YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 5, 2023

လမ်းလျှောက်ခြင်းကနေရနိုင်တဲ့ အကျိုးကျေးဇူးများ 

ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှုရှိဖို့အတွက် တစ်နေ့မှာ အနည်းဆုံး နာရီဝက်ခန့်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်တယ်ဆိုပေမဲ့ နေ့တဓူဝလုပ်ငန်းဆောင်တာတွေ၊ တာဝန်ဝတ္တရားတွေများပြားလွန်းလှတဲ့ ဒီနေ့လိုခေတ်ထဲမှာတော့ အချိန်သီးသန့်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာက လူတိုင်းအတွက် မဖြစ်နိုင်တဲ့အရာတစ်ခုပါ။ တချို့လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့အတွက်ဆိုရင် အကူကိရိယာပစ္စည်းတွေ၊ အသုံးအဆောင်တွေကိုလည်းလိုအပ်တာကြောင့် လေ့ကျင့်ခန်းမပြုလုပ်ခင်မှာပဲ အရင်ဆုံးမိမိရဲ့ ငွေကြေးကို ဦးဆုံးစိုက်ထုတ်ရဦးမှာပါ။ ဒါပေမဲ့လည်း လမ်းလျှောက်ခြင်းကတော့ အချိန်လည်းတကူးတက ပေးစရာမလိုသလို အခြားကုန်ကျစရိတ်လည်းမရှိဘဲ လုပ်ဆောင်နိုင်တဲ့လေ့ကျင့်ခန်းမျိုးဖြစ်တဲ့အပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ များစွာရှိတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်းကနေပြီး ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းကို ဒီတစ်ပတ်ရဲ့ ‘Health Tips’ အစီအစဉ်လေးမှာတင်ဆက်ပေးလိုက်ရပါတယ်။

လမ်းလျှောက်ခြင်းဟာဆိုရင် အကူကိရိယာပစ္စည်းတွေ၊ တန်ဆာပလာတွေကိုလည်း အထွေအထူးမလိုအပ်တဲ့အပြင် အားအင်အများအပြားစိုက်ထုတ်စရာမလိုတဲ့အတွက် လူငယ်၊ သက်လတ်ပိုင်းတွေအတွက်သာမက သက်ကြီးပိုင်းအရွယ်တွေအတွက် လည်း သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းကို နေ့စဉ်ပုံမှန် အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်အထိ ပြုလုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမကဘဲ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အကျိူးကျေးဇူးတွေ ရရှိလာနိုင်တယ်လို့ သုတေသီတွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကတော့ …

(၁) ဦးနှောက်လုပ်ဆောင်မှုတိုးတက်ခြင်း။

လမ်းလျှောက်ခြင်းဟာဆိုရင် ဦးနှောက်ရဲ့လုပ်ဆောင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တာကြောင့် သူငယ်ပြန်ခြင်းနဲ့ အယ်လ်ဇိုင်းမားလိုမျိုး ရောဂါတွေဖြစ်ပေါ်လာနိုင်ချေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၂) စွမ်းအင်မြှင့်တင်ပေးခြင်း။

မနက်ခင်းစောစောမှာ အပြင်ထွက်လမ်းလျှောက်ပြီး အေးမြလတ်ဆတ်တဲ့လေကိုရှုရှိုက်ခြင်းဟာဆိုရင် တစ်နေ့တာလုံးကို လန်းဆန်းတက်ကြွစေနိုင်ပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

(၃) စိတ်ခွန်အားကိုတိုးမြှင့်ပေးနိုင်ခြင်း။

လမ်းလျှောက်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာရေးအတွက်သာက စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း မိမိကိုယ်ကိုယ်ယုံကြည်မှု တိုးတက်ခြင်း၊ စိတ်ဖိစီးမှုနဲ့၊ စိတ်ပူပန်မှုလျော့ကျခြင်း၊ စိတ်ဓာတ်ကျနိုင်ချေလျော့နည်းခြင်းတို့လိုမျိုး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(၄) အမြင်အားကောင်းမွန်ခြင်း။

လမ်းလျှောက်ခြင်းက အမြင်အာရုံနဲ့ဆက်စပ်မှုမရှိနိုင်ဘူးဆိုပေမဲ့လည်း လေ့လာစမ်းသပ်ချက်တွေအရတော့ နေ့စဉ်အချိန်ပုံမှန်ပေးပြီး လမ်းလျှောက်တဲ့သူတွေက မျက်စိအားပိုမိုကောင်းမွန်သလို မျက်စိတိမ်ဖြစ်ပေါ်မှုကလည်း တခြားသူတွေနဲ့ယှဉ်ရင် လျော့ပါးနေတာကို‌ တွေ့ရပါတယ်။

(၅) ကိုယ်အလေးချိန်လျော့ကျစေခြင်း။

လမ်းလျှောက်ခြင်းကြောင့်ရရှိစေနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ ကယ်လိုရီတွေလောင်ကျွမ်းခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီလိုမျိုးကယ်လိုရီတွေ လောင်ကျွမ်းသွားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆီတွေဖြစ်ပေါ်မှုကလည်း လျော့ကျသွားပြီး အဲဒါရဲ့အကျိုးဆက်အနေနဲ့ ကိုယ်အလေးချိန်ကလည်း လျော့ကျလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် တကယ်လို့ သင့်အနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကြိုးစားတယ်ဆိုရင်တော့ မနက်တိုင်းမှာ လမ်းလျှောက်တဲ့အလေ့အကျင့်ကို ပြုလုပ်ပေးသင့်တယ်လို့ အကြံပေးပါရစေ။

(၆) နှလုံးရောဂါဖြစ်ပေါ်နိုင်ချေကိုကာကွယ်ပေးခြင်း။

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့သုတေသနပြုမှုတွေအရတော့ လမ်းလျှောက်ခြင်းဟာ နှလုံးအတွက်လည်း အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။ လမ်းလျှောက်တဲ့အချိန်တွေများပြားလာတဲ့အခါမှာ သွေးတွင်းမှာရှိတဲ့ ကိုလက်စထရော (ခေါ်) သွေးတွင်းအဆီလျော့ကျမှုကလည်းများပြားလာပြီး ဒီအခါမှာတော့ သွေးတွင်းအဆီကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ နှလုံးရောဂါကလည်း ဖြစ်နိုင်ချေလျော့နည်းလာတယ်လို့ ဆိုပါတယ်။

(၇) အဆုတ်အားကောင်းမွန်ခြင်း။

လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေတာကြောင့် အဆုတ်ဆီကို အောက်စီဂျင်ပမာဏများများ ရောက်ရှိစေနိုင်ပြီး အဲဒီအောက်စီဂျင်တွေဟာ အဆုတ်မှာရှိနေတဲ့ အဆိပ်အတောက်တွေကလည်း ဖယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်တဲ့အခါမျိုးတွေမှာ အသက်ကိုလည်းခပ်ပြင်းပြင်းရှူသွင်းရတာဖြစ်တဲ့အတွက် ဒီအခါမှာတော့ အဆုတ်ကိုပိုမိုသန်မာလာ စေပြီး အဆုတ်မှာဖြစ်ပေါ်နိုင်တဲ့ တခြားရောဂါတွေကိုလည်း သက်သာလျော့ပါးစေပါတယ်။

(၈) အစာခြေစနစ်ကိုကောင်းမွန်ခြင်း။

တစ်နေ့မှာ အနည်းဆုံး နာရီဝက်ခန့်လမ်းလျှောက်ပေးခြင်းက အစာခြေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း လျော့ပါးစေတဲ့ အပြင် အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

(၉) ဆီးချိုရောဂါကိုထိန်းချုပ်ကာကွယ်နိုင်ခြင်း။

လမ်းလျှောက်ခြင်းကြောင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေထဲမှာ ကိုလက်စထရောလျော့ကျမှုကလည်း တစ်ခုအပါအဝင် ဖြစ်တာကြောင့် ဆီးချိုရှိသူတွေအနေနဲ့ ပုံမှန်လမ်းလျှောက်ပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လမ်းလျှောက်ခြင်းက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၁၀) ကြွက်သားများကိုတောင့်တင်းသန်မာစေခြင်း။

ကြွက်သားတွေတောင့်တင်းသန်မာလာခြင်းကိုလည်း လမ်းပုံမှန်လျှောက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးကြွက်သားတွေ၊ အထူးသဖြင့် ခြေထောက်ကြွက်သားတွေသန်မာလာဖို့အတွက်ကတော့ လမ်းလျှောက်တဲ့အခါမှာ ခပ်သွက်သွက် လျှောက်ပေးဖို့လိုအပ်ပြီး လှေကားတက်ခြင်း၊ ကုန်းအနိမ့်အမြင့်လျှောက်ခြင်းတို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။ ကျွမ်းကျင်ပညာရှင် တွေကတော့ လမ်းလျှောက်တဲ့အခါ မြေပြန့်မှာလျှောက်တာထက် တောင်တက်လမ်းတွေမှာလျှောက်တာက ပိုမိုကောင်းမွန်တယ်လို့ အကြံပေးထားကြပါတယ်။

(၁၁) ညဘက်တွင်ကောင်းစွာအိပ်ပျော်ခြင်း။

လမ်းလျှောက်ခြင်းဟာ ညအချိန်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်ဖို့အတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်တာကြောင့် အသက် ၅၅ နှစ်ကနေ ၆၅ နှစ်အကြားရှိ သက်ကြီးပိုင်းသူတွေအနေနဲ့ ညဘက်အချိန်တွေမှာ ကောင်းစွာအိပ်မပျော်ပါက မနက်ခင်းမှာရော၊ ညနေခင်းမှာပါ လမ်းလျှောက်လေ့ကျင့်ခန်းတွေပြုလုပ်ပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားတာကိုတွေ့ရပါတယ်။

(၁၂) အရိုးအဆစ်များသန်မာလာခြင်း။

လမ်းလျှောက်ခြင်းက အရိုးအဆစ်တွေကိုသန်မာလာစေပြီး အဆစ်မကောင်းခြင်း၊ အရိုးပွခြင်းနဲ့ အရိုးကျိုးခြင်းတို့ အလွယ်တကူ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင် ကျောရိုးမကြီးရဲ့ကွေးညွတ်မှုကိုလည်း အထောက်အကူပြုနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ မျှ လမ်းလျှောက်ပေးခြင်းဟာဆိုရင် အဆစ်ရောင်ခြင်းနဲ့ အရိုးအဆစ်ကိုက်ခဲမှုကိုလျှော့ချပေးနိုင်တာကြောင့် ခါးနာနေတဲ့သူတွေ အတွက်လည်း လမ်းလျှောက်ခြင်းက အလွန်ကောင်းမွန်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တယ်လို့ ဆိုထားကြပါတယ်။

လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်အတွက်သာမက စိတ်ပိုင်းဆိုင်ရာမှာလည်း အထောက်အကူတွေအများကြီးဖြစ်စေတာကြောင့် ပရိသတ်ကြီးတို့အနေနဲ့လည်း စိတ်ရော၊ ကိုယ်ပါကျန်းမာစေနိုင်ဖို့အတွက် နေ့စဉ်အချိန်တစ်ခုပေးပြီး လမ်းလျှောက်လေ့ကျင့်ခန်းလေးကို ပြုလုပ်ဖို့ အကြံပေးလိုက်ပါရစေနော်။ ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးတို့အားလုံး ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်ရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.