YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 6, 2023

သံလွင်ဆီနဲ့ ဟင်းသီးဟင်းရွက်ဆီမှာ ဘာဆီကကျန်းမာရေးနဲ့ပိုပြီးညီညွတ်သလဲ။

နေ့စဉ်အစားအသောက်တွေကို ကြော်၊ လှော်၊ ချက်ပြုတ်တဲ့နေရာမှာ ဆီကိုမပါမဖြစ်ထည့်သွင်းအသုံးပြုကြရတာ‌ကြောင့် ကျွန်ပ်တို့စားသုံးနေကြတဲ့ အစားအစာတွေထဲမှာ အဆီပါဝင်မှုပမာဏအများဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အဆီဓာတ်ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်ပေမဲ့လည်း “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း အချိန်ကြာလာတာနဲ့အမျှ စားသုံးမှုပမာဏ များပြားလာတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေကိုဖြစ်ပေါ်လာစေပါတယ်။

ဆီအမျိုးအစားတွေများစွာထဲမှာမှ ပြည့်၀ဆီနဲ့ မပြည့်၀ဆီလို့ဆိုကာ နှစ်မျိုးနှစ်စားရှိပြီး ပြည့်၀ဆီဆိုတာကတော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့ဆီအမျိုးအစားဖြစ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ ဒါကြောင့် ဆီကိုစားသုံးတဲ့အခါမှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေဖြစ်ထွန်းစေနိုင်တဲ့ မပြည့်၀ဆီတွေကိုသာ ရွေးချယ်စားသုံးကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားကြတာ ဖြစ်ပါတယ်။ မပြည့်၀ဆီတွေထဲမှာတော့ သံလွင်ဆီနဲ့ ဟင်းရွက်ဆီတွေက ကျန်းမာရေးနဲ့ အညီညွတ်ဆုံးသော ဆီတွေဖြစ်ပြီး ပဲပိစပ်ဆီ၊ ပြောင်းဆီ၊ နှမ်းဆီနဲ့ နေကြာဆီစတဲ့ ဆီအမျိုးအစားတွေက ဟင်းရွက်ဆီစာရင်းထဲမှာပါဝင်တာကို တွေ့ရပါတယ်။

ဒီတစ်ပတ် Health Tips အစီအစဉ်လေးမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီတွေအဖြစ် ရွေးချယ်သတ်မှတ်ခံထားရတဲ့ သံလွင်ဆီ နဲ့ ဟင်းရွက်ဆီတို့က ဘယ်လိုမျိုးကွဲပြားခြားနားမှုတွေရှိသလဲ။ ဘယ်ဆီအမျိုးအစားက ကျန်းမာရေးနဲ့ပိုမိုညီညွတ်မှုရှိတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

ပထမဆုံးအနေနဲ့ စားသုံးဆီတွေထဲမှာ အကောင်းဆုံးဆီဖြစ်တယ်လို့သတ်မှတ်ခံထားရတဲ့ သံလွင်ဆီအကြောင်းကို ပြောပြပေးချင်ပါတယ်။ အစားအစာတွေချက်ပြုတ်တဲ့နေရာမှာ အသုံးပြုတာမျိုးထက် အသုပ်တွေပြုလုပ်တဲ့အခါမျိုးမှာ ပိုမိုအသုံးပြုကြလေ့ရှိတဲ့ သံလွင်ဆီကိုတော့ သံလွင်သီးစစ်စစ်ကနေထုတ်လုပ်ထားတာဖြစ်ပြီး ယင်းအဆီထဲမှာဆိုရင် အိုလစ်အက်ဆစ်လို့ခေါ်တဲ့ အဆီဓာတ်က ၇၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေရှိတဲ့ Vitamin – K နဲ့ Vitamin – E တို့ကလည်း တခြားအစားအစာတွေမှာထက် ပိုမိုကြွယ်၀စွာပါဝင်တာကြောင့် သံလွင်ဆီစားသုံးခြင်းက ကိုလက်စထရောများပြားမှုကိုကာကွယ်ပေးပြီး ရောင်ရမ်းမှုတွေနဲ့ ကင်ဆာရောဂါအချို့ဖြစ်ပွားနိုင်ချေကိုလျှော့ချပေးနိုင်ကာ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်နိုင်ချေတို့ကိုလည်း လျော့ပါးစေနိုင်ပါတယ်။ သံလွင်ဆီထဲမှာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ ဘီလာအမိုင်းလွိုက်ဓာတ်ပစ္စည်းတွေကို လျှော့ချပေးတဲ့ အာနိသင်လည်းရှိပြီး ဒီအာနိသင်ဟာဆိုရင်တော့ ဦးနှောက်နဲ့ အာရုံကြောချို့ယွင်းမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ချေကို နည်းပါးနိုင်ပါတယ်။

ဟင်းရွက်ဆီတွေကိုတော့ ပဲ၊ နှမ်း၊ ပြောင်း၊ နေကြာတို့လိုမျိုးအစရှိတဲ့ အပင်တွေကနေထုတ်လုပ်တာဖြစ်ပြီး အဲဒီလိုမျိုး ဆီအဖြစ်ရရှိအောင် ချက်လုပ်တဲ့အခါမှာဆိုရင် အပင်မှာကပ်တွယ်ရှိနေတဲ့ အညစ်အကြေးတွေက တစ်ကြိမ်ချက်လုပ်ပြီးတာနဲ့ ဖယ်ရှားသွားတာဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း ဟင်းရွက်ဆီဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ မပြည့်၀ဆီဖြစ်တယ်ဆိုပေမဲ့ ဆီအဖြစ်ရရှိအောင် ချက်လုပ်တဲ့အဆင့်တွေ များပြားလေလေ ဆီထဲမှာပါဝင်ထားပြီးဖြစ်တဲ့ အာဟာရဓာတ်တွေနဲ့ အရသာကလည်း လျော့ပါးလာလေဖြစ်တာကိုတွေ့ရပါတယ်။ ဒါကြောင့် သံလွင်သီးစစ်စစ်ကနေပြုလုပ်ထားတဲ့ သံလွင်ဆီနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ ဟင်းရွက်ဆီမှာ ပါဝင်တဲ့အာဟာရဓာတ်အမျိုးအစားတွေနဲ့ အရသာပိုင်းက ကွဲပြားခြားနားမှုတွေရှိတယ်လို့ ဆိုနိုင်ပါတယ်။

သံလွင်ဆီနဲ့ ဟင်းရွက်ဆီတွေက မပြည့်၀ဆီတွေဖြစ်ကြတယ်ဆိုပေမဲ့လည်း သံလွင်ဆီမှာတော့ Oleic Acid, Linoleic Acid နဲ့ Palmitic Acid တို့လိုမျိုး Monounsaturated Fats တွေပါဝင်ပြီး အဲဒီလိုမျိုး Monounsaturated Fats ပါဝင်တဲ့ဆီတွေဟာဆိုရင် များသောအားဖြင့် သာမန်အခန်းအပူချိန်မှာ အရည်အဖြစ်ရှိနေတတ်ကြာကာ အအေးခံလိုက်တဲ့အခါမှာတော့ အစိုင်အခဲသဖွယ် ဖြစ်သွားတာကိုတွေ့ရပါတယ်။

ဟင်းရွက်ဆီတွေမှာကတော့ Omega-6 Polyunsaturated Fats တွေက အများဆုံးပါဝင်တာဖြစ်ပြီး ဒီလိုပါဝင်တဲ့အဆီတွေဟာ ရောင်ရမ်းမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် အလွန်အကျွံစားသုံးမိပါက နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ Monounsaturated Fats ကတော့ ရောင်ရမ်းမှုတွေကိုဆန့်ကျင်တားဆီးပေးနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကို အကျိုးကျေးဇူးတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

သံလွင်ဆီနဲ့ ဟင်းရွက်ဆီတို့မှာ ဘယ်ဆီအမျိုးအစားက ကျန်းမာရေးနဲ့ညီညွတ်မှုရှိသလဲဆိုတဲ့မေးခွန်းကို ဖြေဆိုရမယ်ဆိုရင်တော့ အဲဒီဆီနှစ်မျိုးကို ချက်လုပ်ပုံအဆင့်နဲ့ပတ်သက်ပြီး ပြန်လည်တွေးတော‌ကြည့်ရမှာပါ။ သံလွင်သီးကနေ တိုက်ရိုက်ထုတ်လုပ်ထားတဲ့ သံလွင်ဆီမှာဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် နှလုံးကျန်းမာရေးအတွက်များစွာ အကျိုးဖြစ်ထွန်းနိုင်ပြီး ဟင်းရွက်ဆီကတော့ ချက်လုပ်တဲ့လုပ်ငန်းစဉ်မှာကတည်းက Tocopherols, Phytosterols, Polyphenols နဲ့ Coenzyme Q တို့လိုမျိုး အသေးစားအာဟာရဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အကျိုးပြုဒြပ်ပေါင်းတွေကို ဖျက်ဆီးပစ်ခံခဲ့ရတာ ကြောင့် သံလွင်ဆီမှာပါဝင်တဲ့ ကျန်းမာရေးအကျိုးပြုဒြပ်ပေါင်းအာနိသင်တွေက ဟင်းရွက်ဆီမှာပါဝင်တဲ့ ပမာဏတွေထက်ပိုမိုများပြားတယ်လို့ ယျေဘူယျအားဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။

ကျန်းမာရေးအတွက် အကောင်းဆုံးသောစားသုံးဆီတွေအဖြစ်သတ်မှတ်ခံထားရတဲ့ သံလွင်ဆီနဲ့ ဟင်းရွက်ဆီတို့ရဲ့ ကွဲပြားခြားချက်တွေ နဲ့ ဒီဆီနှစ်မျိုးထဲမှာ ဘယ်ဆီကကျန်းမာရေးနဲ့ ပိုမိုညီညွတ်မှုရှိနိုင်သလဲဆိုတာကို သိရှိသွားပြီလို့ယုံကြည်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.