YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health June 1, 2023

ခေတ်စားလာသည့် LASIK လေဆာမျက်လုံးခွဲစိတ်မှုကုထုံး 

ကျွန်တော်တို့ တစ်စုံတစ်ခုကိုကြည့်တဲ့အခါမှာ ထိုအရာကလာတဲ့အလင်းတန်းက မျက်ကြည်လွှာနဲ့ မှန်ဘီလူးခုံးကိုဖြတ်သွားပြီး အမြင်အာရုံလွှာကိုကျရောက်ကာ ထိုအမြင်အာရုံလွှာကတစ်ဆင့် ဦးနှောက်ကို အချက်ပြလှိုင်းတွေပို့ပေးတဲ့အတွက် ပုံရိပ်တွေကိုမြင်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ မျက်ကြည်လွှာနဲ့ မှန်ဘီလူးခုံးမှာ တစ်စုံတစ်ရာလွဲမှားမှုတွေဖြစ်လာပြီဆိုရင်တော့ အမြင်အာရုံပြဿနာတွေကို ကြုံတွေ့လာရနိုင်ပါတယ်။
LASIK Surgery ဆိုတာကတော့ Laser ကိုအသုံးပြုပြီး အလင်းတန်းကို အမြင်အာရုံလွှာအပေါ် သေချာကျရောက်အောင် ပြုပြင်ပေးတဲ့ကုထုံးတစ်ခုဖြစ်ပြီး အဝေးမှုန်၊ အနီးမှုန်နဲ့ ဆလင်ဒါမညီတာတွေကို ကုသပေးနိုင်ပါတယ်။

ဒီလိုမျိုး LASIK Surgery နဲ့ကုသပြီးသွားပြီဆိုရင်တော့ အမြင်အာရုံဝေဝါးတာကို လျှော့ချပေးနိုင်ရာကနေ မျက်မှန်လုံးဝမတပ်ဘဲ နေသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လေဆာမျက်လုံးခွဲစိတ်မှုကုထုံး LASIK Surgery လုပ်ဖို့အတွက်ဆိုတာက လိုအပ်ချက်တချို့ရှိတာကို တွေ့ရပါတယ်။

အဲဒါကတော့ ကုသမှုခံယူမဲ့သူဟာ အသက် ၁၈ နှစ်ပြည့်ဖို့လိုအပ်ပြီး မျက်လုံးအခြေအနေကလည်း ကျန်းမာရမှာဖြစ်သလို မျက်ကြည်လွှာကလည်း ခွဲစိတ်လို့ရတဲ့အခြေအနေအထိ ထူဖို့လိုပါတယ်။ LASIK Surgery နဲ့ကုသမှု ပြုလုပ်လို့မရတဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်သည်တွေ၊ နို့တိုက်မိခင်တွေ၊ ဆီးချိုအလွန်များတဲ့သူတွေ၊ မျက်ကြည်လွှာအလွန်ပါးတဲ့သူတွေ၊ မျက်စိအရမ်းခြောက်တဲ့သူတွေ၊ မျက်လုံးပိုးဝင်တာ (သို့) မျက်လုံးဒဏ်ရာရဖူးတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် Surgery မလုပ်ခင်မှာတော့ ဆရာဝန်နဲ့သေချာဆွေးနွေးပြီး စစ်ဆေးဖို့လိုအပ်ပါတယ်။

ခွဲစိတ်ကုသမှုမပြုလုပ်ခင်မှာ မျက်လုံး၊ မျက်ကြည်လွှာ၊ သူငယ်အိမ်၊ အမြင်အာရုံ၊ သွေးနဲ့ တခြားသော စစ်ဆေးမှုတွေကို ပြုလုပ်ရပါတယ်။ ခွဲစိတ်မှုပြုလုပ်တာက ၁၀ မိနစ်ကနေ ၂၀ မိနစ်အထိသာကြာမြင့်တတ်ပြီး ခွဲစိတ်တဲ့အချိန်မှာ နာကျင်မှုမရှိဘူးဆိုပေမဲ့ အနည်းငယ်စူးအောင့်တဲ့ခံစားချက်မျိုးကိုတော့ရရှိနိုင်တယ်လို့ သိရပါတယ်။ ခွဲစိတ်မှုပြီးတဲ့အခါမှာလည်း တချို့တွေက နာရီပိုင်းမျှ မျက်စိထဲတစ်မျိုးတစ်မည်ဖြစ်သလိုမျိုး ခံစားရတတ်ပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားမှုတွေကို လိုက်နာမယ်ဆိုရင်တော့ ရက်အနည်းငယ်အကြာမှာ ကြည်ကြည်လင်လင်မြင်နိုင်မှာဖြစ်ပါတယ်။

လေဆာမျက်လုံးခွဲစိတ်မှုကုထုံး LASIK Surgery ရဲ့ ကောင်းကျိုးတွေတော့ အောင်မြင်ဖို့အတွက် ရာခိုင်နှုန်းများခြင်း၊ အမာရွတ်မကျန်ခြင်း၊ သက်သာချိန်မြန်ဆန်ခြင်း၊ ဆရာဝန်နဲ့ မကြာခဏဆိုသလို တွေ့ဖို့မလိုအပ်ခြင်းနဲ့ မျက်မှန်လုံး၀တပ်စရာမလိုတော့ခြင်းတို့ပဲဖြစ်ပါတယ်။ ၉၀ ရာခိုင်နှုန်းသော ခွဲစိတ်ကုသမှုလုပ်ပြီးသူတွေကတော့ အဆင်ပြေတတ်ကြပေမဲ့ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းကတော့ ဘေးထွက်ဆိုးကျိုးအချို့ကို ကြုံတွေ့ရနိုင်ပါတယ်။

အဲဒါတွေကတော့ မျက်စိအာရုံကြောဆီကို သွေးစီးဆင်းမှု ရပ်တန့်ခြင်းကြောင့် ရုတ်တရက်အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်ကြည်လွှာပေါက်ခြင်းနဲ့ သွေးမတိတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေဖြစ်ပြီဆိုရင်တော့ ဆရာဝန်နဲ့တွေ့ပြီး အမြန်ဆုံးပြန်လည်ကုသမှုယူဖို့အတွက် လိုအပ်ပါတယ်လို့ အကြံပြုရင်း ဒီတစ်ပတ်ရဲ့ “Health Tips” ကဏ္ဍလေးကို နိဂုံးချုပ်လိုက်ပါတယ်နော်။

နောက်တစ်ပတ်မှာရော ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတအကြောင်းအရာတွေကို မျှဝေပေးသွားဦးမလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.