YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health June 1, 2023

တညင်းသီးစားခြင်း နှင့် သင့်ကျန်းမာရေး

တကယ်တော့ တညင်းသီးဆိုတာက ပဲအမျိုးအစားတစ်မျိုးဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာသာ တွေ့ရတတ်တဲ့ အစားအစာဖြစ်ပါတယ်။ “Jengkol” လို့ခေါ်ဆိုကြတဲ့ တညင်းသီးကိုတော့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့မှာ ပြုတ်ပြီးပဲဖြစ်ဖြစ်၊ ကြော်ပြီးပဲဖြစ်ဖြစ်၊ ချက်ပြီးပဲဖြစ်ဖြစ်၊ ကင်ပြီးပဲဖြစ်စေ၊ အစိမ်းသက်သက်ပဲဖြစ်ဖြစ် စားတတ်ကြပါတယ်။ တညင်းရဲ့အနံ့အသက်က ဆိုးရွားတယ်ပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် အရသာရှိတဲ့စားကောင်းသောက်ဖွယ်အဖြစ် သတ်မှတ်ထားကြပြီး မြန်မာနိုင်ငံမှာတော့ ငပိရည်တို့စရာ၊ တညင်းသီးဆားရည်စိမ်၊ တညင်းသီးငပိချက်နဲ့ တညင်းသီးဝက်သားချက်အနေနဲ့ စားသုံးကြတာကိုတွေ့ရပါတယ်။ ထိုင်းမှာကတော့ တညင်းသီးကိုပြုတ်ပြီး အုန်းသီးနဲ့တွဲဖက်ကာ အချိုပွဲအဖြစ် စားသုံးကြတာဖြစ်ပါတယ်။ တညင်းသီးကို စားစရာတစ်ခုအဖြစ်နဲ့သာမက သဘာဝဆိုးဆေးပြုလုပ်တဲ့နေရာနဲ့ ဆေးဖော်စပ်ရာမှာလည်း အသုံးပြုနိုင်သလို အစေ့ကိုတော့ သဘာဝပိုးသတ်ဆေးတွေထဲမှာ ထည့်သွင်းသုံးပြုကြလေ့ရှိပါတယ်။

လောကကြီးထဲမှာ အရာအားလုံးက အကောင်းနဲ့အဆိုးဒွန်တွဲကြစမြဲဖြစ်တာကြောင့် တညင်းသီးမှာလည်း ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲလျက်ရှိနေပါတယ်။ တညင်းသီးရဲ့ကောင်းကျိုးတွေကတော့

(၁) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
တညင်းသီးက သံဓာတ်ကြွယ်ဝတဲ့အစားအစာဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲက သွေးနီဥလျော့နည်းတာကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ်မှာလိုအပ်တဲ့ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေ လျော့နည်းတာကိုလည်း တားဆီးပေးတဲ့အတွက် သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။

(၂) အရိုးနှင့်သွားများကို ခိုင်မာစေခြင်း
တညင်းသီးမှာ ကယ်လ်ဆီယမ်နဲ့ ဖော့စဖရတ်ကြွယ်ဝစွာပါဝင်ခြင်းကလည်း အရိုးနှင့်သွားများကို ခိုင်မာစေပါတယ်။

(၃) ကင်ဆာရောဂါကို ကာကွယ်ပေးခြင်း
တညင်းသီးမှာပါဝင်တဲ့ ဗီတာမင် A၊ B1၊ B2 နဲ့ C တို့ဟာဆိုရင်တော့ ကင်ဆာဖြစ်စေတဲ့ဆဲလ်တွေကို တိုက်ဖျက်ပေးတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။

(၄) နှလုံးကျန်းမာရေးကို ထိန်းညှိပေးခြင်း
တညင်းသီးရဲ့ ကောင်းကျိုးတွေထဲကနောက်ထပ်တစ်ခုကတော့ နှလုံးသွေးကြောကျဥ်းတာကို ကာကွယ်ပေးကာ သွေးလည်ပတ်မှုကိုကောင်းစေပြီး နှလုံးကျန်းမာရေးကို ထိန်းညှိပေးနိုင်တာပါပဲ။

(၅) ခန္ဓာကိုယ်ရဲ့ အဓိကကိုယ်တွင်းအင်္ဂါတွေကို ကျန်းမာစေခြင်း
တညင်းသီးမှာ ဖောလစ်အက်ဆစ်တွေလည်း ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ အဓိကအစိတ်အပိုင်းတွေကို ကျန်းမာစွာနဲ့လည်ပတ်လုပ်ဆောင်စေပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားမိရင်တော့ ကျောက်ကပ်ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးဆိုတာကို သတိပြုထားသင့်ပါတယ်။

(၆) ဗိုက်ချပ်စေခြင်း
တညင်းသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ခြင်းကလည်း ဝမ်းမှန်စေတာကြောင့် ဗိုက်ကိုချပ်ရပ်စေပါတယ်။ ဒါ့အပြင် တညင်းသီးရဲ့ အစေ့ကို ဝမ်းကိုက်ရောဂါနဲ့ ဆီးချိုရောဂါကုသတဲ့နေရာတွေမှာ သုံးလေ့ရှိပြီး အရွက်ကိုတော့ ဖြတ်ရှမိတဲ့ဒဏ်ရာ၊ အရေပြားယားယံတာ၊ သွားကိုက်တာနဲ့ ရင်ဘတ်နာကျင်တာတွေကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။

တညင်းသီးရဲ့ ဆိုးကျိုးတွေကတော့ ခံတွင်းနံ့ဆိုးစေခြင်းနှင့် အလွန်အကျွံစားသုံးမိပါက ကျောက်ကပ်၊ နှလုံး၊ အသည်းနှင့် ပန်ကရိယတို့အတွက် ဒဏ်ဖြစ်စေခြင်းတို့အပြင် ဆီးတွင်းသွေးပါနိုင်ခြင်းတို့ဖြစ်ပြီး အခြေအနေဆိုးပါက ခွဲစိတ်ကုသမှုခံယူရတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တညင်းသီးကို နာတာရှည်ကျောက်ကပ်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ မစားသုံးကြဖို့၊ တကယ်လို့များ တညင်းသီးကို မဖြစ်မနေစားချင်တယ်ဆိုပါကလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုခံယူပြီးမှ စားသုံးဖို့ အကြံပြုလိုပါတယ်။

အခုလို ကျန်းမာရေးအတွက် ဗဟုသုတရဖွယ်တွေကို ဝေမျှပေးတဲ့ MI Radio ရဲ့ “Health Tips” အစီအစဥ်ကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးတင်ကြောင်းပြောရင်း သာယာလှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.