YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 5, 2023

ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့ လက်ဖက်စိမ်းအကြောင်းသိကောင်းစရာ

Green Tea လို့ အလွယ်ခေါ်ဝေါ်ကြတဲ့ လက်ဖက်စိမ်းရည်ဟာဆိုရင် ကျန်းမာရေးအတွက်အကျိူးကျေးဇူးတွေ များစွာဖြစ်ထွန်းစေတဲ့ သောက်သုံးစရာအဖြစ် ပရိသတ်အတော်များများလက်ခံထားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျွန်ပ်တို့ မြန်မာလူမျိုးတွေ အမြဲတမ်းလိုလိုစားသောက်ဖြစ်တဲ့ လက်ဖက်သုတ်မှာပါဝင်တဲ့ လက်ဖက်အစို၊ လက်ဖက်ရည်မှာပါဝင်တဲ့ လက်ဖက်အချိုခြောက်နဲ့ ရေနွေးကြမ်းမှာပါဝင်တဲ့ လက်ဖက်အခါးတွေဟာ Camellia Sinensis လို့ခေါ်တဲ့ Tea Plant (လက်ဖက်ပင်) ကနေရရှိတာပါ။

လက်ဖက်ပင်ဆိုတာက အမြဲစိမ်းအပင်တစ်မျိုးဖြစ်ပြီး ၃ နှစ်အရွယ်ရောက်ပြီဆိုရင်တော့ လက်ဖက်ရွက်တွေကို စတင်ခူးဆွတ်လို့ ရနိုင်ပါပြီ။ လက်ဖက်ပင်ကို စိုက်ပျိုးတဲ့ပုံစံမူတည်ပြီး ၂၅ နှစ်ကနေ နှစ် ၅၀ လောက်အထိခူးဆွတ်လို့ရနိုင်ကာ လက်ဖက်အမျိုးအစားတွေမှာ ဆိုရင်လည်း စိုက်ပျိုးတဲ့ရေမြေဥတုအခြေအနေ၊ လက်ဖက်ရွက်ခူးပုံနည်းစနစ်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်နဲ့ ခူးဆွတ်တဲ့ကာလအချိန်အခါ တို့အပေါ် မူတည်ပြီး ပုံစံအမျိုးမျိုးကွဲပြားတာကိုတွေ့ရပါတယ်။ 🌱

နိုင်ငံတကာမှာ Green Tea လို့လူသိများတဲ့ လက်ဖက်စိမ်းဆိုတာကတော့ ခူးဆွတ်လာတဲ့လက်ဖက်ညွှန့်တွေကို ရေနွေးငွေ့နဲ့ ပေါင်းပြီးနောက် လက်နဲ့ဖြစ်စေ၊ စက်နဲ့ဖြစ်စေ နယ်နှပ်ထားကာ အေးသွားစေဖို့အတွက် လေသလပ်ခံပြီးပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီလိုလေသလပ်ခံပြီးနောက်မှာတော့ နေပူပူထဲမှာ တစ်ရက်တည်းနဲ့ခြောက်သွားအောင်လှန်းပေးရပြီး အဲဒီလိုတစ်ရက်တည်း လှန်းပေး မှသာလျှင် လက်ဖက်ခြောက်ရဲ့အနံ့အရသာကကောင်းမွန်တယ်လို့ သိရပါတယ်။ တချို့တွေကတော့ နေပူထဲမှာလှန်းတဲ့ လက်ဖက်ရွက် အရောင်က အစိမ်းရောင်ကနေ အမဲရောင်ဆီကိုပြောင်းလဲသွားတတ်တာကြောင့် နောက်ပိုင်းမှာ အခြောက်ခံစက် (Dryer) အသုံးပြုပြီး အခြောက်ခံလာကြပါတယ်။ ဒီလိုမျိုးအခြောက်ခံပြီးတဲ့အခါမှာတော့ လက်ဖက်အရောင်က စိမ်းဖန့်ဖန့်ရှိလာတဲ့အတွက် Green Tea (လက်ဖက်စိမ်း) လို့ခေါ်ဆိုကြပြီး အဲဒီလိုရရှိလာတဲ့လက်ဖက်ခြောက်ကို ရေနွေးနဲ့ ရောစပ်ကာ ရေနွေးကြမ်းအနေနဲ့ သောက်သုံးကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ဖက်ဆိုတာက အထက်မှာဖော်ပြခဲ့သလို ပုံစံအမျိုးမျိုးကွဲပြားမှုတွေရှိတာကြောင့် လက်ဖက်ကနေရရှိတဲ့ ရေနွေးကြမ်းဆိုတာကလည်းအရည်အသွေးမျိုးစုံရှိပြီး နိုင်ငံတကာမှာတော့ အစိမ်းရောင်ရှိနေတဲ့ရေနွေးကြမ်းကိုသာလျှင် Green Tea အဖြစ် အသိအမှတ်ပြုသောက်သုံးကြတာကိုတွေ့ရပါတယ်။

Green Tea (လက်ဖက်စိမ်း) ကြောင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေအကြောင်းမဖော်ပြခင်မှာတော့ လက်ဖက်နဲ့ပတ်သက်ပြီး လေ့လာမှတ်သားစရာကောင်းတဲ့ သမိုင်းကြောင်းအချို့ကို ဗဟုသုတအနေနဲ့ထည့်သွင်းဖော်ပြပေးချင်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ဖက်ပင်ကို အစောဆုံးတွေ့ရှိတဲ့သူတွေက တရုတ်လူမျိုးတွေဖြစ်ကြတာကြောင့် ရေနွေးကြမ်းသောက်သုံးခြင်း (တစ်နည်းအားဖြင့် လက်ဖက်စိမ်း သောက်သုံးခြင်း) အလေ့အထကလည်း လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံကနေစတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံ ထန်မင်းဆက်နဲ့ စုန့်မင်းဆက်တို့ခေတ်တွေမှာတော့ ရေနွေးကြမ်းဟာ စိတ်အပန်းပြေသောက်စရာတစ်မျိုးနဲ့ ကျော်ကြားလာခဲ့ပြီး အဲဒီနောက်မှာတော့ ရေနွေးကြမ်းသောက်သုံးတဲ့ဓလေ့က ကိုရီးယား၊ ဂျပန်နဲ့ ဗီယက်နမ်နိုင်ငံတွေဆီကို ကူးစက်ပျံ့နှံ့သွားခဲ့တယ်လို့ သိရပါတယ်။

အရက်နဲ့ လက်ဖက်ရည်ဆိုတာမျိုးက တရုတ်လူမျိုးတွေရဲ့ ရိုးရာဓလေ့ထုံးတမ်းတွေမှာ မပါမဖြစ်တဲ့သောက်စရာနှစ်မျိုးဖြစ်ပြီး အဲဒီနှစ်မျိုးကိုတော့ ရိုးရာအခမ်းအနားတွေ၊ မင်္ဂလာဧည့်ခံပွဲတွေနဲ့ ဘိုးဘေးဘီဘင်ကန်တော့ပွဲတွေမှာ ထည့်သွင်းအသုံးပြုကြလေ့ရှိပါတယ်။ ဒီနှစ်မျိုးထဲကမှ လက်ဖက်ရည်ကိုတော့ အရက်ထက်စောပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ဝန်းကျင်ကတည်းက ရိုးရာပွဲအခမ်းအနားတွေမှာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာဆိုရင် အရက်ကို ဘိုးဘေးကန်တော့ပွဲနဲ့ နတ်ပူဇော်ပွဲတွေမှာပဲအသုံးပြုခဲ့တာဖြစ်ပြီး လက်ဖက်ရည်ကိုတော့ နန်းတွင်းအခမ်းအနားပွဲတွေမှာ ဧည့်ခံတဲ့အခါမှာအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဒဏ္ဍာရီတွေအရတော့ လက်ဖက်ပင်ကို တရုတ်လူမျိုးတို့ရဲ့ဘိုးဘေးဧကရာဇ်ဖြစ်သူ ရှန်းနုန်က တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းဒေသမှာစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရှန်းနုန်ဆိုတာကတော့ တရုတ်လူမျိုးတွေကို ဆေးပညာနဲ့ စိုက်ပျိုးရေးပညာ သင်ကြားပေးခဲ့တဲ့ဖခင်ကြီးဖြစ်ပါတယ်။

ရှန်းနုန်ဟာ ဆေးပညာထွန်းကားစေနိုင်ဖို့အတွက် မြောက်များလှတဲ့အပင်တွေနဲ့ မှိုတွေကိုစမ်းသပ်မြည်းစားခဲ့ပြီး လူသားတွေအတွက် အကျိုးရှိစေနိုင်တဲ့ ဆေးကျမ်းစာကိုရေးသားပေးကာ အဲဒီဆေးကျမ်းထဲမှာဆိုရင် မည်သည့်အပင်က ဆေးဝါးဖြစ်ပြီး မည်သည့်အပင်က အဆိပ်ဖြစ်သည်လို့ဆိုကာ ပညာအမွေအဖြစ်ပေးခဲ့တာကိုတွေ့ရပါတယ်။ အဲဒီလိုမြည်းစမ်းခဲ့တဲ့အပင်တွေထဲမှာဆိုရင် လက်ဖက်ပင်ကလည်း တစ်မျိုးအပါအဝင်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ ပထမဆုံးအကြိမ်လက်ဖက်ရွက်ကို ဝါးစားကြည့်တဲ့အခါမှာ စိတ်ကြည်လင်မှုကိုခံစားရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ဖက်ရွက်ခြောက်ကျသွားတဲ့ ရေနွေးပူပူကိုသောက်ကြည့်လိုက်တဲ့အခါမှာလည်း တစ်မူထူးကဲတဲ့အရသာရှိတာကို မြည်းစမ်း သိရှိခဲ့ပြီး အဲဒီလက်ဖက်ရည်ဟာ လူကိုလန်းဆန်းတက်ကြွအောင်လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အဆိပ်ပင် ၇၂ မျိုးကိုမြည်းစမ်းပြီးလို့ အလွန်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ အဲဒီလက်ဖက်ရွက်ကိုလည်းဝါးစားမိလိုက်ပြီး ဒီလိုစားလိုက်တဲ့အခါမှာတော့ ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေအားလုံးပြယ်ပျောက်သွားသလို ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် တရုတ်တိုင်းရင်းဆေးပညာမှာ လက်ဖက်ရွက်နဲ့ ကန်စွန်းရွက်တွေက အဆိပ်အတောက်တွေကိုပြယ်ပျက်စေနိုင်တဲ့ဂုဏ်သတ္တိ ရှိတယ်လို့ရေးသားဖော်ပြခဲ့ကြပြီး သမိုင်းမတင်မီခေတ်တုန်းကဆိုရင် တရုတ်လူမျိုးတွေဟာ လက်ဖက်ကို လက်ဖက်ရည်အဖြစ် သောက်သုံးခြင်းထက် လက်ဖက်ရွက်အဖြစ်ပိုမိုစားသုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းခေတ်တွေရောက်တဲ့အချိန်မှာတော့ လက်ဖက်ရည်သောက်သုံးတဲ့ဓလေ့က ပိုမိုတွင်ကျယ်လာခဲ့ပြီး ယဉ်ကျေးမှုတစ်ရပ် အနေနဲ့ ရှိလာခဲ့ကာ ကျိုးမင်းဆက်ခေတ်တုန်းကဆိုရင် လက်ဖက်ခြောက်ဆိုတာက တော်ဝင်မိသားစုမျိုးနွယ်တွေအတွက် ဇိမ်ခံပစ္စည်းတစ်မျိုး အ့ဖြစ် ရှိခဲ့တာဖြစ်ပါတယ်။ လက်ဖက်ခြောက်ဟာ တရုတ်နိုင်ငံတောင်ပိုင်းမှာထွက်ရှိတဲ့ အထူးဒေသထွက်ကုန်တစ်မျိုးဖြစ်ပြီး အဲဒီခေတ်ကဆိုရင် တောင်ပိုင်းဒေသမှအရာရှိတွေဟာ ဘုရင်မင်းမြတ်ရဲ့မျက်နှာသာပေးခြင်းကိုရရှိစေနိုင်ဖို့အတွက် လက်ဖက်ကောင်းတွေကို ဆက်သပေးတဲ့အလေ့အထမျိုးတွေလည်းရှိခဲ့ပါတယ်။ လက်ဖက်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းလေးသိရပြီဆိုတော့ လက်ဖက်စိမ်း သောက်သုံးခြင်းက ကျန်းမာရေးအတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရရှိစေနိုင်သလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ပါဦးနော်။

(၁) ခန္ဓာကိုယ်ကိုကျန်းမာစေတဲ့ဇီဝဒြပ်ပေါင်းများစွာပါဝင်ခြင်း။

လက်ဖက်စိမ်းမှာပါဝင်တဲ့ Polyphenols ဒြပ်ပေါင်းဟာ ရောင်ရမ်းမှုတွေကိုသက်သောလျော့ပါးစေပြီး ကင်ဆာရောဂါကို တွန်းလှန်နိုင်သလို ဓာတ်တိုးပစ္စည်းတစ်မျိုးဖြစ်တဲ့ EGCG ဒြပ်ပေါင်းကတော့ ဆဲလ်ပျက်စီးခြင်းတွေကိုကာကွယ်မှုပေးနိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Free Radicals ဓာတ်တိုးပစ္စည်းတွေဟာ အိုမင်းရောင့်ရော်ခြင်းနဲ့ တခြားရောဂါတွေကိုဖြစ်ပေါ်နိုင်စေပေမဲ့ လက်ဖက်စိမ်းမှာတော့ Free Radicals ဖြစ်ပေါ်ခြင်းကိုလျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တခြားသတ္တုဓာတ်တွေလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။

(၂) ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးနိုင်ခြင်း။

လက်ဖက်စိမ်းမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ ခန္ဓာကိုယ်ကိုတက်ကြွလန်းဆန်းစေသလို မှတ်ဉာဏ်အားကိုလည်း ကောင်းလာစေပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းမှာ L-theanine ဆိုတဲ့ အမိုင်နိုအက်ဆစ်လည်းပါဝင်နေတာကြောင့် လက်ဖက်စိမ်းသောက်သုံးခြင်းက စိတ်ကျလွယ်ခြင်းကို ကာကွယ်ပေးနိုင်သလို ဦးနှောက်ဆဲလ်သေဆုံးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ မှတ်ဉာဏ်မေ့ပျောက်ခြင်း (ခေါ်) အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

(၃) အဆီတွေကိုလောင်ကျွမ်းစေနိုင်ခြင်း။

လက်ဖက်စိမ်းထဲမှာ ကဖင်းဓာတ်တွေပါဝင်တာကြောင့် အဲဒီကဖင်းတွေဟာ အဆီလောင်ကျွမ်းမှုကိုအားပေးပြီး ဒီလို လောင်ကျွမ်းသွားတဲ့ အဆီတွေကတော့ နောက်ဆုံးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်အဖြစ်ကိုရောက်ရှိသွားတယ်လို့ သိရပါတယ်။

(၄) ကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးခြင်း။

လက်ဖက်စိမ်းကိုနေ့စဉ်သောက်သုံးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတစ်ရပ်ကတော့ လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို ကျဆင်းစေတာပါပဲ။ လေ့လာတွေ့ရှိမှုတွေအရဆိုရင် လက်ဖက်စိမ်းမှီဝဲသောက်သုံးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိလျော့နည်းစေနိုင်ပြီး အမျိုးသားတွေမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားနှုန်းကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းရည်သောက်သုံးခြင်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေ ၄၂ ရာခိုင်နှုန်းကိုလည်း လျော့နည်းစေနိုင်တယ်လို့ သုတေသနရလဒ်တွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

(၅) ခံတွင်းအနံ့ဆိုးခြင်းကိုတားဆီးပေးခြင်း။

ခံတွင်းထဲမှာပေါက်ဖွားတဲ့ Streptococcus mutans ဘက်တီးရီးယားဟာ ခံတွင်းအနံ့ဆိုးခြင်းနဲ့ သွား၊ သွားဖုံးပျက်စီးခြင်း တို့ဖြစ်ပေါ်စေနိုင်ပေမဲ့ လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတစ်ခုကတော့ ယင်းဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၆) ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေခြင်း။

လက်ဖက်စိမ်းသောက်သုံးခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးနောက်တစ်မျိုးကတော့ ကမ္ဘာပေါ်မှာ အဖြစ်များဆုံးသော နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိရောက်စွာကာကွယ်ပေးနိုင်ခြင်းပါပဲ။ ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်များပြားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ လက်ဖက်စိမ်းကတော့ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်တဲ့အတွက် ဆီးချိုရောဂါဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လက်ဖက်စိမ်းဟာ သွေးကြောထဲမှာရှိနေတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့စွမ်းအားကိုလည်းမြှင့်တင်ပေးပြီး ကောင်းမွန်တဲ့အဆီတွေကို ပိုမိုထိန်းသိမ်းထားနိုင်တာကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၇) ကိုယ်အလေးချိန်ကျဆင်းခြင်း။

လက်ဖက်စိမ်းသောက်သုံးခြင်းက ကျန်းမာရေးအတွက်အကျိုးသက်ရောက်မှုတွေကိုရှိစေတယ်ဆိုပေမဲ့လည်း တချို့လေ့လာမှုတွေ မှာတော့ လက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက် များစွာအထောက်အကူမဖြစ်စေဘူးလို့ ဆိုထားကြတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ကိုယ်ခန္ဓာဝဖြိုးရတဲ့အကြောင်းအရင်းက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေမှာ နှေးကွေးမှုရှိနေတဲ့အတွက်ဖြစ်ပါတယ်။ ဒီအခါမှာ ဇီဝကမ္မဖြစ်ပျက်နှုန်းကိုမြန်ဆန်စေတဲ့ လက်ဖက်စိမ်းသောက်သုံးခြင်းက အဆီပိုတွေကိုကျဆင်းစေပြီး တကယ်လို့ သင့်အနေနဲ့ တစ်နှစ်တာအတွင်းသောက်နေတဲ့ အအေးနဲ့ Soda တွေရဲ့နေရာမှာ Green Tea ကို အစားထိုးသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်မှာရှိနေတဲ့ ကယ်လိုရီ ၅ သောင်းကျော်ကို လောင်ကျွမ်းစေမှာဖြစ်ပြီး ကိုယ်အလေးချိန် ၁၅ ပေါင်လျော့ကျသွားမှာဖြစ်ပါတယ်။

(၈) အသက်ရှည်စေခြင်း။

ဒီလေ့လာမှုကိုတော့ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တာဖြစ်ပြီး ယင်းလေ့လာချက်တွေအရဆိုရင် လက်ဖက်စိမ်းဖျော်ရည်ကို တစ်နေ့ ငါးခွက်နဲ့အထက် သောက်သုံးခြင်းဟာဆိုရင် နှလုံးရောဂါကြောင့်သေဆုံးနှုန်းကို အမျိုးသမီးတွေမှာ ၃၁ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေမှာ ၂၂ ရာခိုင်နှုန်းမျှ လျော့နည်းသွားစေနိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်းကြောင့်သေဆုံးနှုန်းကလည်း အမျိုးသမီးတွေမှာ ၄၂ ရာခိုင်နှုန်းနဲ့ အမျိုးသားတွေမှာ ၃၅ ရာခိုင်နှုန်းအထိလျော့နည်းသွားတယ်လို့ သိရပါတယ်။

ပရိသတ်ကြီးတို့ရေ။ လက်ဖက်စိမ်းသောက်သုံးမှုကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကများလှတာမို့ လက်ဖက်စိမ်း (ခေါ်) Green Tea ကို တစ်နေ့တစ်ခွက် အနည်းဆုံးသောက်သုံးပေးဖို့အတွက် တိုက်တွန်းချင်ပါတယ်နော်။ နောက်တစ်ပတ် တင်ဆက်ပေးသွားမဲ့ “Health Tips” အစီအစဉ်မှာရော ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတတွေကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.