုပြီးနီးစပ်စေတယ်လို့ ခံစားရပါတယ်။ ရာသီဥတုကလည်း မိုးရွာနေပြီး လေထုကလတ်ဆတ်နေသလို တောင်တက်လမ်းမှာလည်း လူသိပ်မများတဲ့အတွက် တောင်တက်ရတဲ့ ခံစားချက်ကို အပြည့်အဝ ခံစားလို့ရစေတာမို့ အချို့သော တောင်တက်တဲ့သူတွေက မိုးရာသီမှာတောင်တက်ရတာကို အလွန်ကြိုက်ကြပါတယ်။

မိုးရာသီအချိန် တောင်တက်တဲ့အခါ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြချင်ပါတယ်။ တောင်မတက်ခင် အရင်ဆုံးစိတ်ချရတဲ့ တောင်တက်လမ်းတစ်ခုကို ရွေးချယ်ထားရပါမယ်။ ရေစိုခံတဲ့အဝတ်တွေနဲ့ ဖိနပ်တွေကို ပြင်ဆင်သင့်ပြီး အဝတ်အပိုယူသွားသင့်ပါတယ်။ လမ်းမပျောက်အောင် လက်နှိပ်ဓာတ်မီး၊ ရေစိုခံ သံလိုက်အိမ်မြှောင်နဲ့ မြေပုံအပြင် တောင်တက်တဲ့အခါ အသုံးပြုမယ့် သောက်ရေနဲ့ စားရလွယ်မယ့် အစားအစာ အချို့ကို ရေစိုခံကျောပိုးအိတ်ထဲ ထည့်ထားရပါမယ်။ တောင်တက်ရင်းမတော်တဆ ထိခိုက်ဒဏ်ရာရရင်လည်း ကိုယ့်ဘာသာကုသနိုင်အောင် ပတ်တီး၊ လိမ်းဆေး၊ သောက်ဆေး၊ အရက်ပြန်၊ လက်အိတ်နဲ့ Mask တို့ပါတဲ့ အရေးပေါ်ဆေးအိတ်ကို ပြင်ဆင်ထားရပါမယ်။ တောင်မတက်ခင်မှာလည်း ရာသီဥတုအခြေအနေကို သေချာ သိအောင် လေ့လာထားသင့်ပြီး တောင်တက်တဲ့အခါ ချော်လဲတာမျိုး မဖြစ်အောင် တောင်တက်တဲ့တုတ်ကို ယူသွားရပါမယ်။ တောင်တက်တုန်း အသုံးပြုမယ့် ကိရိယာတွေကို ရွေးချယ်တဲ့အခါမှာလည်း မိုးတွင်းမှာ လမ်းချောတာတွေ ရှိတတ်တဲ့အတွက် ရာသီဥတုနဲ့ကိုက်ညီတဲ့ကိရိယာတွေကိုဝယ်ပြီး ဒီပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဒါ့အပြင် တောင်တက်တဲ့အခါ ပတ်ဝန်းကျင်ကို အမြဲနိုးနိုးကြားကြားရှိဖို့ မမေ့နဲ့နော်။ တောင်တက်တဲ့အခါ လိုအပ်တဲ့ စနစ်တကျမီးမွှေးနည်း၊ Tent ထိုးခြင်း၊ ရေသန့်စင်ခြင်းတို့ကို သင်ယူထားသင့်ပါတယ်။

တောင်တက်ရင် ရှောင်ရမယ့်အချက်တွေကတော့ ရေစုပ်လွယ်တဲ့ အင်္ကျီတွေကို ဝတ်ပြီး ဘာပြင်ဆင်မှုမှမရှိဘဲတောင်တက်ခြင်းနဲ့ စိတ်မချရမယ့်ရာသီဥတုအခြေအနေမှာ တောင်တက်ခြင်းတို့ ဖြစ်ပါတယ်။ တောင်ပေါ်မှာ အချို့မြေတွေ အပင်တွေ သတ္တဝါတွေက အန္တရာယ်ရှိတဲ့အတွက် တောင်တက်တဲ့ အခါမှာလည်း စိတ်ချရတဲ့လမ်းကမသွားဘဲ တစ်ခြားလမ်းတွေက လျှောက်သွားတာမျိုး မလုပ်သင့်ပါဖူး။ တောင်ပေါ်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့တွေ့ရင် သူတို့ကိုနှောင့်ယှက်ပြီး တွေ့ကရာအစားအစာတွေကို ကျွေးခြင်း၊ အပင်တွေကို မလိုအပ်ဘဲ ဖျက်ဆီးခြင်း၊ အမှိုက်ကို မဆင်မခြင်စွန့်ပစ်ခြင်း၊ မီးပုံအကြီးကြီးဖိုခြင်းနဲ့ တစ်ခြားလည်ပတ်သူတွေကို အနှောင့်အယှက်ဖြစ်စေခြင်းတို့ကို ရှောင်ကြဥ်ရပါမယ်။ တောင်ပေါ်မှာနေတဲ့ သတ္တဝါလေးတွေရဲ့ ဂေဟစနစ် မပျက်စီးအောင် တောင်ပေါ်က ပစ္စည်းတွေကို မဆင်မခြင်မယူသင့်ပါ။ မိုးရာသီမှာ တောင်တက်တာက ထူးခြားတဲ့အတွေ့အကြုံတစ်ခုကို ပေးနိုင်ပေမယ့် သေချာပြင်ဆင်ခြင်းမရှိ ကျွမ်းကျင်တဲ့သူအကူအညီမပါဘဲ တက်ရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

တောင်တက်တာခြင်းက ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေကတော့

(၁) ကိုယ်အလေးချိန်ကျခြင်း
တောင်တက်ခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့အတွက် ကိုယ်အလေးချိန်လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လေကောင်းလေသန့်ရတဲ့အတွက် ကျန်းမာရေးကောင်းစေပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးခြင်း
တောင်တက်ခြင်းက သင့်ကိုယ်ထဲက အောက်ဆီဂျင်အသုံးပြုမှုကို တိုးတက်စေပြီး သွေးလည်ပတ်မှုကို ကောင်းစေကာ နှလုံးကို ပိုကျန်းမာစေတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

(၃) Anxiety နဲ့ Depression ဖြစ်တာကို လျှော့ချပေးခြင်း
ကျွန်ပ်တို့ ခန္ဓာကိုယ်က အရောင်တွေအပေါ်မူတည်ပြီး စိတ်အခြေအနေပြောင်းလဲတတ်ပါတယ်။ သဘာဝပတ်ဝန်းကျင်က အစိမ်းရောင်နဲ့ ကြည်လင်တဲ့ အပြာရောင်ကောင်းကင်၊ ပွင့်လန်းနေတဲ့ပန်းတွေ၊ တိရစ္ဆာန်လေးတွေရဲ့ အသံတွေက ကျွန်တော်တို့ရဲ့ စိတ်ကို တည်ငြိမ်စေပါတယ်။ ဒါ့အပြင်ကျွန်ပ်တို့ လှုပ်ရှားတဲ့အခါ ကျွန်ပ်တို့ရဲ့ခန္ဓာကိုယ်က “ပျော်ရွှင်စေတဲ့ဟော်မုန်း” ဖြစ်တဲ့ အန်ဒိုဖင်း ထုတ်လွှတ်ပြီး ထိုဟော်မုန်းက နာကျင်မှုကို သက်သာစေပြီး စိတ်သက်သာစေတဲ့အတွက် Anxiety နဲ့ Depression ဖြစ်တာကို လျှော့ချပေးပါတယ်။

ထို့အပြင် တောင်တက်ခြင်းကြောင့် သွေးပေါင်ချိန်တက်ခြင်းနဲ့ ဆီးချိုရောဂါကို သက်သာစေခြင်း၊ လေဖြတ်ခြင်းမှ ကာကွယ်ခြင်း၊ ကောင်းကောင်းအိပ်ပျော်စေခြင်း၊ အရိုးနဲ့ကြွက်သားများကို သန်မာစေခြင်း၊ အဆစ်အမြစ်ကိုက်ခဲတာကို သက်သာစေခြင်းနဲ့ ကျွန်တော်တို့ရဲ့ ကိုယ်နေဟန်ထားညီအောင် အထောက်အကူ ပြုခြင်းတို့ ရရှိပါတယ်။ အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း တောင်တက်ခြင်းရဲ့ ဆိုးကျိုးအချို့ကို ပြောပြချင်ပါတယ်။

(၁) ခေါင်းကိုက်ခြင်း
တောင်ပေါ်မှာ လေကောင်းလေသန့်ရတယ်ဆိုပေမယ့် အချို့တောင်တွေမှာတော့ လေထုကပါးပြီး အောက်ဆီဂျင်ပါဝင်နှုန်းနည်းတာကို တွေ့ရပါတယ်။ အဲ့အချိန်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်က မတောင့်နိုင်တော့ဘဲ အပြင်းအထန်ခေါင်းကိုက်ရာကနေ အော့အန်တဲ့အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

(၂) နှလုံးဖောက်ခြင်း
တောင်တက်တဲ့အခါ ကြိုတင်ပြင်ဆင်ရတာတွေ ရှိပြီး တစ်ချို့တောင်တွေဆိုရင် တောင်မတက်ခင် လေ့ကျင့်ရေးဆင်းပြီးမှ တက်ရတာတွေ ရှိပါတယ်။ မကျွမ်းကျင် မပြင်ဆင်ဘဲ တောင်တက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က မလိုက်နိုင်တဲ့အတွက် ကြွက်သားများနာကျင်ပြီး ပင်ပန်းနွမ်းနယ်ရာကနေ မောဟိုက်ပြီး နှလုံးဖောက်သည်အထိ ဖြစ်နိုင်ပါတယ်။

(၃) တောင်ပေါ်ရှိ တောရိုင်းသတ္တဝါများ တိုက်ခိုက်ခံရခြင်း
တောင်ပေါ်မှာရှိတဲ့ သတ္တဝါလေးတွေ အကုန်ကတော့ အန္တရာယ်ကင်းပြီး ဖော်ရွေမှာ မဟုတ်ပါဖူး။ အခန့်မသင့်ရင် အချို့သောတိရစ္ဆာန်တွေ တိုက်ခိုက်တာ ခံရတဲ့အပြင် မြွေ၊ ပင့်ကူ၊ အဆိပ်ရှိအပင်များကြောင့် လည်း အဆိပ်သင့်ထိခိုက်နိုင်ပါတယ်။

မိုးရာသီအချိန်တောင်တက်တဲ့အခါ ငလျင်၊ မုန်တိုင်း၊ မိုးကြိုးစတဲ့ သဘာဝဘေးတစ်ခုခုကြုံရတာဖြစ်စေ၊ လမ်းပျောက်ပြီး တောင်ထဲ ပိတ်မိနေရင်ဖြစ်စေ ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသည်အထိ ဆိုးကျိုးများ ရရှိနိုင်ပါတယ်။ ထို့ပြင် တောင်တက်ပစ္စည်းတွေကလည်း အလွန်ဈေးကြီးတဲ့အတွက် တောင်တက်ခြင်းဟာ ငွေကုန်ကြေးကျများတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုလို့ ပြောလို့ရပါတယ်။ တောင်တက်တာက တစ်ဦးတည်းလည်း အေးဆေးတက်လို့ရသလို မိသားစုခရီးအနေနဲ့ တက်လို့ရတယ် ဆိုပေမယ့် ကလေးတွေပါမယ်ဆိုရင် သက်သောင့်သက်သာ တက်ရတဲ့တောင်ကိုသာ ရွေးချယ်တက်ကြဖို့ အကြံပြုပါတယ်။ တောင်တက်ဖို့စီစဥ်ထားတဲ့သူတွေအနေနဲ့လည်း ကိုယ်တက်မယ့်တောင်နဲ့အညီ ပြင်ဆင်မှုတွေလုပ်ဖို့လိုအပ်ပြီး တောင်ပေါ်မှာလည်း ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်ဆီးအောင် ဘယ်လိုဂရုစိုက်မလဲ စသည်ဖြင့် ကြိုတင်စဉ်းစားပြင်ဆင်ထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာလည်း တောင်တက်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် မြို့တွင်းမြို့ပြင် Training များရှိတဲ့အပြင် ဘားအံ၊ သီပေါ၊ မင်းတပ်၊ ပူတာအို၊ ကလောနှင့် ချင်းတောင်တန်းများတွင် တောင်တက်ရင်း အတွေ့အကြုံကောင်းတွေကို ရရှိနိုင်ပါတယ်။ မိုးရာသီမှာ တောင်တက်တာက ကောင်းကျိုး ဆိုးကျိုးတွေ ရှိပြီး ဘေးကင်းဖို့ သတိပြုပြင်ဆင်ရတာတွေ ရှိပေမယ့် သဘာဝတရားရဲ့ အလှကို ထူးခြားတဲ့အခြေအနေမှ ခံစားနိုင်တဲ့ အတွေ့အကြုံကောင်းတစ်ခုကို ရရှိစေပါတယ်။

ပရိသတ်ကြီးထဲမှာ တောင်တက်ဝါသနာပါသူများနဲ့ လက်ရှိတောင်တက်နေတဲ့သူတွေများရှိမယ်ဆိုရင် ဘယ်အချိန်က တောင်တက်ရာမှာအကောင်းဆုံးဖြစ်မယ်။ တောင်တက်တဲ့အချိန်မှာ ဘယ်လိုတွေဂရုစိုက်သင့် သလဲဆိုတာတွေကိုလည်း ကွန်မန့်မှာ ဝေမျှပေးသွားပါဦးနော်။ နောက်အပတ်မှာ ပြန်ဆုံကြမယ်နော်။ 🥰

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.