YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ

လတ်တလော အနောက်နိုင်ငံတချို့မှာ ကူးစက်ပျံ့နှံ့နေတဲ့ရောဂါတစ်မျိုးကတော့ မျောက်ကျောက်ရောဂါလို့ခေါ်တဲ့ Monkeypox ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး သိရှိထားသင့်တဲ့အချက်အလက်တွေကို Health Tips အစီအစဉ်ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

မျောက်ကျောက်ရောဂါဆိုတာကတော့ မျောက်ကျောက်ဗိုင်းရပ်စ်ကူးစက်ခံရာကနေ ဖြစ်ပွားတတ်တဲ့ရောဂါမျိုးဖြစ်ပြီး လူတွေမှာ ဖြစ်ခဲတဲ့ရောဂါတစ်မျိုးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒီရောဂါကို ၁၉၅၈ ခုနှစ်တုန်းက မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒါကြောင့်လည်း မျောက်ကျောက်ရောဂါလို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ ကွန်ဂိုနိုင်ငံမှ လူတွေဆီမှာ စတင်ဖြစ်ပွားခဲ့ပြီး အဲဒီကနေမှတစ်ဆင့် အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိကနိုင်ငံ တွေဆီကို ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ ဒီမျောက်ကျောက်ရောဂါ (Monkeypox) ဟာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့ဖူးတဲ့ ကျောက်ကြီးရောဂါနဲ့ အနည်းငယ်ဆင်တူတယ်လို့ တချို့တွေဆိုကြပေမယ့် မျောက်ကျောက်ရောဂါကတော့ ကူးစက်နှုန်းနဲ့ ပြင်းထန်မှုနှုန်းနည်းပါးပြီး ၁၀ ယောက်မှာ ၁ ယောက် သေဆုံးနှုန်းရှိတာ ဖြစ်ပါတယ်။

WHO (World Health Organization) ကနေ မေလ ၂၁ ရက်နေ့တုန်းကထုတ်ပြန်ထားချက်အရတော့ အနောက်နိုင်ငံတွေမှာ ကူးစက်ခံထားရသူ လူဦးရေဟာ စုစုပေါင်း ၉၂ ဦးရှိပြီး သံသယရှိသူအရေအတွက်ကတော့ ၂၈ ဦးရှိတယ်လို့ သိရပါတယ်။ အရင်တုန်းကဆိုရင် ဒီရောဂါဟာ လိင်မှတစ်ဆင့်ကူးစက်တာမျိုးမရှိပေမယ့်လည်း အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနရဲ့ တွေ့ရှိချက်မှာတော့ လိင်တူဆက်ဆံကြတဲ့သူတွေမှာ လိင်မှတစ်ဆင့်ကူးစက်တတ်တယ်လို့ ဖော်ပြထားပါတယ်။

ရောဂါကူးစက်ပုံ

ဒီမျောက်ကျောက်ဗိုင်းရပ်စ်ဆိုတာဟာ ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်ကနေ လူကို ပထမဆုံးကူးစက်ပြီး အဲဒီနောက်မှ လူအချင်းချင်း ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ဒါကြောင့် ရောဂါပိုးရှိတဲ့ တိရိစ္ဆာန်တွေ၊ လူတွေနဲ့ အရာ၀တ္ထုတွေကို ထိတွေ့ကိုင်တွယ် မိတာတွေကနေတစ်ဆင့် ကူးစက်နိုင်သလို အရေပြားပေါက်ပြဲတဲ့နေရာတွေကနေလည်း ဗိုင်းရပ်စ်ပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။

ဒါ့အပြင် ယင်းဗိုင်းရပ်စ်ပိုးဟာ သေးငယ်လွန်းလှတာကြောင့် ရောဂါပိုးရှိတဲ့သူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်အမွှားတွေကလည်း အသက်ရှူလမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကို ဝင်ရောက်နိုင်ပါတယ်။ ဒီတစ်နေရာမှာတစ်ခုရှိတာက ဒီဗိုင်းရပ်စ်ရောဂါပိုးဟာ လေထဲပျံ့နှံ့နေခြင်းမရှိပဲ ရောဂါပိုးရှိသူနဲ့ အချိန်အကြာကြီး ထိတွေ့မှုရှိနေမှ ကူးစက်တာဖြစ်တယ်လို့ သိရပါတယ်။

ရောဂါလက္ခဏာ

လူတွေမှာဖြစ်တဲ့ မျောက်ကျောက်ရောဂါဟာ ရိုးရိုးကျောက်ရောဂါနဲ့ဆင်တူတယ်ဆိုပေမယ့် လက္ခဏာတွေက အဲဒီကျောက်ရောဂါလောက် ပြင်းထန်ခြင်းမရှိပါဘူး။ မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီဆိုရင်တော့ ၇ ရက်ကနေ ၁၄ ရက်အတွင်း ရောဂါလက္ခဏာပြနိုင်သလို တချို့တွေမှာလည်း ၅ ရက်ကနေ ၂၁ ရက်အတွင်း လက္ခဏာပြတာမျိုးရှိပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး အစောပိုင်းကာလတွေမှာ‌ဆိုရင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ နောက်ကျောနှင့် ခါးများနာကျင်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ ချမ်းတုန်ခြင်း၊ ခြေကုန်လက်ပမ်းကျခြင်းနဲ့ မောပန်းလွယ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အဲဒီနောက် အဖျားဝင်နေတဲ့ ၃ ရက် အတွင်းမှာတော့ မျက်နှာမှာ အဖုအပိန့်တွေ စတင်ထွက်လာပြီး အဲဒီကနေမှ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေဆီကို ပြန့်သွားတာ ဖြစ်ပါတယ်။

အဖုအပိန့်တွေထွက်လာပြီးနောက်မှာတော့ အသားအရည် အရောင်ပြောင်းခြင်း၊ အနာစက်များထွက်ရှိလာခြင်း၊ အရည်ကြည်ဖုများ ထွက်ရှိလာခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ မျောက်ကျောက်ရောဂါဖြစ်ပြီဆိုရင် ရက်သတ္တပတ် ၂ ပတ်ကနေ ၄ ပတ်အထိခံစားရနိုင်ပြီး ၄ ပတ်ကြာပြီးကာမှ ဝေဒနာတွေပြန်လည်သက်သာသွားမှာဖြစ်ပါတယ်။ ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ အာဖရိကတိုက်ဘက်မှာတော့ မျောက်ကျောက်ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦးမှာ ၁ ဦး သေဆုံးနှုန်းရှိတယ်လို့ ဆိုပါတယ်။

ဘယ်လိုကုသမလဲ။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ US FDA မှ Jynneos SmallPox and Monkeypox Vaccine ကို အသက် ၁၈ နှစ်နဲ့ အထက်ရှိသူတွေကို ထိုးပေးဖို့အတွက် ခွင့်ပြုပေးထားပါတယ်။ SmallPox လို့ခေါ်တဲ့ ကျောက်ကြီးရောဂါကတော့ ၁၉၈၀ ခုနှစ်ကတည်းက ကမ္ဘာပေါ်မှာမရှိတော့ကြောင်းကို WHO က တရားဝင်ကြေညာထားတာကြောင့် ၁၉၇၂ ခုနှစ်လောက်ကတည်းက ကာကွယ်ဆေးထိုးခြင်းကို ရပ်နားထားခဲ့ပြီဖြစ်ပါတယ်။ Monkeypox Vaccine ကိုထိုးပေးဖို့ ခွင့်ပြုရတဲ့အကြောင်းကတော့ ဒီရောဂါဟာ ပြန်လည်ဖြစ်ပွားနိုင်တယ်ဆိုတဲ့ အခြေအနေတွေရှိတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ထိုးနှံပေးခြင်းမရှိသေးပဲ ဟိုးအရင်တုန်းကသုံးခဲ့တဲ့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကတော့ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ အသက် ၅၀ ကျော် ပတ်ဝန်းကျင်ရှိတဲ့သူတွေဆိုရင်တော့ ကာကွယ်ဆေးထိုးပြီးတဲ့သဘောဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ။

ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေအနေနဲ့လည်း ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ အဲဒီနည်းလမ်းတွေထဲက အရေးကြီးတာ တစ်ခုကတော့ ဖျားနေတဲ့ (သို့မဟုတ်) သေဆုံးနေတဲ့ တိရိစ္ဆာန်တွေ၊ သတ္တဝါတွေကို အကာအကွယ်မပါပဲ လွယ်လင့်တကူ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်မိဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖျားနာနေတဲ့သူ အသုံးပြုထားတဲ့ အသုံးအဆောင်တွေကိုလည်း ထိတွေ့ကိုင်တွယ်တာမျိုး ရှောင်ရှားသင့်ပြီး ရောဂါပိုးကူးစက်ခံထားရတယ်လို့ သံသယရှိရင်တော့ အဲဒီလူကို သီးခြားခွဲထားတာ အကောင်းဆုံးပါပဲ။

ကာကွယ်နိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုတစိုက်နဲ့ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ ရောဂါပိုးရှိနေတဲ့ လူ (သို့မဟုတ်) တိရိစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါတိုင်းမှာ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ ရေမရရှိနိုင်တဲ့နေရာမှာဆိုရင်လည်း လက်သန့်ဆေးရည်ကို အသုံးပြုပေးသင့်တယ်လို့ အကြံပေးထားပါတယ်။

ဒီလောက်ဆိုရင်တော့ မျောက်ကျောက်ရောဂါနဲ့ပတ်သက်တဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေကို သိရှိလောက်ကြပါပြီနော်။ နောက်တစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာလည်း ဘယ်လိုဗဟုသုတရစရာအကြောင်းတွေကို တင်ဆက်ပေးဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးကြပါဦး။ ဖတ်ရှုအားပေးတဲ့ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.