YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

သိထားသင့်တဲ့ပုရစ်ကြော်ရဲ့ ကောင်းကျိုးဆိုးကျိုးများ

အချို့လူတွေက ပုရစ်ကြော်ကို ရာသီစာ၊ သရေစာလို၊ အရသာခံပြီး တကြွပ်ကြွပ်နဲ့ ဝါးစားလေ့ရှိကြပါတယ်။ သို့သော် အချို့သောသူတွေအတွက်ကတော့ စားရမှာ ထူးဆန်းပြီး ကြောက်တတ်ကြပါတယ်။ ဒီကနေ့အတွက်ကိုတော့ ပုရစ်ကြော်စားခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို MIRadio ရဲ့ Health Tips အစီအစဥ်ကနေ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

Entomophagy (အန်တိုမောဖောလ်ဂျီ) လို့ခေါ်တဲ့ အင်းဆက်စားသုံးခြင်း အလေ့အထမှာ တချို့သော အင်းဆက်လေးတွေမှာ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စားလေ့ရှိကြတာကတော့ ပုရစ်ကြော်စားခြင်းပါ။ ထိုပုရစ်ကြော်မှာဆိုရင်တော့ Protein, Fiber, Magnesium, Calcium နှင့် Vitamin B12 အစရှိတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။

အမေရိကန်နိုင်မှာ တည်ရှိတဲ့ ကျန်းမာရေး မီဒီယာဖြစ်တဲ့ “Healthline Media” ရဲ့‌ဖော်ပြချက်အရ ပုရစ်ကြော်မှာ အသားဓာတ် ၆၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဆိုပါ ပါဝင်တဲ့ ရာခိုင်နှုန်းကို ပြန်တွက်ကြည့်ရင် အမဲသားနဲ့ ကြက်သားတွေထက်တောင် အသားဓာတ်ရာခိုင်နှုန်း ပိုမိုပါဝင်နေပါတယ်။ ပုရစ် ၁၀၀ ဂရမ် မှာ အသားဓာတ် ၁၃ ဂရမ် ပါဝင်တယ်လို့လည်း ဖော်ပြထားပါသေးတယ်။ ဒါ့အပြင် ပုရစ်များသည် အခြား အသားငါးတွေထက် အမျှင်ဓာတ်‌လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။ NCBI (National Center for Biotechnology Information) လို့ခေါ်တဲ့ ဇီဝနည်းပညာဆိုင်ရာ သတင်းအချက်အလက် အတွက် ဗဟိုအမျိုးသားဌာန တို့မှာရှိတဲ့ လေ့လာထားတဲ့ စစ်တမ်းများအရ ပုရစ်များ၏ အမျှင်ဓာတ်ပါဝင်မှုသည် 100 ဂရမ်တွင် 13.4% အထိ မြင့်မားနိုင်ကြောင်း သိရှိရပါတယ်။

ပုရစ်လေးတွေဟာ အမဲသားထက် ၅ ဆ ပိုများတဲ့ မဂ္ဂနီဆီယမ် ဓာတ်ရှိတာကြောင့် နှလုံး နဲ့ သွေးလှည့်ပတ်မှုအတွက် အလွန်အကျိုးပြုတဲ့အပြင် နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း ၂၂ ရာခိုင်နှုန်း အထိ လျော့ကျစေနိုင်ပါတယ်။ အရိုးကျန်းမာရေးအတွက်လည်း calcium (ကယ်လ်ဆီရမ်) ဓာတ်များစွာပါဝင်နေလို့ ပုရစ်စားခြင်းဟာ အရိုးသန်မာဖို့အတွက်လည်း အကျိုးရှိပါတယ်။ ပုရစ်မှာ Vitamin B12 ပါဝင်လို့ မှတ်ဉာဏ်အားနည်းခြင်း ကနေ ကာကွယ်ပေးသလို အာရုံကြောအတွက်လည်း အားကောင်း စေပါတယ်။

ကောင်းကျိုး နှင့် ဆိုးကျိုးဟာ ဒွန်တွဲနေစမြဲ ဆိုသလိုပါဘဲ အင်းဆက်စားသုံးခြင်းဟာ ဆိုးကျိုးတွေ ရှိနေပါတယ်။ ခရု၊ ပုစွန်၊ ကဏန်းတို့နှင့် ဓာတ်မတည့်သူများသည် အင်းဆက်များကို စားသုံးသောအခါမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုများကို ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အပြင် ပုရစ်ကို အလွန်အကြူးစားခြင်းကြောင့် ကိုလက်စထရော(Cholesterol) တွေမြင့်မားစေနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ များလာနိုင်တာကြောင့် သွေးကြောတွေရဲ့ အတွင်းနံရံတွေမှာ ကပ်နေနိုင်ပြီး နှလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။

အဲ့တာကြောင့် MIRadio ရဲ့ ပရိသတ်တွေ အားလုံးလည်းပုရစ်ကြော်စားကြတဲ့အခါမှာ ချင့်ချိန်ပြီး မျှမျှတတလေးစားကြဖို့ အကြံပေးချင်ပါတယ်။ ပုရစ်ကြော်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုး ဗဟုသုတ မျှဝေပေးတာကို ဒီမှာဘဲ အဆုံးသတ်လိုက်ပါရစေ။ အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ချစ်ပရိသတ်အားလုံး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေး ပိုင်ဆိုင်နိုင်ပါစေလို့ MIRadio ကနေ ဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.