YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Food June 23, 2023

🥢Street Food နဲ့ ကျန်းမာရေး

Street Food (လမ်းဘေးစာ) တွေက ကျန်းမာရေးနဲ့မညီညွတ်ဖူး၊ ညစ်ပတ်တယ်၊ ရောဂါရမယ်ဆိုပြီး ပြောနေကြတာ ကြားပေမယ့် အရသာရှိတဲ့အနံ့လေးတွေနဲ့မွှေးကြိုင်နေတဲ့ အစားအစာတွေမြင်ရင် ဘယ်သူကများ မစားချင်ဘဲ နေနိုင်ပါ့မလဲ။ 😬

ဒါကြောင့် စာရေးသူအပါအဝင်အစားတစ်လိုင်းတွေကတော့ အမြဲတမ်းစိတ်မထိန်းနိုင်ပဲ စားမိလိုက်ကြပါတယ်။ ဒီနေ့မှာတော့ MI Radio ရဲ့ Health Tips အစီအစဥ်က Street Food နဲ့ သင့်ကျန်းမာရေး အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 🙋‍♀️

🍜 Street Food တွေအကြောင်းကိုမပြောမီ သူ့ရဲ့သမိုင်းကြောင်းလေးကို ဗဟုသုတအနေနဲ့ အရင်ပြောပြပေးချင် ပါတယ်။

Street Food တွေက အနောက်တိုင်း မှာဆို ရှေးခေတ်ဂရိတွေလက်ထက်တည်းကရှိခဲ့ပြီး ထိုအချိန်က ဆင်းရဲလွန်းလို့ မီးဖိုချောင်တောင်မရှိတဲ့ ဆင်းရဲသားတွေက အများဆုံးဝယ်စားခဲ့ကြတယ်လို့ဆိုပါတယ်။ Pompeii (ပုံပေ) မြို့ကို တူးဖော်တဲ့အခါမှာလည်း လမ်းဘေးဆိုင်အမြောက်အများကို သက်သေအနေနဲ့ တူးဖော်ရရှိခဲ့ ပါတယ်။ အရှေ့တိုင်းမှာဆိုရင်လည်း Street Food က တရုတ်ပြည် Tang (ထန်) မင်းဆက်တည်းကတွင်ကျယ် လာပြီး ဆင်းရဲသားတွေတင်မက လူချမ်းသာ တွေပါ စားသုံးခဲ့ကြပါတယ်။ ကျွန်တော်တို့နေထိုင်တဲ့ အရှေ့တောင် အာရှမှာတော့ Street Food က ၁၉ ရာစု နှောင်းပိုင်းလောက်မှာ တရုတ်ကူလီအလုပ်သမားတွေကတဆင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။

Street Food တွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆက်လက်ဖတ်ရှုကြည့်ပါဦးနော်။ ❣️

Street Food ရဲ့အားသာချက်ကတော့ အလွယ်တကူ ဝယ်ယူနိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့အရှေ့မှာတင် ချက်ပြုတ်ပြတာဖြစ်တဲ့အတွက် ကျွန်တော်တို့ လိုသလို အရသာကို ပြောင်းပြီး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အရာတွေကို ဖယ်ပြီး စားသုံးနိုင်ပါတယ်။

နောက်တစ်ခုကတော့ Street Food ဆိုတာ စီးပွားရေးလုပ်ငန်း အသေးစားဖြစ်တဲ့အတွက် လိုအပ်တဲ့ဟင်းချက်ပစ္စည်းတွေကို အများကြီးမဝယ်ထားဘဲ တစ်နေ့စာတစ်နေ့သာ ဝယ်တဲ့အတွက် အရည်အသွေးကောင်းပြီး လတ်ဆတ်တဲ့အစားအစာတွေကို စားသုံးနိုင်ပါတယ်။ ဒါ့အပြင် Street Food ကအမျိုးအစားစုံလင်ပြီး နိုင်ငံစုံ လူမျိုးစုံရဲ့အစားအသောက်ကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်တဲ့ အပြင် Street Food စားတဲ့အခါ လွတ်လပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေကိုလည်း ရရှိနိုင်ပါတယ်။

🇲🇲 မြန်မာနိုင်ငံမှာရရှိနိုင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထားဝယ်မုန့်ခွက်နဲ့ တရုတ်တန်းက ပဲပေါင်းတို့အကြောင်း နည်းနည်းလောက်ပြောပြပေးပါမယ်။

ထားဝယ်မုန့်ခွက်ဆိုရင် အုန်းနို့သာပါတဲ့ သွားရည်စာတစ်ခုဖြစ်ပြီး သူ့မှာပါတဲ့ အုန်းနို့က ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးပါဝင်သလို ကိုလက်စထရောကို ထိန်းညှိပေးပြီး ယောင်ယမ်းတာကို သက်သာစေကာ ပါးစပ်ထဲက မကောင်းတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ပဲပေါင်းဆိုရင်လည်း အခြားဓာတုပစ္စည်း တစ်ခုမှမပါဘဲ ပဲပိစပ်တစ်ခုတည်းနဲ့ပဲ လုပ်ထားတာဖြစ်ပါတယ်။

ပဲပေါင်းစားရင် ဝမ်းအေးပြီး အပူကျကာ အာသီးယောင်တာကို သက်သာစေတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် ပဲပိစပ်ကလည်း ပရိုတင်း၊ ကယ်လဆီဓာတ်၊ အဆီဓာတ်နဲ့ အမျှင်ဓာတ်တို့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပြီး ကျွန်တော်တို့ အစာအိမ်အူလမ်းကြောင်းကျန်းမာရေးကို အကျိုးပြုပေးတဲ့အပြင် အမျိုးသမီးများအတွက် ရင်သားကင်ဆာ ဖြစ်နိုင်ချေနဲ့ အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။ အသက်အရွယ်ရလာတဲ့ အမျိုးသမီးတွေအတွက်ဆိုရင်လည်း သွေးဆုံးချိန်ခံစားရတဲ့လက္ခဏာတွေကို သက်သာစေပြီး သွေးဆုံးပြီးနောက် ဖြစ်တတ်တဲ့ အရိုးပွရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Street Food ရဲ့ ကောင်းတဲ့အချက်တွေကို ပြောပြပြီးပြီဆိုတော့ မကောင်းတဲ့အချက်အချို့ကို ပြောပြချင် ပါတယ်။ Street Food ရဲ့အရည်အသွေးနဲ့ သန့်ရှင်းမှုပဲဖြစ်ပါတယ်။ Street Food တွေက အရသာရှိပေမယ့် သူတို့မှာပါတဲ့ ပါဝင်ပစ္စည်းတွေရဲ့အရည်အသွေးက အာမခံချက်မရှိတဲ့အပြင် အစားအသောက်တည်ခင်းဖို့အတွက် ဆေးကြောပြင်ဆင်ရာနဲ့ စားကြွင်းစားကျန်စွန့်ပစ်ရာမှာလည်း သန့်ရှင်းသပ်ရပ်မှုက စိတ်မချရပါဖူး။ အချို့ဆိုင်တွေ ဆိုရင် စရိတ်သက်သာဖို့ ကျန်းမာရေးဌာနက တားမြစ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို သုံးတဲ့အတွက် အစာအဆိပ်သင့်တာ နဲ့ ကင်ဆာရောဂါဖြစ်နိုင်ပြီး ကျွန်တော်တို့ စားသုံးတဲ့ပန်းကန်တွေကို ဆေးကြောတဲ့အခါ မှာလည်း အပေါ်ယံသာ ဆေးကြောတဲ့အတွက် ကိုဗစ်ရောဂါအပါအဝင် တံတွေးကတဆင့်ကူးစက်တတ်တဲ့ ရောဂါ တွေဖြစ်တဲ့ အအေးမိခြင်း၊ ငှက်ဖျားရောဂါနဲ့ အီဘိုလာရောဂါ၊ အသည်းရောင်ရောဂါ B တို့ကို ကူးစက်နိုင်ပါတယ်။

လမ်းဘေးဆိုင်တွေရဲ့ မဆင်မခြင်အမှိုက်စွန့်ပစ်မှုတို့ကလည်း သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့အပြင် ယင်ကောင်နဲ့တစ်ခြားသော ကျန်းမာရေးကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး ကျွန်တော်တို့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ Street Food က စားပါများရင်စွဲတတ်ပြီး အာဟာရမပြည့်ဝတာ ဖြစ်နိုင်ပါတယ်။ မသန့်ရှင်းတာ သို့မဟုတ် ကျန်းမာရေးနဲ့မညီညွတ်တဲ့ Street Food စားမိရင်တော့ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရင်တုန်ခြင်းတို့အပြင် သွေးပေါင်ချိန်မမှန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ မှတ်ဉာဏ်ပျက်စီးတာတို့ ဖြစ်နိုင်ပါတယ်။

Street Food က နောက်ပိုင်းမှာ နာမည်ကြီးကျော်ကြားလာတာနဲ့အမျှ လူတွေကလည်း Street Food ကကျန်းမာရေးကို ထိခိုက်နိုင်လားဆိုပြီး သတိပြုလာကြပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း ကျွန်တော်တို့ ကျန်းမာရေးအတွက် Street Food တွေကို ချက်ပြုတ်ရာမှာ သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေ ထည့်မသုံးဖို့ စည်းမျဥ်းစည်းကမ်းတွေချမှတ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အစားအသောက်နဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့အတွက် အချို့ဆိုင်တွေကို အစားအစာကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချလာကြ ပါပြီ။ တကယ်တော့ Street Food ဆိုတာ ကျွန်တော်တို့တွေ အစားအစာအမျိုးအစားအစုံအလင်ကို အလွယ်တကူ ဝယ်စားနိုင်တဲ့နေရာဖြစ်ပါတယ်။ သူ့မှာ ကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေရှိသလို ကျန်းမာရေးကို ထိခိုက်စေတဲ့အစားအစာတွေလည်း ရှိပါတယ်။ Street Food တွေ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ဖို့က အာဟာရဓာတ်တွေနဲ့ ပြည့်ဝရမယ့်အပြင် ရောင်းချသူရဲ့ သန့်ရှင်းသပ်ရပ်မှုကလည်း အရေးကြီးပါတယ်။

ဒါကြောင့် Street Food တွေက အရသာရှိပေမယ့် ရေရှည်အများကြီးစားရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အသက်ကိုဉာဏ်စောင့် ဆိုတဲ့စကားအရ ချင့်ချိန်စားသုံးရမှာဖြစ်ပါတယ်။ Street Food စားသုံးရာမှာလည်း သန့်ရှင်းရေးကို ဦးစားပေးတဲ့ ပါဝင်ပစ္စည်းများကိုဂရုတစိုက်ရှိတဲ့ဆိုင်များကိုသာ အရသာရှိရှိ ရွေးချယ်စားသုံး ကြဖို့အတွက်လည်း အကြံပေးလိုပါတယ်။

အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးများကို ကျေးဇူးတင်ပါတယ်နော်။ နောက်တစ်ပတ်မှာ ပြန်ဆုံကြမယ်။ 🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.