YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Food May 5, 2023

ကျန်းမာရေးအတွက် မဖြစ်မနေစားသုံးသင့်တဲ့ အစားအသောက်များ 

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့စကားအတိုင်း လူ့လောကကြီးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့နဲ့ ငွေကြေးဥစ္စာတွေ၊ စည်းစိမ်ချမ်းသာတွေကို အပူအပင်မရှိဘဲရှာဖွေနိုင်ဖို့အတွက်ဆိုတာက ကျန်းမာရေးကောင်းမွန်နေမှသာလျှင် အဆင်ပြေချောမွေ့မှု ရှိမှာဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့ဆိုရာမှာ ပြုမူနေထိုင်မှုပုံစံနဲ့ စားသောက်တဲ့ပုံစံတို့အပေါ်မှာ အများဆုံးတည်မှီ နေတာကြောင့် ကျန်းမာရေးအတွက် မဖြစ်မနေစားသုံးသင့်တဲ့ အစားအသောက်တွေ အကြောင်းကို ဒီတစ်ပတ်ရဲ့ “Health Tips” ကနေပြီး တင်ဆက်ပေးလိုက်ပါတယ်။

(၁) ရေ

ရေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်ပ်တို့ရဲ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးကတော့ ရေဓာတ်ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့ အတွက် ရေကို တစ်နေ့လျှင် အနည်းဆုံး ၈ ခွက်ကနေ ၁၂ ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။

(၂) အစိမ်းရောင်အသီးအရွက်

ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာသာမက ကင်ဆာရောဂါကို ကာကွယ်ကုသခြင်းမှာပါ အကျိုးသက်ရောက်မှုတွေများစွာရှိတဲ့ Broccoli ၊ ကိုက်လန် နဲ့ ပဲစိမ်းသီးတွေအပါဝင် တခြားအစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ တစ်ပတ်မှာ အနည်းဆုံး လေးကြိမ်ခန့်စားသုံးပေးသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက လမ်းညွှန်အကြံပြုထားကြပါတယ်။

(၃) ဂျုံ၊ ဆန်စပါး

ကျွန်ုပ်တို့နေ့စဉ်စားသုံးကြတဲ့ ထမင်း (ဆန်စပါး) မှာတော့ ကစီဓာတ်တွေအပြည့်အဝပါဝင်တယ်။ ဒါ့အပြင် ဂျုံ၊ ပြောင်းနဲ့ မုယောစပါးတို့ဟာဆိုရင်လည်း ကစီဓာတ်ကြွယ်ဝစွာပါဝင်တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ကစီဓာတ်ကို လိုတာထက် ပိုပြီးစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆုတ်ယုတ်မှုတွေ၊ ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်တာကြောင့် စားသုံးတဲ့အခါမှာတော့ သင့်တင့်မျှတစွာစားသုံးပေးဖို့ လိုအပ်ပါတယ်။

(၄) ပဲအမျိုးမျိုး

စျေးထဲမှာလွယ်လင့်တကူဝယ်ယူလို့ရနိုင်တဲ့ ပဲအမျိုးမျိုးဟာဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်း (ခေါ်) အသားဓာတ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေခြင်း၊ ဆီးချိုရောဂါကိုထိန်းချုပ်နိုင်ခြင်းတို့လိုမျိုးအစရှိတဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပဲအမျိုးမျိုးကို တစ်ပတ်မှာ တစ်ကြိမ်လောက် အနည်းဆုံးစားသုံးပေးသင့်ပြီး စားတဲ့အခါမှာတော့ ရိုးအီခြင်းမရှိအောင် အသုပ်သဘောမျိုးသုပ်စားခြင်း၊ ဟင်းရည်ချက်ခြင်း၊ အသားဟင်းတစ်မျိုးမျိုးနဲ့ ရောနှောချက်ပြုတ်ခြင်း စတဲ့ပုံစံအမျိုးမျိုးနဲ့ စားသုံးပေးနိုင်ပါတယ်။

(၅) ငါး

လူအယောက် (၁၀၀) မှာ ငါးဟင်းစားသုံးရတာကိုကြိုက်နှစ်သက်သူက တစ်ဝက်မျှသာရှိတယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ ငါးမှာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးများစွာဖြစ်ထွန်းစေတဲ့ ငါးကြီးဆီ၊ ဗီတာမင်၊ သံဓာတ်၊ ဇင့်ဓာတ်၊ အိုင်ဒိုဒင်း၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေ ကြွယ်ဝများပြားစွာပါဝင်ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက်နှလုံးအဖွဲ့အစည်းကြီးကတော့ လူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ညီညွတ်စေနိုင်ဖို့အတွက် တစ်ပတ်မှာ အနည်းဆုံး ငါးကို နှစ်ကြိမ်ခန့်စားသုံးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

(၆) ဘယ်ရီသီးများ

တကယ်လို့ သင်က ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးဖို့အတွက် စိတ်ဆန္ဒပြင်းပြတဲ့သူဆိုရင်တော့ သင် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေနဲ့ အမျှင်ဓာတ်တွေကြွယ်၀စွာပါဝင်တဲ့ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရပ်(စ်)ဘယ်ရီ၊ ဘလက်(ခ်)ဘယ်ရီတို့လိုမျိုး ဘယ်ရီသီးတွေကိုလည်း ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

(၇) ပဲပိစပ်

ပဲပိစပ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဟာဆိုရင် နှလုံးကျန်းမာရေးကိုကောင်းမွန်စေပြီး သွေးပေါင်ချိန်၊ သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စထရောပါဝင်မှုကိုလျှော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းလိုသူတွေအတွက်တော့ ပဲပိစပ်က အကောင်းဆုံး‌ ရွေးချယ်မှုဖြစ်တယ်လို့ဆိုရမှာပါ။ ဒါ့အပြင် ပဲပိစပ်စားသုံးခြင်းက မျိုးပွားနိုင်စွမ်းကိုမြှင့်တင်ပေးခြင်းနဲ့ သွေးဆုံးခြင်းလက္ခဏာတွေကို လျှော့ချပေးနိုင်ပြီး တချို့သောကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၈) အစေ့အဆံများ

သီဟိုစေ့၊ ဖရုံစေ့နဲ့ တခြားသောအစေ့အဆံတွေအားလုံးမှာဆိုရင် ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးလေ့လာလိုက်စားတဲ့သူတွေအနေနဲ့ကတော့ တစ်နေ့တာအတွက်စားသုံးတဲ့အစားအစာတွေထဲမှာ အစေ့အဆံတွေကို လည်း ထည့်သွင်းစားပေးသင့်ပါတယ်။

အစားအသောက်များဟာ စားတတ်ရင်ဆေး၊ မစားတတ်ရင်ဘေးဖြစ်တာကြောင့် ကျန်းမာရေးကိုဂရုစိုက်သူများအတွက်တော့ အစားအသောက်ကို လိုတာထက်ပိုမစားသုံးဖို့နဲ့ တတ်နိုင်ရင်တစ်နေ့တာစားသုံးသင့်တဲ့ ပမာဏကိုတွက်ချက်စားသုံးခြင်းက ခန္ဓာကိုယ်ကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေတာကြောင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါကြောင့် ပရိသတ်ကြီးများ အားလုံးလည်း အစားအသောက်များကို ချင့်ချိန်စားသောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးရင်း နောက်တစ်ပတ်ကျမှ ပြန်တွေ့ပါမယ်နော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.