YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health May 5, 2023

မပေါ့ဆသင့်တဲ့ အပူချိန်လွန်ကဲမှုပြဿနာ

သဘာ၀ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုတွေကြောင့် ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ရာသီဥတုဖောက်လွှဲဖောက်ပြန်မှုတွေ၊ အပူချိန်လွန်ကဲမှုပြဿနာတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလို့လာနေပါတယ်။ ဒီနှစ်ရဲ့ အပူချိန်ဟာ အရင်နှစ်တွေ တုန်းကထက် ပိုမိုမြင့်မားလာလျက်ရှိနေပြီး ရှေးယခင်တုန်းကဆိုရင် အပူချိန် ၁ ဒီဂရီစင်တီဂရိတ် တက်ဖို့အတွက် ၁၀ နှစ်မျှ အချိန်ကြာတယ်ဆိုသော်လည်း လေ့လာချက်တွေအရတော့ အခု (၃)နှစ်အတွင်း အပူချိန်ဟာ ၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာ တာကိုတွေ့ရှိရပါတယ်။

ဒီလိုမျိုးရာသီဥတုအပူချိန်တွေပိုမိုမြင့်တက်လာတဲ့အခါမှာတော့ လူတွေရဲ့ ခန္ဓာကိုယ်မှာလည်း “Heat Stroke” လို့ခေါ်တဲ့ အပူချိန်လွန်ကဲမှုတွေ ဖြစ်လာစေသလို ခန္ဓာကိုယ်အပူချိန်လွန်ကဲမှုဟာဆိုရင် သတိမထားပါက အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ် များလွန်းပါတယ်။ ဒါကြောင့်ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်လေးမှာတော့ အပူချိန်လွန်ကဲမှုနဲ့ပတ်သက်လို့ သိရှိထားသင့်တဲ့ အကြောင်းအရာတွေကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

Heat Stroke လို့ခေါ်တဲ့ အပူရှပ်ခြင်းဟာဆိုရင် အပူချိန်မြင့်မားတဲ့ပတ်ဝန်းကျင်မှာ အချိန်ကြာမြင့်စွာနေမိခြင်း၊ ပြင်းထန်စွာ လှုပ်ရှားသွားလာမိခြင်းတို့ကြောင့် ဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (တစ်နည်းအားဖြင့် ၄၀ ဒီဂရီစင်တီဂရိတ်) နဲ့အထက် များသွားတဲ့အချိန်မှာ ဖြစ်ပွားတတ်တယ်လို့သိရပါတယ်။ Heat Stroke(အပူရှပ်ခြင်း) ရဲ့လက္ခဏာ တွေကတော့

ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (တစ်နည်းအားဖြင့် ၄၀ ဒီဂရီစင်တီဂရိတ်) နဲ့အထက်မြင့်တက်ခြင်း
စကားပြောလေးလံလာခြင်း
အသိမကပ်ဘဲ စိတ်အာရုံဝေဝါးခြင်း
သတိလစ်မေ့မျောခြင်း၊ တက်ခြင်း
ပျို့အန်ခြင်း
ခန္ဓာကိုယ်အရေပြားနီရဲခြင်း
အသက်ရှူနှုန်းမြန်ဆန်ခြင်း
နှလုံးခုန်နှုန်းမြင့်မားခြင်း
ခေါင်းကိုက်ခြင်း
ချွေးမထွက်ဘဲ ကိုယ်ခန္ဓာတစ်ခုလုံး ပူကျစ်ခြင်းတို့ပဲဖြစ်ပါတယ်။

Heat Stroke(အပူရှပ်ခြင်း) ဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အောက်ဖော်ပြပါသူတွေကတော့ ပိုမိုဖြစ်ပွားနိုင်ပါတယ်။

အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုများ
ကလေးငယ်များ
နေပူထဲတွင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်သူတွေနဲ့၊ အချိန်ကြာမြင့်စွာ လှုပ်ရှားသွားလာသူများ
အရက်၊ ဘီယာအလွန်အကျွံသောက်သုံးတတ်သူများ
နာတာရှည်ရောဂါအခံရှိသူများ
လေအဝင်အထွက်မရှိဘဲ ပူလောင်တဲ့အခန်းကျဉ်းထဲတွင်နေထိုင်သူများ
ခန္ဓာကိုယ်သွေးကြောများကို ကျဉ်းမြောင်းစေသောဆေးဝါးများ (သို့မဟုတ်) ဆားဓာတ်နဲ့ ရေဓာတ်ကိုဆုံးရှုံးနိုင်တဲ့ဆီးဆေးများ (သို့မဟုတ်) စိတ်ကျရောဂါများအတွက်သောက်သုံးသောဆေးဝါးများကို မှီဝဲသောက်သုံးနေရသူများ
အ၀လွန်သူများ
ခန္ဓာကိုယ်အလှုပ်အရှားအလွန်နည်းပါးသူများ နဲ့
ယခင်တုန်းက Heat Stroke ဖြစ်ခဲ့ဖူးသူများ

Heat Stroke (အပူရှပ်ခြင်း) ဖြစ်ပြီဆိုရင် အချိန်ဆွဲမနေဘဲ အရေးပေါ်ကုသမှုတွေကို အလျင်အမြန်ပြုလုပ်ရမှာဖြစ်ပြီး တကယ်လို့များ အချိန်မှီကုသနိုင်ခြင်းမရှိပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အပြင် အသက်ကိုပါ ဆုံးရှုံးသွား နိုင်ပါတယ်။ Heat Stroke (အပူရှပ်ခြင်း)ကို ကုသနိုင်တဲ့ အရေးပေါ်နည်းလမ်းတွေကတော့

လူနာကို အရိပ်ရတဲ့နေရာဆီအမြန်ဆုံးပြောင်းရွှေ့ပေးခြင်း
လူနာရဲ့ခန္ဓာကိုယ်အပူချိန်ကျဆင်းစေဖို့အတွက် လူနာကို ရေချိုးကန်မှာစိမ်ပေးခြင်း၊ ရေအေးနဲ့ ရေချိုးပေးခြင်း၊
လည်ပင်း၊ ဂျိုင်း၊ ပေါင်ခြံနဲ့ ကျောဘက်နေရာတွေကို ရေခဲအိတ်နဲ့ ရေပတ်တိုက်ပေးခြင်း
လူနာအတွက် ပန်ကာဖွင့်ပေးထားခြင်း၊ ယပ်တောင်ခပ်ပေးခြင်း
နီးစပ်ရာဆရာဝန် (သို့မဟုတ်) ဆေးကုသမှုအဖွဲ့ကို အကြောင်းကြားခြင်း
လိုအပ်ပါကာ လူနာတင်ယာဉ်ခေါ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Heat Stroke ဖြစ်ပွားမှုကို ဖော်ပြပါနည်းလမ်းတွေအတိုင်း ကုသလို့ရနိုင်သော်လည်း “ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်” ဆိုတဲ့စကားအတိုင်း အောက်ပါနည်းလမ်းတွေနဲ့လည်း Heat Stroke ဖြစ်ပေါ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။

ရာသီဥတုအပူချိန်မြင့်မားနေစဉ်အတောတွင်း အေးမြပြီးအရိပ်ရတဲ့နေရာတွင်သာ နေထိုင်ခြင်း
ပေါ့ပါးပြီးဝတ်ဆင်ရလွယ်ကူတဲ့ အရောင်ဖျော့ဖျော့ အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ခြင်း
ရေများများသောက်ခြင်း (တစ်နေ့လျှင် ရေဖန်ခွက် အနည်းဆုံး ၈ ခွက်ခန့်)
ချွေးထွက်လွန်ပါက ဓာတ်ဆားရည်သောက်သုံးပေးခြင်း
လေ့ကျင့်ခန်းမပြုလုပ်ခင်အချိန်နဲ့ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်းမှာလည်း ရေငတ်ခြင်းမဖြစ်အောင် ရေသောက်သုံးပေးခြင်း
ဆီးအရောင်ကို သတိထားစောင့်ကြည့်ခြင်း
ရာသီဥတုပူပြင်းနေတဲ့အချိန်အတွင်း အရက်သောက်သုံးခြင်းကိုရှောင်ကြဉ်ခြင်းတို့ပဲဖြစ်ပါတယ်။

🇲🇲 လက်ရှိအချိန်ကာလအတွင်းမှာဆိုရင် မြန်မာနိုင်ငံရဲ့ ရာသီဥတုအပူချိန်ဟာ အလွန်မြင့်မားလျက်ရှိနေတာကြောင့် ပရိသတ်တို့ အနေနဲ့လည်း Heat Stroke (အပူရှပ်ခြင်း) မဖြစ်စေရန်အတွက် အထက်ပါအချက်များက များစွာအကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.