YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 15, 2023

ဒူးရင်းချစ်သူတိုင်းအတွက် ဒူးရင်းသီးစားသုံးခြင်းရဲ့ကောင်းကျိုးဆိုးကျိုး 

King of Fruits” (သစ်သီးတို့ရဲ့ဘုရင်) အဖြစ် သတ်မှတ်တင်စားခံထားရတဲ့ ဒူးရင်းသီးဆိုတာမျိုးက တချို့သောသူတွေအတွက် ခေါင်းကိုက်ရလောက်အောင် အနံ့ဆိုးရွားတဲ့အသီးတစ်မျိုးဖြစ်တယ်ဆိုပေမဲ့ ကြိုက်နှစ်သက်သူတွေ အတွက်ကတော့ နာမည်ကြားလိုက်တာနဲ့တင် သွားရည်ကျလောက်တဲ့အထိတိုင် စားချင်စရာကောင်းတဲ့ သစ်သီးဖြစ်ပါတယ်။ လက်ရှိအချိန်ဟာဆိုရင် ဒူးရင်းသီးပေါများတဲ့ရာသီဖြစ်တာကြောင့် နှစ်သက်ခုံမင်ကြသူတွေအတွက်ကတော့ ဒူးရင်းသီးကို စိတ်ကြိုက်စားသုံးနိုင်တဲ့ကာလဖြစ်တယ်လို့ဆိုလည်းမမှားပါဘူး။

ဒါပေမဲ့ အစားသောက်ကို အလွန်အကျွံစားသောက်တာဟာ လူတိုင်းအတွက် အန္တရာယ်ရှိတယ်ဆိုတာကိုတော့ မေ့မထားသင့်ပါဘူး။ ဒီတစ်ပတ်ရဲ့ “Health Tips” ကဏ္ဍမှာတော့ ဒူးရင်းသီးချစ်သူတိုင်း သိရှိထားသင့်တဲ့ ဒူးရင်းသီးစားသုံးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေအကြောင်းကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

ပထမဦးစွာ ဒူးရင်းသီးနဲ့ပတ်သက်ပြီးသိရှိထားသင့်တဲ့ ဗဟုသုတအချို့ကိုမျှဝေဖော်ပြပေးရမယ်ဆိုရင်တော့ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ အဓိကပေါက်ရောက်လေ့ရှိပြီး မြန်မာမှာဆိုရင်တော့ မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွေမှာ ပိုမိုစိုက်ပျိုးဖြစ်ထွန်းတာကိုတွေ့ရပါတယ်။

ဒူးရင်းသီးမှာ အသိအမှတ်ပြုထားတဲ့ မျိုးစိတ်အရေအတွက်ကတော့ ၃၀ ပတ်ဝန်းကျင်ရှိပြီး အဲဒီထဲကမှ အနည်းဆုံး (၉) ခုကတော့ စားသုံးလို့ရနိုင်တဲ့မျိုးစိတ်တွေဖြစ်တယ်လို့ဆိုပါတယ်။ ဒူးရင်းပင်ဟာ ကျောက်စရစ်မြေနီကိုပိုမိုကြိုက်နှစ်သက်ဟန်ရှိကာ အသီးမှည့်ပြီ ဆိုရင် အပင်ပေါ်ကနေ သူ့အလိုလိုပြုတ်ကျတတ်တယ်လို့သိရပါတယ်။ ဒါပေမဲ့လည်း အဲဒီလိုပြုတ်ကျတဲ့အခါမှာ အသီးက အထိအခိုက် အပျက်အစီးမရှိဘဲ သူ့မူလပင်ကိုယ်အတိုင်းပင်တည်ရှိပြီး ဒူးရင်းသီးတစ်လုံးရဲ့ ပျှမ်းမျှအလေးချိန်ကတော့ ၃ ကီလိုဂရမ်အထိ ရှိနိုင်ပါတယ်။

ကြိုက်နှစ်သက်သူတွေအနေနဲ့ ဘယ်လောက်စားစား တင်းတိမ်နိုင်ခြင်းမရှိတဲ့ ဒူးရင်းသီးမှာဆိုရင်တော့ ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ သံဓာတ်နဲ့ နီကာဆင်ဓာတ်တို့ပါဝင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါတဲ့တခြားသောအာဟာရဓာတ်တွေလည်း ပါဝင်လျက်ရှိနေပါတယ်။ ဒါကြောင့် ဒူးရင်းသီးဟာ သစ်သီး၀လံတို့ရဲ့သဘောသဘာ၀အတိုင်း ဆေးဖက်ဝင်တဲ့သစ်သီးတစ်မျိုး ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒူးရင်းသီးစားသုံးခြင်းကြောင့်ရရှိလာနိုင်တဲ့ ကောင်းကျိုးတွေကတော့

(၁) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း။
ဒူးရင်းသီးမှာ အမျှင်ဓာတ်တွေကြွယ်၀စွာပါဝင်နေခြင်းက အူမကြီးလှုပ်ရှားမှုနဲ့ အစာခြေစနစ်ကိုကောင်းမွန်စေတာကြောင့် ဝမ်းမှန် စေနိုင်သလို သီရာမင်းပါဝင်ခြင်းကလည်း လူကြီးတွေအတွက် အစာစားချင်စိတ်ကို တိုးပွားစေနိုင်ပါတယ်။ ဒါ့အပြင် လေပွခြင်း၊ ရင်ပူခြင်းနဲ့ လေခံခြင်းတွေမဖြစ်စေဖို့အတွက်ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း။
ဒူးရင်းသီးမှာပါဝင်တဲ့ Organosulfur ဆိုတဲ့ အင်ဇိုင်းကတော့ နှလုံးသွေးကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေမဖြစ်ပွားစေဖို့အတွက် ကာကွယ်ပေးနိုင်ပြီး အမျှင်ဓာတ်ကလည်း သွေးတွင်းရှိ မကောင်းတဲ့ကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်လို့ သိရပါတယ်။

(၃) သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်ခြင်း။
ဒီအချက်ကိုတော့ စာဖတ်သူပရိသတ်တို့အနေနဲ့ ဇဝေဇဝါဖြစ်ကောင်းဖြစ်သွားမယ်လို့ထင်ပါတယ်။ အချိုလွန်ကဲမှုရှိတဲ့ ဒူးရင်းသီးက သွေးတွင်းသကြားဓာတ်ကို တကယ်ပဲထိန်းညှိပေးနိုင်သလားဆိုတာက မေးခွန်းထုတ်ချင်စရာကောင်းပေမဲ့ သုတေသီတွေရဲ့ ရှာဖွေတွေ့ရှိမှုတွေအရကတော့ ဒူးရင်းသီးဟာ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းမွန်စေတာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒူးရင်းသီး စားသုံးခြင်းက သွေးတွင်းသကြားဓာတ်ပမာဏကို အကောင်းဆုံးထိန်းပေးနိုင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကလည်း ဆီးချိုအပါအဝင် တခြားသောနာတာရှည်ရောဂါတွေ မဖြစ်စေဖို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သတိပြုသင့်တာတစ်ခုက ဆီးချိုရောဂါရှိပြီးသားသူတွေအနေနဲ့ကတော့ ဒူးရင်းသီးကို အလွန်အကျွံမစားသုံးသင့်ပါဘူး။

(၄) သွေးတိုးရောဂါကိုကာကွယ်ပေးခြင်း။
ဒူးရင်းသီးစားရင် သွေးတိုးတယ်လို့ဆိုကြပေမဲ့ တကယ်တမ်းမှာတော့ ဒူးရင်းသီးဟာ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်၀စွာပါဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ဟာဆိုရင် သွေးပေါင်ချိန်ကိုထိန်းညှိပေးနိုင်ပြီး သွေးတိုးရောဂါမဖြစ်စေဖို့အတွက် ကာကွယ်ပေးတာကြောင့် သွေးကြောတွေကိုပြေလျော့စေကာ ရုတ်တရက်နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) ကိုယ်ခံအားကောင်းမွန်စေခြင်း။
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုရှိစေဖို့အတွက် အဓိကလိုအပ်တဲ့အချက်တွေထဲမှာ ကိုယ်ခံအားကောင်းမွန်ဖို့ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒူးရင်းသီးမှာဆိုရင် ကိုယ်ခံအားကောင်းမွန်စေတဲ့ ဗီတာမင် C တွေကြွယ်၀စွာပါဝင်ပြီး အဆိုပါဗီတာမင်ဓာတ်တွေဟာ ဇီ၀ကမ္မဖြစ်စဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

(၆) ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း။
ဒူးရင်းသီးစားသုံးခြင်းကြောင့်ရရှိစေနိုင်တဲ့ ကောင်းကျိုးတွေထဲမှာဆိုရင် ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်းကလည်း ပါဝင်နေပါသေးတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပြီး Polyphenols ပါဝင်မှုကတော့ ကင်ဆာဆဲလ်တွေ မကြီးထွားစေရအောင် ဟန့်တားပေးနိုင်သလို ရှိနေတဲ့ကင်ဆာဆဲလ်တွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

(၇) အရိုးအဆစ်တွေကျန်းမာသန်စွမ်းစေခြင်း။
ဒူးရင်းသီးထဲမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လိုမျိုး သတ္တုဓာတ်တွေလည်း ကြွယ်၀စွာပါဝင်လျက်ရှိပြီး အဆိုပါဓာတ်တွေဟာဆိုရင်တော့ အရိုးကျန်းမာရေးအတွက်သာမက အရွတ်နဲ့အကြောတွေကိုလည်း ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။

(၈) သွေးအားနည်းကိုသက်သာစေပြီး ကောင်းမွန်စွာအိပ်ပျော်စေနိုင်ခြင်း။
သွေးအားကောင်းမွန်စေတဲ့ သံဓာတ်နဲ့ ဖောလစ်အက်ဆစ်တို့ကလည်း ဒူးရင်းသီးထဲမှာ ပါဝင်လျက်ရှိနေတာကြောင့် ဒူးရင်းသီးဟာ သွေးအားနည်းရောဂါမဖြစ်စေဖို့အတွက် ကာကွယ်‌ပေးနိုင်တဲ့အစားအစာတစ်မျိုးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒူးရင်းသီးထဲမှာ ပါဝင်နေတဲ့ Trytophan ဟာ ဦးနှောက်ထဲမှ ‘ဆီရိုတိုနင်’ ဟော်မုန်းကိုထွက်ရှိစေတာကြောင့် စိတ်သက်တောင့်သက်သာဖြစ်ခြင်းနဲ့ ပျော်ရွှင်ခြင်းကိုခံစားရစေကာ သွေးကြောထဲကနေထွက်ရှိလာတဲ့ ‘မယ်လ်လာတိုနင်’ ဟော်မုန်းကလည်း ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့အတွက် အထောက်အကူပေးတာကိုတွေ့ရပါတယ်။

မည်သည့်အရာမှာမဆို ကောင်းကျိုးနဲ့ဆိုးကျိုးက ဒွန်တွဲလျက်ရှိနေတာကြောင့် ဒူးရင်းသီးမှာလည်း ဆိုးကျိုးတချို့ရှိလို့နေပါတယ်။ အဲဒါကတော့ …

(၁) ကယ်လိုရီပါဝင်မှုများပြားခြင်း။
ဒူးရင်းသီးမှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆိုးကျိုးတွေကိုဖြစ်ထွန်းစေနိုင်တဲ့ အဆီတွေပါဝင်မှုမရှိပေမဲ့ ကယ်လိုရီတွေကတော့ အလွန်ကြွယ်၀စွာပါဝင်နေပြီး ဒူးရင်းသီးတစ်လုံးမှာဆိုရင် အနည်းဆုံး ၈၈၅ ကီလိုရီမျှပါဝင်တယ်လို့သိရပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားသုံးခြင်းက ကိုယ်အလေးချိန်ကိုလည်း တက်စေနိုင်ပါတယ်။

(၂) အချိုဓာတ်ပါဝင်မှုမြင့်မားခြင်း။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ဒူးရင်းသီးဟာ အချိုဓာတ်လွန်ကဲတဲ့အသီးဖြစ်တာကြောင့် ဆီးချိုရောဂါခံရှိသူတွေအနေနဲ့ ဒူးရင်းသီးကို အလွန်အကျွံမစားသုံးသင့်ပါဘူး။ တကယ်လို့များ လိုသည်ထက်ပိုပြီးစားမိမယ်ဆိုပါက ဆီးချိုတက်ပြီး အမြင်ဝေဝါးခြင်းနဲ့ ပျို့အန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) အပူများခြင်း။
ဒူးရင်းသီးဟာ အပူများတဲ့အစားအစာဖြစ်တာကြောင့် အလွန်အကျွံစားမိမယ်ဆိုရင်တော့ လည်ချောင်းနာခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ပါးစပ်အပူနာပေါက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုဆိုးကျိုးတွေကိုကာကွယ်ဖို့အတွက်ကတော့ ဒူးရင်းသီးကို ဆားရည်၊ အုန်းရည်တို့နဲ့ တွဲဖက်စားသုံးပေးနိုင်သလို မင်းကွတ်သီး၊ နာနတ်သီးတို့ကိုလည်း စားပေးနိုင်ပါတယ်။

ဒူးရင်းသီးနဲ့တွဲဖက်မစားသင့်တဲ့ အစားအစာတွေကတော့ Alcohol၊ Soft Drink၊ နို့၊ ခရမ်းသီး၊ ဂဏန်း၊ အမဲသား၊ သိုးသား၊ လိုင်ချီးသီးနဲ့ ကဖင်းဓာတ်ပါဝင်တဲ့အစားအသောက်တွေဖြစ်ပါတယ်။ ဒူးရင်းသီးက ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါဝင်တယ်ဆိုပေမဲ့ အစာအိမ်ရောဂါ၊ အသည်းရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ တို့လိုမျိုး ရောဂါအခံရှိသူတွေနဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး တော့မှသာ စားသုံးသင့်ပါတယ်။ ဘယ်လောက်ပဲကြိုက်နှစ်သက်တဲ့ အစားအသောက်ဖြစ်စေကာမူ “အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်” ဆိုတဲ့စကားလည်းရှိတာကြောင့် အစားတစ်ခုခု မစားခင်မှာ တွေးတောဆင်ခြင်ကြံဆပြီးတော့မှသာလျှင် စားသုံးဖို့အတွက် အကြံပေးရင်း ဒီတစ်ပတ်ရဲ့ “Health Tips” အစီအစဉ်လေးကို နိဂုံးချုပ်လိုက်ပါတယ်နော်။

ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးတို့အားလုံး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်ကောင်းလေးတွေကို ပိုင်ဆိုင်ကျော်ဖြတ်နိုင်ပါစေ လို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.