YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health July 3, 2023

ယောဂကျင့်စဉ်နဲ့ သင့်အသားအရေကိုထိန်းသိမ်းကြမယ်

ဒီနေ့ခေတ်မှာ အသားအရေကောင်းမွန်စေရန်အတွက် အသားအရေထိန်းသိမ်းနည်း၊ အသားအရေ ထိန်းသိမ်းတဲ့အလှအပဆိုင်ရာပစ္စည်းများစွာ ရှိနေပါသော်လည်း အချို့သောသူတွေအတွက်က ဒီလို နည်းလမ်းများ ကိုလုပ်ဆောင်ရတာကို အလုပ်ရှုပ်တယ်လို့ ခံစားရသူတွေလည်း ရှိကောင်းရှိနေမှာပါ။ ဒီနေ့မှာတော့ ဒီလိုအသားအရေထိန်းသိမ်းရမှာကို အလုပ်ရှုပ်တယ်လို့ခံစားရနေသူများအတွက် MI Radio ရဲ့ Health Tips အစီအစဥ်မှာ ယောဂကျင့်စဉ်နဲ့ သင့်အသားအရေကို သဘာဝဆန်ဆန် အသားအရေလှပအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဝေမျှပေးသွားပါမယ်။
ယောဂဆိုတာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအပြင် စိတ်ဝိညာဉ်အတွက်ပါ အကျိုးရှိတဲ့လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ယောဂကျင့်စဉ်ဟာ လွန်ခဲ့တဲနှစ်ထောင်ပေါင်းများစွာထဲက ရှိခဲ့တာဖြစ်ပြီး ရှေးခေတ်အိန္ဒိယမှ ဆင်းသက်လာတာဖြစ်ပါတယ်။ ထိုအချိန်ကနေ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြရာကနေ အခုအချိန်မှာတော့ ယောဂကျင့်စဉ်ဆိုတာက ကမ္ဘာအနှံ့ရေပန်းစားနေတဲ့ လေ့ကျင့်ခန်း သို့မဟုတ် ကျင့်စဉ်တစ်ခု ဖြစ်သွားပါတယ်။ ယောဂကို ဘယ်သူမဆို လိုက်လုပ်နိုင်ပြီး ကုန်ကျစရိတ်မများတဲ့အပြင် ယောဂကျင့်တဲ့ သူတွေအတွက်ကလည်း ကိုယ်စိတ်နှလုံးကျန်းမာစေရုံတင်သာမက စိတ်တည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းမှုကို ရရှိစေပါတယ်။ ဒါအပြင် ယောဂကျင့်စဉ်ဟာ အသားအရေကို ကျန်းမာလှပအောင် ကျင့်ယူလို့ရပါသေးတယ်။
ယောဂကျင့်တာက အသားအရေရောင်ရမ်းတာကို သက်သာစေပြီး နှလုံးကျန်းမာရေးနဲ့ အစာအိမ် ကျန်းမာရေးကို အထောက်အကူပြုစေရုံသာမက အသားအရေကျန်းမာစေတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ချွေးထွက်ခြင်း နှင့် ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေနဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အတွက် ကျန်းမာတဲ့အသားအရေကို ရရှိစေပါတယ်။ ယောဂကျင့်နည်းတိုင်းက အသားအရေကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် ဒီနေ့မှာတော့ လူတိုင်းလိုက်လုပ်ဖို့ လွယ်ကူပြီး အသားအရေကျန်းမာလှပစေတဲ့ ယောဂပိုစ့် (၃) ခုကို ဝေမျှချင်ပါတယ်။

(၁) Seated Forward Bend (Paschimottanasana)
ဒီနည်းလမ်းက ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို ဆန့်ထုတ်ပေးတဲ့အပြင် စိတ်ရော ကိုယ်ပါ တည်ငြိမ်စေပါတယ်။ ဒီယောဂပိုစ့်ကို လုပ်မယ်ဆိုရင် အရင်ဆုံး ခြေထောက်နှစ်ချောင်းကို ရှေ့ကို ဆန့်ထုတ်လိုက်ပါ။ ခြေဖဝါးတွေနဲ့ ခြေဖိနောင့်ကို အကြောဆန့်ထားပြီး အသက်ရှုသွင်းပြီး လက်နှစ်ဖက် မြှောက်ကာ မတ်မတ်ထိုင်လိုက်ပါ။ အသက်ရှူထုတ်ပြီး ပေါင်ကနေ ရှေ့ကို ငုတ်တဲ့အခါမှာလည်း ခါးကိုဆန့်ထားပြီး လက်နှစ်ဖက်ကိုလည်း ကိုယ်တတ်နိုင်သလောက် ရှေ့ကို ဆန့်ထုတ်ထားပါ။ ခြေဖျားတွေကို လက်ကထိနိုင်တယ်ဆိုရင် လက်တွေကို ခြေဖဝါးအပြင်မှာ သက်သောင့်သက်သာ ထားလိုက်ပါ။ ခြေဖဝါးကိုလည်း ခြေချောင်းတွေနဲ့ ဒူးခေါင်းကို ဆန့်ရင်း ကွေးညွတ်နိုင်ပါတယ်။ ထိုအနေအထားနဲ့ အသက်ရှုသွင်းတိုင်းမှာ ရင်ဘတ်ကို မြှင့်ပြီး အနည်းငယ်ဆန့်လိုက်ပြီး အသက်ရှူထုတ်တဲ့အချိန်မှာတော့ အရှေ့ကိုနည်းနည်းလောက် ပိုတိုးလိုက်ပါ။ တကယ်လို့ သင့်ရဲ့လက်တွေက ခြေဖဝါးကို ကျော်နေတယ်ဆိုရင် အသက်ရှူထုတ်တဲ့အချိန်မှာ တံတောင်ဆစ်တွေကို ဘေးတစ်ဖက်စီမှာ ကွေးထားလိုက်ပါ။ ဒီလိုအနေအထားအတိုင်း အကြိမ်ရေအနည်းငယ်ခန့် လုပ်လိုက်ပါ။
ဒီယောဂပိုစ့်ရဲ့ ကောင်းကျိုးတွေကတော့ ကျောရိုးကိုဆန့်ထုတ်လိုက်တဲ့အတွက် အာရုံကြော သွေးလည်ပတ်မှုကို ကောင်းစေပြီး ခါးနာတာနဲ့ ကြွက်သားတွေတောင့်တင်းနေတာကို သက်သာစေပါတယ်။ ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် ညဘက်အိပ်မပျော်တာကို သက်သာစေပြီး စိတ်ကြည်လင်စေကာ သန့်စင်တဲ့သွေးလည်ပတ်မှုဖြစ်အောင် အထောက်အကူပြုပေးတဲ့အတွက် အသားအရေကို တင်းရင်းစေကာ အမဲစက်နဲ့ မျက်နှာအရေးအကြောင်းတွေကို သက်သာစေပါတယ်။ အစာချေစနစ်ကိုလည်း အထောက်အကူပြုတဲ့အတွက် ဝမ်းမှန်စေပြီး ဝက်ခြံပေါက်တာကို ကာကွယ်ပေးတာ ကျန်းမာပြီးဂလိုးတဲ့ အသားအရေကို ရရှိစေပါတယ်။ ဒါ့အပြင် တင်ပါးဆုံရိုးက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အမျိုးသမီးများဓမ္မတာလာချိန်၊ သွေးဆုံးချိန်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် မီးဖွားပြီးခါစ အမျိုးသမီးတွေ သက်သာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

(၂) Shavasana (Corpse pose)
ဒီနည်းလမ်းကတော့ အလွန်လွယ်ကူပြီး ပူအိုက်တဲ့ရာသီဥတုနဲ့ ကိုက်ညီတဲ့ ယောဂပိုစ့်တစ်ခု ဖြစ်ပါတယ်။ ဒီယောဂပိုစ့်ကိုလုပ်မယ်ဆိုရင်တော့ အရင်ဆုံးခန္ဓာကိုယ်ကို သက်သောင့်သက်သာ လှဲလိုက်ပါ၊ ခြေထောက်တွေကို ခွာထားပြီး ရှေ့ကို ဆန့်ထားပါ။ လက်တစ်ဖက်စီကိုလည်း ကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ဆန့်ထားပါ။ မျက်လုံးမှိတ်ထားပြီး အသက်ရှူသွင်း ရှူထုတ်တာကို လုပ်နေရင်း ခန္ဓာကိုယ်ကြွက်သားတွေကို ဖြေလျှော့ထားပါ။ အချို့တွေက နွေရာသီဆိုရင် မျက်နှာ အဆီပြန်ပြီး အဖုထွက်တတ်ကြတဲ့အတွက် ဒီယောဂပိုစ့်ကတော့ အသားအရေကို အေးမြစေပြီး တောက်ပစေပါတယ်။ အသားအရေအတွက်အပြင် ကြွက်သားတွေကိုပါ သက်သောင့်သက်သာ ဖြစ်စေပြီး အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေတဲ့အပြင် စိတ်ကိုလည်းတည်ငြိမ် အေးချမ်းစေပါတယ်။ ဒါပေမယ့် ဒီယောဂပိုစ့်ကို ကျင့်နေတဲ့အချိန်မှာ စိတ်ရှင်းဖို့ လိုအပ်ပြီး အာရုံများနေပါက ခေါင်းကိုက်တာတွေဖြစ်နိုင်ပါတယ်။

(၃)Face Yoga (Eye Circle)
မျက်နှာအစိတ်အပိုင်းတွေကို ပိုမိုလှပစေပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာကိုရရှိစေတယ်ဆိုပြီး နာမည်ကြီးတဲ့ Face Yoga ထဲမှာ မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာကို သက်သာစေတဲ့ ယောဂပိုစ့်အကြောင်းကို နောက်ဆုံးအနေနဲ့ ပြောပြပေးသွားပါမယ်။ ဒီယောဂပိုစ့်မလုပ်ခင် အရင်ဆုံးလက်ကို ဆေးကြောရပါမယ်။ အဲ့နောက်မှာမှ လက်သူကြွယ်တွေကို မျက်ခုံးနှစ်ခုကြားထားလိုက်ပြီး လက်ချောင်းတွေကို မျက်ခုံးအပြင်ဘက်ကို ဖွဖွလေးနှိပ်ပေးလိုက်ပါ။ နားထင်ကို စက္ကန့်အနည်းငယ်ဖိထားလိုက်ပြီးနောက် ပါးရိုးတွေကတစ်ဆင့် မျက်လုံး အတွင်းထောင့်အထိ နှိပ်သွားပေးပါ။ ဒီအတိုင်း မိနစ်ဝက်လောက်လုပ်မယ်ဆိုရင် သွေးလည်ပတ်မှုကောင်းစေပြီး မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။

ယောဂကျင့်တာက ကိုယ်ခန္ဓာက တောင့်တင်းနေတဲ့ အကြောတွေကို ပြေစေတဲ့အတွက် အိုမင်းရင့်ရော် တာကို သက်သာစေတဲ့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာလာခြင်း၊ ယောင်ယမ်းတာကို လျှောချပေးခြင်း၊ ခန္ဓာကိုယ်အနေအထား ပိုမိုကောင်းမွန်လာခြင်း၊ နှလုံးသွေးလည်ပတ်မှုကို အထောက်အကူပြုခြင်း၊ အရိုးတွေကို ပိုမိုခိုင်မာစေခြင်း၊ ကောင်းကောင်းအိပ်ပျော်စေပြီး ဦးနှောက်မှတ်ဉာဏ်ကို ပိုကောင်းလာစေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးပြုတဲ့အတွက် စိတ်ဖိစီးတာကို လျှော့ချပေးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာစေကာ စိတ်တည်ငြိမ်အေးချမ်းမှုကို ရရှိစေပါတယ်။ ဒါ့အပြင် ‌ ယောဂကျင့်ခြင်းက အမျိုးသမီးတွေ သွေးဆုံးတဲ့အချိန်မှာ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပြီး ရင်သားကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို လျှော့ချပေးပြီး ရင်သားကင်ဆာဖြစ်နိုင်ချေကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ယောဂကျင့်တာက ကိုယ်စိတ်နှလုံးကို အထောက်အကူတွေ အများကြီးပြုတယ်ဆိုပေမယ့် ယောဂကို စနစ်တကျမကျင့်ဖူးဆိုရင် ဆိုးကျိုးတွေ အများကြီးရနိုင်ပါတယ်။ ယောဂကို သူသတ်မှတ်ထားတဲ့နည်းအတိုင်း မကျင့်ဖူးဆိုရင် လည်ပင်း၊ ကျောဘက်၊ ကြွက်သား၊ ဒူးခေါင်းနဲ့ ပုခုံးတို့နာကျင်ရာကနေ ခေါင်းကိုက်ခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်းတို့အပြင် အရိုးအဆစ်ယောင်ယမ်းခြင်း၊ အရိုးအဆစ်လွဲခြင်းတို့ဖြစ်နိုင်ပါတယ်။ ယောဂကို ကိုယ်ဝန်နုနေတဲ့အချိန်၊ အရိုး ခွဲစိတ်မှုလုပ်ပြီးတဲ့အချိန်တွေမှာ မကျင့်သင့်ဘဲ တကယ်လို့ ယောဂကျင့်ချင်တယ်ဆိုရင်လည်း ကျွမ်းကျင်သူနဲ့တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။
ယောဂစတင်ကျင့်မယ့်သူတွေအနေနဲ့လည်း ကိုယ်ကျင့်မယ့်ကျင့်စဉ်ပေါ်မူတည်ပြီး ကျွမ်းကျင်သူနဲ့ တိုင်ပင်မှုလုပ်ကာ ယောဂကျင့်ဖို့ သက်သောင့်သက်သာရှိတဲ့အဝတ်အစား၊ ရေသန့်ဘူးတစ်ဘူး၊ ယောဂကျင့်ဖျာနဲ့ တဘက်တစ်ထည်တို့ ပြင်ဆင်ထားရန် လိုအပ်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.