YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health June 23, 2023

သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုချက်ကျွေးကြမလဲ။

အခုခေတ်မှာ အရသာရှိတဲ့မုန့်မျိုးစုံထွက်နေတဲ့အတွက် သားသားမီးမီးတို့ အကြိုက်တွေ့နေကြမှာပဲနော်။ ဒါပေမယ့် အဲ့ဒီမုန့်တွေကိုပဲ စားနေမယ်ဆိုရင် ရောဂါရပြီးနေမကောင်းဖြစ်နိုင်တာကို သိကြရဲ့လား။ အဲ့လိုဆိုရင် သားသားမီးမီးတို့အနေနဲ့ အသက်ကြီးလာရင် အခုလို မုန့်တွေကို မစားနိုင်ဘဲ ဆေးတွေအများကြီး သောက်နေရမယ်နော်။ ဒါကြောင့် ဒီနေ့ MI Radio ရဲ့ “Health Tips” အစီအစဥ်က သားသားမီးမီးတို့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားချင်စဖွယ်ဖြစ်အောင် ချက်ကျွေးနည်းကို ‌ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအသောက်တွေ အများကြီးရှိတယ်ဆိုပေမယ့် သူတို့ကိုဒီအတိုင်းစားလို့မရဘဲ အာဟာရမျှတအောင်စားဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံဟားဗတ်တက္ကသိုလ်က ကလေးတွေ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားရမလဲဆိုတာကို အခုလိုလမ်းညွှန်ရေးသားထားပါတယ်။ အာဟာရပြည့်ဝဖို့ စားရမှာတွေကတော့ ဟင်းသီးဟင်းရွက်အမျိုးအမျိုး၊ အသီးအနှံအမျိုးမျိုး၊ ပဲ ကြက် စတဲ့ပရိုတင်းဓာတ်၊ ဂျုံ စပါးစတဲ့အစေ့အဆန် ကို ပြောင်းဖူးဆီ နေကြာဆီစတဲ့ ကျန်းမာတဲ့ဆီသုံးပြီး ချက်သင့်ကာ ရေနှင့် နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးသင့်ပြီး ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း လုပ်ပေးဖို့ လိုအပ်ပါတယ်လို့ ရေးထားပါတယ်။ သူက ကလေးတွေအတွက် အစားအသောက်ပြင်ပေးမယ်ဆိုရင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကတစ်ဝက်ပါဖို့လိုပြီး အစေ့အဆန်နဲ့ ပရိုတင်းဓာတ်က တစ်ဝက်ပါဖို့ လိုတယ်လို့ပြောထားပါတယ်။

ဟင်းသီးဟင်းရွက်နဲ့အသီးအနှံကို စားတဲ့အခါမှာလည်း တစ်မျိုးတည်းကိုပဲ ရွေးမစားဘဲ အာဟာရဓာတ်ကြွယ်ဝအောင် အမျိုးစုံ စားသင့်ပါတယ်။ အာလူးနဲ့ အာလူးကြော်ကတော့ သွေးတွင်းသကြားအခြေအနေအတွက် မကောင်းတဲ့ရလဒ်ကို ဖြစ်စေတာကြောင့် သတိထားစားသုံးကြနော်။ ပရိုတင်းဓာတ်အတွက် စားသုံးတဲ့အခါမှာလည်း အဆီများတဲ့ အမဲသား၊ ဝက်သားနဲ့ သိုးသားတို့ကို အလွန်အကျွံမစားသင့်ဘဲ ဝက်ပေါင်ခြောက်၊ ကြက်အူချောင်းနဲ့ ပြုပြင်ဖန်တီးထားတဲ့အသားတွေကို ရှောင်ကျဥ်သင့်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းကို စားသုံးမယ်ဆိုရင်လည်း နို့၊ Cheese တို့အစား ဒိန်ချဥ်ကို ရွေးချယ်သင့်ပြီး တတ်နိုင်သလောက် သကြားကိုလျှော့စားပေးပါ။ ဆီဆိုရင်လည်း အပင်ကနေရတဲ့ဆီဖြစ်တဲ့ မြေပဲဆီ၊ သံလွင်ဆီတို့ကို သုံးပေးပြီး ထောပတ်ဆီကိုတော့ ရံဖန်ရံခါမှသာ သုံးပေးပါ။

အခုလို ကျန်းမာရေးနဲ့ ညီညွတ်အောင် ကျွေးရာမှာလဲ ကလေးများစားချင်စဖွယ်ဖြစ်အောင် ချက်ကျွေးနည်းအချို့ကို ဝေမျှပေးချင်ပါတယ်။

(၁) Frozen Yoghurt Pop

ရေခဲမုန့်အစားထိုးအနေနဲ့ အသီးအနှံတွေ ဒိန်ချဥ်တွေကို သုံးပြီး Frozen Yoghurt Pop ဆိုတဲ့အချိုပွဲကို လုပ်လို့ရပါတယ်။ ပါဝင်ပစ္စည်းက ဒိန်ချဥ်တစ်ခွက်၊ ငှက်ပျောသီးတစ်လုံး၊ ရေခဲထားတဲ့စတော်ဘယ်ရီ ဘလူးဘယ်ရီတစ်ခွက်နဲ့ ပျားရည်ခွက်ရဲ့ ရှစ်ပုံတစ်ပုံတို့ဖြစ်ပါတယ်။ အရင်ဆုံး အဲ့ပစ္စည်းတွေကို ဖျော်စက်ထဲအကုန်ရောထည့်လိုက်ပြီး ကျိတ်ရပါတယ်။ ရတဲ့အရည်ကို စက္ကူခွက်ထဲထည့်ပြီး အပေါ်က အလူမီနီယမ်အပြားအုပ်ပြီး အလည်မှာတုတ်တစ်ချောင်း စိုက်ထားပြီး ရေခဲသေတ္တာထဲ ၄ နာရီ ၅ နာရီလောက်ခဲအောင် ထားပေးရုံပဲဖြစ်ပါတယ်။

ဒီအချိုပွဲမှာ ကိုယ်ရွေးချယ်တဲ့ အသီးအနှံကရတဲ့ ဗီတာမင်ဓာတ်တွေအပြင် ဒိန်ချဥ်က အစာအိမ်လမ်းကြောင်းအတွက် အထောက်အကူပြုတဲ့ probiotics နဲ့ အရိုးများကိုသန်မာစေတဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်တဲ့အတွက် ကျန်းမာရေးကို အထောက်အကူ ပြုပေးပါတယ်။

(၂) Oatmeal-Chocolate Chip Cookies

ကွတ်ကီးစားရတာကို ကြိုက်နှစ်သက်တဲ့ကလေးတွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အုတ်ဂျုံချောကလက်ကွတ်ကီးလုပ်နည်းလေးကို ပြောပြချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ ဂျုံဖြူတစ်ခွက်၊ မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သကြားညို ခွက်သုံးပုံနှစ်ပုံ၊ ဆားမပါတဲ့ထောပတ် လက်ဖက်ရည်ဇွန်းခြောက်ဇွန်း၊ ကြက်ဥတစ်လုံး၊ ဗီနီလာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့တစ်ဝက်၊ အုတ်ဂျုံတစ်ခွက်နဲ့ အရမ်းမချိုတဲ့ ချောကလက် ခွက်တစ်ဝက်တို့ ဖြစ်ပါတယ်။ ကွတ်ကီးလုပ်မယ်ဆိုရင် မီးဖိုကို ၃၅၀ ဒီဂရီအထိရှိအောင် ကြိုတင်အပူပေးထားသင့်ပြီး မုန့်ဖုတ်မယ့်အပြားကိုလည်း ဟင်းချက်ဆီဖြန်းထားပေးပါ။ ပြီးရင် ဂျုံ၊ မုန့်ဖုတ်ပေါင်ဒါ၊ ဆားတို့ကိုပန်းကန်လုံးထဲ ရောမွှေလိုက်ပါ။ သကြားညို၊ ထောပတ်၊ ကြက်ဥနဲ့ ဗီနီလာတို့ကိုလည်း ပန်းကန်လုံးကြီးထဲ ရောမွှေလိုက်ပြီး ရောမွှေထားတဲ့ဂျုံ၊ အုတ်ဂျုံနဲ့ ချောကလက်တို့ကို သေချာရောစပ်သွားအောင် မွှေလိုက်ပါ။ အဲ့နောက် ရောထားတာကို ကွတ်ကီးအရွယ်လုံးပြီး မုန့်ဖုတ်မယ့်အပြားပေါ်တင်လိုက်ပါ။ ပြီးရင် ရွှေညိုရောင်သန်းတဲ့အထိ ၁၂ မိနစ်ကနေ ၁၄ မိနစ်အထိ မုန့်ဖုတ်ပြီးနောက် ၅ မိနစ်လောက်အအေးခံလိုက်ပြီးရင် စားလို့ရပါပြီ။

ကွတ်ကီးမှာပါဝင်တဲ့ အုတ်ဂျုံက အမျှင်ဓာတ်၊ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အမိုင်နိုအက်စစ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေပါဝင်တဲ့အတွက် သွေးပေါင်ချိန်တက်ခြင်း၊ သွေးတွင်းသကြားအခြေအနေ၊ နှလုံးရောဂါဖြစ်နိုင်ချေတွေကို လျော့ချစေပြီး ကိုယ်အလေးချိန်လျော့ကြစေခြင်း၊ ဝမ်းမှန်စေခြင်းနဲ့ ကလေးငယ်အရွယ်တည်းက စားသုံးမယ်ဆိုရင် ပန်းနာရင်ကြပ်ရောဂါကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

(၃) Chicken Corn Egg Drop Soup

ကြက်သားကို ကြက်ဥနဲ့ ပြောင်းဖူးတို့နဲ့အတူ စွပ်ပြုတ်ချက်လုပ်တာက ကျန်းမာရေးအတွက် ညီညွတ်သလို အစာကြေရင်ချောင်ပြီး ကလေးတွေကို သက်သောင့်သက်သာဖြစ်စေမှာပါ။ သူ့ကိုချက်ပြုတ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ခုတ်ထစ်ထားတဲ့ ကြက်ရင်ပုံလေးအောင်စ၊ ရေလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပြောင်းဖူးမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ခရုဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပြောင်ဖူးစေ့ခွက်တစ်ခွက်နဲ့တစ်ဝက်၊ ကြက်ပြုတ်ရည်ငါးခွက်၊ နနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဝက်၊ နှမ်းဆီလက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်၊ ငရုတ်ကောင်းမှုန့်အဖြူလက်တစ်တို့၊ ပြောင်းဖူးမှုန့် ခွက်ရဲ့လေးပုံတစ်ပုံ, ကြက်ဥအကာနှစ်လုံး(ကြက်ဥအနှစ်ပါထည့်နိုင်)၊ လှီးပြီးသား ကြက်သွန်မိတ်တစ်စည်း၊ လှီးပြီးသားနံနံပင်၊ ငရုတ်ကောင်းမှုန့်တို့ ဖြစ်ပါတယ်။ ချက်ပြုတ်နည်းကတော့ ကြက်သားကို ရေ၊ ပြောင်းဖူးမှုန့်၊ ခရုဆီတို့နဲ့သေချာနှပ်ထားလိုက်ပါ။ ပြောင်းဖူးစေ့တစ်ဝက်ကိုသေချာနုတ်နုတ်စင်းပြီးနောက် ကြက်ပြုတ်ရည်၊ ပြောင်းဖူးစေ့အကုန်နဲ့ နနွင်းမှုန့်တို့ကို အိုးထဲထည့်ပြီး နည်းနည်းပွက်ပွက်ဆူအောင် အပူပေးထားပြီးနောက် အပူလျှော့ပြီး အဖုံးအုပ်ကာ အနည်ထိုင်အောင် ၁၀ မိနစ်ခန့်ထားလိုက်ပါ။ အဲ့နောက် နှမ်းဆီ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်အဖြူကိုထည့်လိုက်ပြီး မီးကိုအသာလေးအပူပြန်ပေးကာ ကြက်သားကိုထည့်လိုက်ပြီး ၁ မိနစ်ခန့်မွှေပေးပါ။ အဲ့နောက်မှာ အနည်ထိုင်လို့ကွဲသွားတဲ့ ပြောင်းဖူးကော်မှုန့်နဲ့ ကြက်ပြုတ်ရည်ကိုပြန်ရောမွှေပေးပါ။ ခဏနေ စွပ်ပြုတ်ပျစ်လာရင်လည်း မိနစ်ဝက်လောက် ဆက်မွှေပေးနေပါ။ အဲ့နောက်မှာ စွပ်ပြုတ်ကို တစ်ဖက်တည်းကိုမွှေလိုက်ပြီး ခလောက်ထားတဲ့ ကြက်ဥအကာကိုထည့်လိုက်ပြီး စက်ဝိုင်းပုံမွှေလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်မိတ်တစ်ဝက်ကို ထည့်လိုက်ပြီး ကိုယ်လိုသလိုအရသာကို ညှိပြီးစားသုံးနိုင်ပါတယ်။

Chicken Corn Egg Drop Soup က ကယ်လိုရီပါဝင်မှုနည်းပြီး ကြက်ပြုတ်ရည်က အစာချေစနစ်ကို အကျိုးပြုပေးပြီး ပြောင်းဖူးစားခြင်းကလည်း မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပေးပါတယ်။

ကလေးများအတွက် တစ်ခြားသော အာဟာရရှိတဲ့ဟင်းချက်နည်းတွေကို စိတ်ချရတဲ့နေရာတွေမှာ ထပ်မံရှာဖွေနိုင်ပါတယ်။ သင့်ကလေးအစားအသောက်တွေစားရင်း တစ်ခုခုဖြစ်ရင် ဆရာဝန်ထံသွားပြီး ကလေးရဲ့အခြေအနေကို စစ်ဆေးကုသပေးပါ။ အာဟာရပြည့်ဝအောင်စားရင်ရတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဝေမျှသွားပါမယ်။ အာဟာရပြည့်ဝအောင်စားရင်ရတဲ့ ကောင်းကျိုးတွေကတော့ ကျန်းမာခိုင်မာတဲ့အရိုးနှင့်သွားများရှိခြင်း၊ မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း၊ ကြွက်သားများကို သန်မာစေခြင်း၊ သင့်တင်းသောကိုယ်အလေးချိန်ရှိခြင်း၊ ကိုယ်ခံအားကောင်းခြင်း၊ ဦးနှောက်လုပ်ဆောင်မှုတိုးတက်လာခြင်း၊ အစာချေစနစ်ကို ကောင်းမွန်လာစေတဲ့အပြင် ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာမှာပါ။ အာဟာရပြည့်ဝအောင်မစားဖူးဆိုရင်တော့ စာကောင်းကောင်းမလုပ်နိုင်ဘဲ စိတ်အတက်အကျမြန်ကာ လူကောင်သေးခြင်း၊ အပိန်လွန် အဝလွန်ခြင်းတို့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ၊ အရိုးပွရောဂါနဲ့ သွေးပေါင်ချိန်တက်တာတို့ ဖြစ်နိုင်ပါတယ်။

ကလေးများ ကျန်းကျန်းမာမာကြီးပြင်းလာဖို့ဆိုရင် အစားအသောက်တင်မက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလဲ လုပ်ပေးသင့်ကာ ညဘက်ကောင်းကောင်းအိပ်ပြီး ဖုန်းသုံးတာလျှော့သင့်ပါတယ်။ June လ ၁ ရက်နေ့မှာ တရုတ်ကလေးများနေ့လည်းရှိတဲ့အတွက် သင့်ရဲ့ကလေးကို အမှတ်တရအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ချက်ကျွေးလိုက်ဦးနော်။ သင့်ရဲ့ကလေး ရောဂါကင်းပြီး ကျန်းကျန်းမာမာကြီးပြင်းလာဖို့ ဆုတောင်းပေးပါတယ်။ ဖတ်ရှုပေးတဲ့တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.