YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health June 23, 2023

ရာသီတုပ်ကွေးကို ဘယ်လိုကာကွယ်ကြမလဲ?

 

မိုးရာသီရောက်ပြီဆိုတော့ မိုးရေစက်လေးတွေ၊ ရာသီအလိုက်အသီးအနှံတွေနဲ့အတူ ရာသီတုပ်ကွေးလည်း မြန်မာပြည်ထဲကို ဝင်ရောက်လာပါပြီ။ ရာသီတုပ်ကွေးက အသက်အရွယ်မရွေးဘဲ ကူးစက်နိုင်ပြီး သေသေချာချာ ကုသမှုမခံယူဘဲနေပါက သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် MI Radio ရဲ့ “Health Tips” အစီအစဥ်က ရာသီတုပ်ကွေးအကြောင်းနဲ့ သူ့ကိုဘယ်လိုကာကွယ်ကုသကြမလဲဆိုတာကို ပြောပြသွားပါမယ်။

ရာသီတုပ်ကွေးဆိုတာ influenza ဆိုတဲ့ တစ်ကမ္ဘာလုံးအနှံ့မှာ ပျံ့နှံ့နေတဲ့ ဗိုင်းရက်စ်ပိုးက အသက်ရှုလမ်းကြောင်းကတဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာရာကနေ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ Influenza ဗိုင်းရက်စ်ပိုးဟာ A, B, C, D ဆိုပြီး ၄ မျိုးရှိပေမယ့် ရာသီတုပ်ကွေးဖြစ်စေတာကတော့ A နဲ့ B သာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးက အသက်အရွယ်မျိုးစုံကို ကူးစက်နိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ ၆ လမှ ၅ နှစ်အရွယ်အောက်ကလေးတွေ၊ အသက် ၆၅ နှစ်အထက်အဘိုးအဘွားတွေ၊ နှလုံး ကျောက်ကပ် အသည်း အဆုတ်စတဲ့ ရောဂါအခံရှိတဲ့သူတွေ၊ ဓာတုကုထုံးခံယူရတဲ့သူတွေ၊ အကျိတ်ရှိတဲ့သူတွေနဲ့ HIV ရောဂါသည်တွေမှာ တုပ်ကွေးပိုကူးစက်နိုင်ပြီး ပြင်းထန်နိုင်ပါတယ်။ ရာသီတုပ်ကွေးက ပိုးပျံ့နှံ့လွယ်ပြီး လူထူထပ်တဲ့နေရာတွေဖြစ်တဲ့ ကျောင်း၊ ဈေး စတဲ့နေရာတွေမှာဆိုရင် ရောဂါပိုးက အလျင်အမြန်ပျံ့နှံ့ပါတယ်။ တုပ်ကွေးဖြစ်နေတဲ့သူက နှာချေ ချောင်းဆိုးမယ်ဆိုရင် ရောဂါပိုးတွေက တစ်မီတာပတ်လည်ကို ပျံ့သွားပါတယ်။ ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့ပြီးလက်မဆေးရင်လဲ တုပ်ကွေးဖြစ်နိုင်ပါတယ်။

တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေကတော့ ဖျားခြင်း၊ နှာစေး ချောင်းဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားနဲ့ အရိုးအဆစ်နာကျင်ခြင်းတို့ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆက်ပြောပြပေးသွားပါမယ်။ အဲ့တာတွေကတော့ နှစ်စဥ်ကာကွယ်ဆေးထိုးခြင်း၊ လက်ဆေးခြင်း၊ ရေများများသောက်ခြင်း၊ သန့်သန့်ရှင်းရှင်းနေခြင်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များစားခြင်း၊ ဗီတာမင် C ပါတဲ့ လိမ္မော်သီး၊ ကီဝီစတဲ့ အသီးများစားခြင်း၊ ကြက်ဥအနှစ် မှို တူနာငါး ဆာမွန်ငါးနဲ့ အမဲသားအသည်းစတဲ့ ဗီတာမင် D ပါတဲ့အစားအစာများစားခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း၊ အရက်မသောက်ခြင်း၊ ဖျားနေသူနဲ့ဝေးဝေးနေခြင်း၊ ဖျားနေတဲ့သူနဲ့ သွားတိုက်ဆေး ရေခွက်စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို တူတူမသုံးခြင်းနဲ့ ရောဂါကူးစက်နိုင်တဲ့ မျက်လုံး နှာခေါင်း ပါးစပ်တို့ကို လက်နဲ့မထိခြင်းတို့ ဖြစ်ပါတယ်။

တုပ်ကွေးရောဂါကူးစက်ခံရပြီဆိုရင်တော့ ချောင်းဆိုး နှာချေတဲ့အခါ ကာကွယ်ပြီး လက်ကို အမြဲဆေးကာ တစ်ကိုယ်တည်းသီးခြားနေပြီး တုပ်ကွေးရောဂါမပျံ့အောင် နေထိုင်သင့်ပါတယ်။ တုပ်ကွေးရောဂါကူးစက်ခံရပါက ပဋိဇီဝဆေးများမသောက်ခြင်း၊ ရေများများသောက်ပြီး အနားယူပြီး အခြေအနေဆိုးလာပါက ဆရာဝန်နဲ့ဆွေးနွေးကုသမှုယူကာ ဆေးထိုးခြင်း ဆေးသောက်ခြင်းတို့ လုပ်နိုင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ တုပ်ကွေးကာကွယ်ဆေးထိုးတာက တုပ်ကွေးရောဂါကို ဖြစ်စေတယ်၊ အကျိုးသက်ရောက်မှုမရှိဖူးနဲ့ ကိုယ်ဝန်ဆောင်သည်တွေ ကာကွယ်ဆေးမထိုးသင့်ဖူးဆိုပြီး ပြောကြတာကိုတွေ့ရပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် ဆေးကို ကျွန်တော်တို့ရဲ့ခုခံအားစနစ်က တုံ့ပြန်တဲ့အတွက်ကြောင့် တုပ်ကွေးရောဂါဖြစ်နေသလို ခံစားရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တုပ်ကွေးရောဂါက အမျိုးအစားများစွာရှိတဲ့အတွက် ကာကွယ်ဆေးထိုးပြီးလဲ တခြားတုပ်ကွေးတွေ ဖြစ်နိုင်ပြီး ကာကွယ်ဆေးထိုးထားတဲ့သူက မထိုးထားတဲ့သူထက် ရောဂါဝေဒနာခံစားရတာ ပိုသက်သာပါတယ်။ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများအတွက်ကတော့ သူတို့ဟာခုခံအားနည်းတဲ့အချိန်ရောက်နေတဲ့အတွက် စိတ်ချရတဲ့အခြေအနေဖြစ်အောင် ကာကွယ်ဆေးထိုးသင့်ပါတယ်။

နိုင်ငံတကာမှာ ရာသီတုပ်ကွေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။ တုပ်ကွေးဗိုင်းရက်စ်ပိုးများကို ဓာတ်ခွဲလေ့လာခြင်း၊ ဗိုင်းရက်စ်ပိုးက ဖြစ်နိုင်ချေရှိတဲ့အန္တရာယ်များကို ဆန်းစစ်ပြီး အရေးကြီးအချက်အလက်များကို ရှာဖွေကာ တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားပါက လိုအပ်တဲ့ဆေးဝါးကိရိယာများ မပြတ်လပ်အောင် ကြိုးစားဆောင်ရွက်ပေးနေပါတယ်။

ဖတ်ရှုပေးတဲ့တစ်ယောက်ချင်းစီကို‌ ကျေးဇူးတင်ပါတယ်။ နောက်လဲအခုလို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို သိနိုင်ဖို့ “Health Tips” အစီအစဥ်ကို စောင့်မျှော်အားပေးကြပါဦးနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.