YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ယောဂဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ယောဂ (Yoga) ဆိုတဲ့ စကားလုံးကိုတော့ ဒီနေ့ခေတ်ကာလရဲ့လူတိုင်းနီးပါး ရင်းနှီးကျွမ်းဝင်ကြပြီးဖြစ်မှာပါ။ ဒါပေမယ့်လည်း ယောဂ ဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုူးကျေးဇူးတွေ၊ ယောဂနဲ့ပတ်သက်တဲ့ တခြားသောအကြောင်းအရာတွေကို လေ့လာသိရှိကြတဲ့သူတွေကတော့ ရာခိုင်နှုန်းအနည်းငယ်မျှသာရှိပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် “Health Tips” အစီအစဉ်မှာတော့ ယောဂဆော့ကစားခြင်းကြောင့်ရရှိလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းနဲ့ ယောဂနဲ့ပတ်သက်ပြီး တခြားသောသိရှိထားသင့်တဲ့ ဗဟုသုတအကြောင်းအရာတွေကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။
ယောဂဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်တုန်းက အိန္ဒိယနိုင်ငံကနေအစပြုလာခဲ့တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ယောဂဆိုတဲ့စကားလုံးကတော့ စည်းလုံးခြင်းလို့အဓိပ္ပာယ်ရတဲ့ “yuj” ဆိုတဲ့ သက္ကတဘာသာစကားကနေ ဆင်းသက်လာတာဖြစ်တယ်လို့သိရပါတယ်။ ယောဂကျင့်စဉ်ဟာဆိုရင် စိတ်နဲ့ကိုယ်တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့စကားကို အခြေခံကာဖော်ဆောင်ထားတာဖြစ်ပြီး အရေးပါတဲ့အချက် (၅) ချက်နဲ့ ဖွဲ့စည်းထားတဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။

အဲဒီအချက် (၅) ချက်ကတော့ မှန်ကန်ပြီးစနစ်ကျတဲ့လေရှူရှိုက်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနားယူခြင်း၊ အစားအသောက်နှင့် အကောင်းမြင်ဝါဒကျင့်သုံးခြင်းနဲ့ တရားထိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ယောဂကျင့်စဉ်ကို စနစ်တကျပြုလုပ်ပြီး ယောဂရဲ့ အဓိကအနှစ်သာရကို စူးစမ်းလေ့လာကြည့်မယ်ဆိုရင်တော့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်လာခြင်း၊ ရုပ်ပိုင်းဆိုင်ရာနုပျိုလန်းဆန်းခြင်း၊ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ကြံ့ခိုင်ခြင်းနဲ့ ခံယူချက်တွေကိုပြည့်မြောက်အောင်ဆောင်ရွက်နိုင်ခြင်းတို့လို အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။ ယောဂကျင့်စဉ်ကို အစဉ်အစိုက်လေ့ကျင့်လာခဲ့ကြသူတွေကတော့ ယောဂကျင့်ခြင်းအားဖြင့် စိတ်ကိုအေးချမ်းစေပြီး ဖိအားတွေကိုလည်း လျော့ကျစေကာ ကမ္ဘာကြီးမှာဖြစ်ပေါ်နေတဲ့အရာတွေအပေါ်မှာထားရှိတဲ့ မိမိရဲ့အမြင်ကိုလည်းပြောင်းလဲစေနိုင်တယ်လို့ ဆိုကြပါတယ်။ ယောဂအမျိုးအစားတွေများစွာရှိတဲ့အထဲကမှ လူတွေအများစုကတော့ Hatha Yoga ကို စတင်လေ့ကျင့်ကြလေ့ရှိပြီး Power Yoga ဆိုတာကတော့ အပြင်းထန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

ယောဂဟာ ခန္ဓာကိုယ်တစ်ခုတည်းကိုပဲ ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းမဟုတ်ပေမဲ့လည်း ယောဂကျင့်ခြင်းအားဖြင့်ရရှိလာနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကတော့ များပြားတယ်လို့ဆိုနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းကိုစနစ်တကျနဲ့ပြုလုပ်တဲ့အခါမှာ အဆစ်အမြစ်တွေနာကျင်ရောင်ရမ်းခြင်း၊ ကျောအောင့်ကျောနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ခြေလက်တွေမှာဖြစ်ပေါ်လေ့ရှိတဲ့ ကြွက်သားနဲ့ အကြောဆိုင်ရာရောဂါတွေ ပျောက်ကင်းနိုင်တာကိုတွေ့ရှိရပြီး သွေးပေါင်ကိုလည်းမှန်ကန်စေကာ အိပ်မပျော်ဖြစ်ခြင်းကိုလည်း သက်သာလျော့ပါးစေနိုင်ပါသေးတယ်။

ယောဂလေ့ကျင့်ခြင်းကြောင့်ရရှိလာနိုင်တဲ့ နောက်ထပ်ရုပ်ပိုင်းဆိုင်ရာအကျိူးကျေးဇူးတွေကတော့ –

– နှလုံးနှင့် သွေးလည်ပတ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း။
– ခန္ဓာကိုယ်ပျော့ပျောင်းကာ ဇီ၀ဖြစ်စဉ်မျှတကောင်းမွန်လာခြင်း။
– ကိုယ်အလေးချိန်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းပေးနိုင်ခြင်း။
– ကြွက်သားများသန်မာတောင့်တင်းခြင်း။
– အသက်ရှူခြင်းဆိုင်ရာကိစ္စများကို တိုးတက်ကောင်းမွန်စေခြင်း။
– ကိုယ်ခံအားကောင်းစေခြင်း။
– ဇီ၀ဖြစ်စဉ်ကောင်းမွန်စွာပြောင်းလဲခြင်းနှင့်
– ကင်ဆာရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ယောဂကျင့်ခြင်းက အိမ်ထောင်သည်တွေအနေနဲ့ ရင်သွေးရရှိဖို့အတွက်ကိုလည်း အထောက်အကူဖြစ်စေနိုင်ပါသေးတယ်။ ဒီအချက်ကိုတော့ သိပ္ပံနည်းကျသက်သေမပြနိုင်သေးပေမယ့် ယောဂကျင့်ခြင်းက စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တာကြောင့် စိတ်နဲ့ခန္ဒာကိုပိုပြီးကောင်းမွန်ကြည်လင်လာစေကာ ကလေးရနိုင်ခြေကိုပိုမိုမြင့်မားစေတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချလို့ရပါတယ်။ ဒါကြောင့်လည်း ဒီဘက်နောက်ပိုင်းနှစ်တွေမှာ ကလေးလိုချင်လို့ယောဂကျင့်လာကြတဲ့စုံတွဲတွေက သိသိသာသာများပြားလာတာကို တွေ့ရပါတယ်။

ယောဂလေ့ကျင့်ခြင်းကြောင့်ရရှိလာနိုင်တဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ အရက်နာကျခြင်းကိုသက်သာစေနိုင်တာပါပဲ။ တစ်ညလုံးအရက်သောက်ပြီး နောက်တစ်နေ့မှာ ယောဂလေ့ကျင့်ဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာလို့ ထင်ကောင်းထင်ကြမယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆော့ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိရောက်စွာဖယ်ရှားပေးနိုင်တာကြောင့် အရက်နာကျတာကိုသက်သာစေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယောဂကျင့်ခြင်းက ခန္ဓာကိုယ်ရဲ့ဇီ၀ဖြစ်စဉ်တွေ ကောင်းမွန်လာဖို့ ကူညီပေးတာကြောင့် ဒီလိုဖြစ်စဉ်တွေတိုးတက်ကောင်းမွန်မှုက သင့်ကို ပိုမိုနေထိုင်ကောင်းစေမှာဖြစ်ပြီး အရက်နာကျမှုကိုလည်း အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

အစားအသောက်စားသုံးမှုတပ်မက်ခြင်းကို လျော့နည်းသက်သာစေခြင်းကလည်း ယောဂလေ့ကျင့်ခြင်းကြောင့်ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တာကိုတွေ့ရပြီး ဝါရှင်တန်တက္ကသိုလ်ရှိ သုတေသနပညာရှင်တွေရဲ့အဆိုအရကတော့ ယောဂအသက်ရှူလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့အစားစားချင်စိတ်ကိုလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် ယောဂဟာ အ၀လွန်သူတွေ (သို့မဟုတ်) သွေးတွင်းသကြားဓာတ်များပြားတဲ့အတွက် ကိုယ်အလေးချိန်ထိန်းလိုသူတွေအဖို့ အလွန်အကျိုးရှိတဲ့ လေ့ကျင့်ခန်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်ခြင်းကို ကာကွယ်ဖို့အတွက် လေ့ကျင့်တဲ့အခါမှာတော့ တတ်ကျွမ်းနားလည်တဲ့ ကျွမ်းကျင်ပညာရှင်ရဲ့ သင်ကြားပြသမှုတွေနဲ့သာပြုလုပ်သင့်ပါတယ်။

ယောဂကို စတင်ဆော့ကစားတဲ့အခါမှာတော့ မိမိတို့ရဲ့အကြောအချဉ်တွေက တောင့်တင်းနေတာဖြစ်တဲ့အတွက် ကောင်းစွာမကွေးနိုင်၊ ဆန့်မထုတ်နိုင်သေးတာမျိုးနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ဒါပေမယ့်လည်း လေ့ကျင့်တဲ့အကြိမ်အရေအတွက်ကများလာပြီဆိုရင်တော့ အသက်ရှူသွင်း၊ ရှူထုတ်တာကို ဟန်ချက်ညီညီနဲ့ပြုလုပ်လာနိုင်ပြီဖြစ်တာကြောင့် အကြောတွေကလည်း အထိုက်အလျောက် ပျော့ပျောင်းလာပြီး စိတ်ကလည်း ယခင်ကထက်ပိုမိုတည်ငြိမ်လာမှာဖြစ်ပါတယ်။

ယောဂကျင့်ဖို့အတွက်ကတော့ ဒူးနဲ့ တံတောင်ဆစ်တွေအပေါ်မှာ ဖိအားမဖြစ်စေဘဲ သက်တောင့်သက်တာဖြစ်ဖို့အတွင် Yoga Map လို့ခေါ်တဲ့ ဖျာတစ်ချပ်ကိုအဓိကလိုအပ်ပါတယ်။ အဝတ်အစားကိုတော့ မပွလွန်းမကျပ်လွန်းတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီအတို သို့မဟုတ် အရှည်ကိုဝတ်ဆင်ရမှာဖြစ်ပြီး ယောဂလေ့ကျင့်တဲ့အခါမှာ ခြေဗလာနဲ့သာကျင့်ရတာဖြစ်တဲ့အတွက် ဖိနပ်ကိုတော့မလိုအပ်ပါဘူး။ ယောဂကျင့်စဉ်ဟာဆိုရင် ခန္ဓာကိုယ်ကိုကွေးလိုက်၊ ဆန့်လိုက်နဲ့ ပုံစံအမျိုးမျိုးပြုလုပ်ရတဲ့လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် လေ့ကျင့်မယ့်အချိန် ထမင်း (သို့မဟုတ်) ဗိုက်ပြည့်တဲ့အစားအစာတွေ စားပြီးတဲ့အချိန်နဲ့ဝေးဝေးထားပြီး သတ်မှတ်ထားသင့်ပါတယ်။

ဒါပေမယ့် ဗိုက်ဆာနေတဲ့အခါမှာလည်း စိတ်အာရုံကိုစုစည်းပြီး ယောဂလေ့ကျင့်ဖို့ဆိုတာက ခက်ခဲတာမို့လို့ တကယ်လို့များ သင်က မကြာခဏဆိုသလိုဗိုက်ဆာတတ်သူဖြစ်တယ်ဆိုပါက ယောဂလေ့ကျင့်ခန်းမစတင်အချိန် နာရီဝက် (သို့မဟုတ်) တစ်နာရီလောက်မှာ ကြေညက်လွယ်တဲ့အစာမျိုးဖြစ်တဲ့ ဒိန်ချဥှ် (သို့မဟုတ်) သစ်သီးဖျော်ရည်တစ်ခွက်ကို သောက်သုံးထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။
ယောဂကျင့်စဉ်ဆိုတာက ကျား/မ မရွေး၊ လူကြီးလူငယ်မရွေး ပြုလုပ်နိုင်တဲ့လေ့ကျင့်ခန်းဆိုပေမယ့် တချို့သောကျင့်စဉ်တွေက အမျိုးသမီးတွေအတွက် သီးသန့်ဖြစ်သလို တချို့ကျင့်စဉ်တွေကျတော့လည်း အမျိုးသမီးတွေအနေနဲ့ ဓမ္မတာရာသီလာနေတဲ့အချိန်တွေမှာ မလုပ်သင့်ပါဘူး။ ဒါကြောင့် သင်က အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဓမ္မတာလာနေတယ်ဆိုပါက သင်ကြားပြသပေးတဲ့ နည်းပြဆရာမကို ယောဂမလေ့ကျင့်ခင်မှာ ကြိုတင်ပြောပြထားရမှာဖြစ်ပါတယ်။

ယောဂကိုစတင်လေ့ကျင့်ကြမယ့်သူတွေအနေနဲ့ အခုတင်ဆက်ဖော်ပြပေးခဲ့တာတွေကနေတစ်ဆင့် ယောဂလေ့ကျင့်ခန်းနဲ့ပတ်သက်လို့ သိရှိထားသင့်သလောက် သိသွားကြမယ်လို့ထင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ အာရုံစူးစိုက်နိုင်ဖို့အတွက်ပါ အလွန်အကျိုးရှိတဲ့ယောဂကျင့်စဉ်တွေကို စနစ်တကျနဲ့ လိုက်လံလေ့ကျင့်နိုင်ကြပါစေနော်။ MI Radio ရဲ့ချစ်ပရိသတ်တွေအားလုံး ကျန်းကျန်းမာမာနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.