YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health July 3, 2023

Brain Tumor ဆိုတာဘာလဲ ?

ဦးနှောက်မှာ အကျိတ်တည်တယ်၊ ဦးနှောက်မှာ အလုံးတည်တယ်ဆိုပြီး ခဏခဏကြားဖူးကြမှာပါ။ ဒါပေမယ့် ဦးနှောက်အကျိတ်ဆိုတာ ဘာလဲ ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ကုသမလဲဆိုတာတော့ သိတဲ့သူနည်းမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့မှာတော့ MI Radio ရဲ့ Health Tips အစီအစဥ်က Brain Tumor (ဦးနှောက်အကျိတ်) အကြောင်းဗဟုသုတရ‌အောင် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

Brain Tumor (ဦးနှောက်အကျိတ်) ဖြစ်ရတဲ့အကြောင်းက ဦးနှောက်အတွင်းပိုင်း သို့မဟုတ် ဦးနှောက်အနားမှာရှိတဲ့ ဆဲလ်တွေရဲ့ မူမမှန်စွာ ပေါ်ပေါက်ကြီးထွားလာမှုကြောင့် ဖြစ်ပါတယ်။ အဲ့လို ကြီးထွားမှုက နဂိုတည်းက ဦးနှောက်နဲ့တင်ပြည့်နေတဲ့ ဦးခေါင်းခွံကို ပိုပြီးကြီးလာအောင် တွန်းလိုက်သလို ဖြစ်တဲ့အတွက် ဦးနှောက်ကို ထိခိုက်လာစေသလို အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ Brain Tumor က (၂) မျိုးရှိပါတယ်။ အဲ့တာကတော့ Malignant Tumor နဲ့ Benign Tumor တို့ပဲ ဖြစ်ပါတယ်။ Malignant Tumor က ကင်ဆာဖြစ်စေတဲ့ Tumor ဖြစ်ပြီး ကြီးထွားပျံ့နှံ့တာ မြန်ပါတယ်။ Malignant Tumor က ဦးနှောက်တင်မက ခန္ဓာကိုယ်ပေါ်က တစ်ခြားသော အစိတ်အပိုင်းတွေကိုပါ ပြန့်သွားပြီး အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အရေပြား ကင်ဆာတို့အထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ Benign Tumor ကတော့ အဖြစ်များ တဲ့ Tumor ဖြစ်ပြီး အန္တရာယ်ရှိပေမယ့် ကင်ဆာရောဂါအထိ မဖြစ်နိုင်ပါ။ ဖြည်းဖြည်းချင်းသာ ကြီးထွားပြီး ဆဲလ်ပျံ့နှံ့တာမျိုးမရှိသည့်အပြင် ဦးနှောက်ကနေ ခွဲစိတ်ဖယ်ရှားရလွယ်ပြီး ဖယ်ပြီးရင်လည်း ထပ်မပေါ်လာ တော့ပါဖူး။

Brain Tumor ရဲ့ အရွယ်ကတော့ အမျိုးစုံရှိပြီး အကျိတ်ရှိတဲ့နေရာပေါ်မူတည်ပြီး လက္ခဏာပြချိန်တွေနဲ့ ရောဂါရှာဖွေတွေ့ရှိချိန်ကတော့ ကွာခြားပါတယ်။ Brain Tumor ရဲ့ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ အဆက်မပြတ် အိပ်ချင် ခေါင်းမူး အော့အန်ပြီး နေမကောင်းဖြစ်ခြင်း၊ အမြင်အာရုံဝါးခြင်း၊ ခြေလက်တွေထုံကျင်လာခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ မှတ်ဉာဏ်ပျက်ဆီးလာခြင်း၊ စာရေးရတာ စာဖတ်ရတာနဲ့ စကားပြောရတာ ခက်ခဲလာခြင်း၊ အစားစားရတာ ခက်ခဲလာခြင်း၊ အကြားအာရုံထိခိုက်လာခြင်း၊ အနံ့ အရသာ ခံနိုင်စွမ်းနဲ့ အကျင့်စရိုက်တို့ ပြောင်းလဲလာခြင်း၊ ဇဝေဇဝါ ဖြစ်လာခြင်း၊ ကြွက်သားများအားနည်းလာခြင်းနဲ့ အထူးသဖြင့် လူကြီးများတွင် လေဖြတ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

Brain Tumor ဖြစ်နိုင်ချေ သို့မဟုတ် အကြောင်းရင်းကို အခုထိသေသေချာချာ ရှာမတွေ့သေးပေမယ့် DNA အရ မိဘမှာ Brain Tumor ဖြစ်ရင် သားသမီးထံမှာလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ Brain Tumor ကအသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကလေးများထက် လူကြီးများတွင် ပိုပြီးအဖြစ်များပါတယ်။ Chemical တွေ၊ ကင်ဆာဓာတ်ရောင်ခြည်နှင့် အဏုမြူရောင်ခြည်တို့နဲ့ ထိတွေ့ပါများတဲ့သူတွေဆိုလည်း DNA ပြောင်းလဲမှု တွေဖြစ်ပြီး ကင်ဆာနဲ့ Tumors တွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးဘဝမှာ ရေကျောက်ပေါက်ဖူးတဲ့သူတွေက ရေကျောက်မပေါက်ဖူးတဲ့သူတွေထက် Brain Tumor ဖြစ်နိုင်ချေ ၂၆ ရာခိုင်နှုန်းလျော့နည်းပါတယ်။ Brain Tumor ကိုယ့်မှာ ဖြစ်မဖြစ်ဆိုတာကို ဆရာဝန်က ဆေးမှတ်တမ်းကိုလေ့လာပြီး အာရုံကြောကြွက်သားတွေလှုပ်ရှားပုံကို စစ်ဆေးပြီးနောက် Head CT Scan, Brain MRI, PET Scan of Brain တို့ပါ စစ်ကြည့်ရပြီး Brain Tumor ရှိတယ်ဆိုရင် အဲ့တာကို ကုသဖို့ အကျိတ်က တစ်ရှူးနမူနာကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖို့ ပေးရပါတယ်။ အဲ့တာကြောင့် ကိုယ့်ကိုယ်ကို တစ်ခုခုအဆင်မပြေဖူးလို့ ခံစားရရင် ဆရာဝန်ထံသွားပြီး ဆေးစစ်ကုသမှု ခံယူပါ။
Brain Tumor မဖြစ်အောင်ကာကွယ်တဲ့ နည်းလမ်းမရှိပေမယ့် Tumor အမျိုးအစား၊ အရွယ်အစား၊ တည်နေရာနဲ့ လူနာရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ အမျိုးမျိုးရှိပါတယ်။ Brain Tumor အကျိတ်ကို ခွဲစိတ်ရင်းဖယ်ထုတ်နိုင်ပေမယ့် ခွဲလို့မရတဲ့အခြေအနေဆိုရင် Radiation Therapy, Radiosurgery နဲ့ Chemotherapy တို့လုပ်ပြီး ဖယ်ရှားနိုင်ပါတယ်။ ဒီလိုကုသတဲ့နည်းလမ်းတွေအကြောင်းကို ဆက်လက်ရှင်းပြပေးသွားပါမယ်။

ခွဲစိတ်ကုသခြင်း
============
ခွဲစိတ်တဲ့နည်းလမ်းက အများကြီးရှိပြီး ဦးခေါင်းခွံကို ခွဲပြီးအကျိတ်ကို ဖယ်ရှားနိုင်သလို ပါးလွှာတဲ့ ပိုက်အရှည်ကိုသုံးပြီးလည်း ခွဲစိတ်နိုင်ပါတယ်။ ခွဲစိတ်ကုသတဲ့ နည်းလမ်းက ဦးနှောက်အကျိတ်တစ်ခုလုံးကို ဖယ်ရှားနိုင်သလို အကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းကိုလည်း ဖယ်ရှားနိုင်တဲ့အတွက် ရောဂါဝေဒနာခံစားရတာကို သက်သာစေပါတယ်။ ဒါပေမယ့် ခွဲစိတ်တဲ့နည်းလမ်းက အလွန်ရှုပ်ထွေးပြီး အန္တရာယ်ရှိပါတယ်။ အဲ့တာတွေကတော့ ပိုးဝင်ခြင်း၊ သွေးယိုခြင်း၊ သွေးခဲခြင်း၊ ဦးနှောက်တစ်ရှူးအချို့ ပျက်ဆီးခြင်းတို့အပြင် အကျိတ်ရှိတဲ့နေရာပေါ်မူတည်ပြီး မျက်စိကွယ်ခြင်းနဲ့ နားမကြားခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။

Radiation Therapy
===============
Radiation Therapy နဲ့ကုသတဲ့နည်းလမ်းကတော့ X-rays သို့မဟုတ် တစ်ခြားသော Protons တွေက စွမ်းအားပြင်းအလင်းတန်းတွေကို ဦးနှောက်အကျိတ်ရှိတဲ့နေရာကို ပို့ပြီးကုသတာဖြစ်ကာ Brain Tumor နဲ့ Brain Cancer တို့ကို ကုသရာတွင်သုံးလေ့ရှိပါတယ်။ Proton အလင်းတန်းနဲ့ ကုသတာက နာကျင်တာကို သက်သာစေပြီး အနီးအနားက ကျန်းမာတဲ့ ဦးနှောက်တစ်ရှူးတွေကိုပါ မထိခိုက်စေတဲ့အတွက် ကလေးတွေကို ကုသတဲ့နေရာမှာ သုံးလေ့ရှိပါတယ်။ Radiation Therapy က ဘယ်လို Brain Tumor အမျိုးအစားကို ကုသတာနဲ့ Therapy ဘယ်နှကြိမ်လုပ်ခဲ့တယ်ဆိုတာအပေါ် မူတည်ပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဆံပင်ကျွတ်ခြင်းတို့အပြင် မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ပြဿနာတွေပါ ဖြစ်နိုင်ပါတယ်။

Radiosurgery
===========
Radiosurgery ကတော့ ပြင်းထန်တဲ့ ဓာတ်ရောင်ခြည်ကုသမှုတစ်ခုဖြစ်ကာ ဦးနှောက်အကျိတ်ရဲ့ ထောင့်မျိုးစုံကို ဓာတ်ရောင်ခြည်ပို့ပြီး ကုသတဲ့နည်းဖြစ်ပါတယ်။ Brain Tumor အပြင် Brain Cancer ကုသတဲ့နေရာတွင်ပါ သုံးနိုင်ပြီး Radiosurgery က Brain Tumor ကို တစ်ခါတည်း သို့မဟုတ် အကြိမ်အချို့သာ ကုသဖို့လိုပြီး ကုသမှုခံယူပြီးတာနဲ့ ဆေးရုံတက်စရာလည်း မလိုပါဖူး။ ဒါပေမယ့် ကုသမှုခံယူပြီးရင်တော့ အသားအရေ မွဲခြောက် ယားယံလာပြီး အထိမခံဖြစ်လာခြင်း၊ အသားအရေပေါ်တွင် အရေကြည်ဖုများ ပေါ်လာခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ တစ်ခါတစ်လေဆိုရင် ဆံပင်တွေအားလုံးဆုံးရှုံးကာ ဘယ်တော့မှ ပြန်မပေါက်တော့တဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

Chemotherapy
=============
Chemotherapy ဆိုတာ ဦးနှောက်အကျိတ်က ဆဲလ်တွေကို ဖယ်ရှားဖို့အတွက် ပြင်းထန်တဲ့ဆေးတွေ သောက်သုံးရတာ သို့မဟုတ် သွေးကြောထဲဆေးသွင်းရတာတို့ ဖြစ်ပါတယ်။ တစ်ခါတစ်လေဆိုရင် Chemotheray ရဲ့ဆေးကို ခွဲစိတ်ကုသတဲ့အခါမှာလည်း သုံးလေ့ရှိပါတယ်။ Chemotherapy ဆေးသောက်သုံးတဲ့ အကြိမ်အရေအတွက်ပေါ် မူတည်ပြီး အော့အန်ခြင်း၊ မူးဝေခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အကျိတ်ကို ဖယ်ရှားပြီးရင်တော့ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့အတူ ကြွက်သားတွေ ပြန်လည်လှုပ်ရှားနိုင်အောင်နဲ့ အရင်လို နေ့စဥ်ပုံမှန်လှုပ်ရှားမှုတွေလုပ်နိုင်အောင် ပြန်လည်ထူထောင်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ပတ်မှာ ပြန်ဆုံးကြပါမယ်နော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.