YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

နှုတ်ခမ်းအလှအပအတွက် သင်မသိသေးတဲ့အချက်များ

သင်က နှုတ်ခမ်းကို လျှာနဲ့ မကြာခဏသပ်တတ်တဲ့ အကျင့်ရှိတဲ့သူလား။တစ်ခုခုကို စဉ်းစားရင်း နှုတ်ခမ်းကို သွားနဲ့ကိုက်ထားမိတာတို့ လက်နဲ့ဆိတ်မိတာတို့ လုပ်တတ်တဲ့ အကျင့်တွေရှိပါသလား။အဲတာဆိုရင်တော့ အောက်ကအချက်ကလေးတွေကို သတိထားပြီး ဂရုတစိုက်လုပ်ကြဖို့ လိုပါမယ်နော်။

လူတိုင်း သတိမပြုမိကြပေမယ့် နှုတ်ခမ်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနူးညံ့ဆုံးနဲ့ အနုနယ်ဆုံး အစိတ်အပိုင်းတွေထဲမှာ ပါဝင်ပါတယ်။ဒါ့အပြင် လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်မှာ နှုတ်ခမ်းက အဓိကကျတဲ့နေရာထဲမှာ ပါဝင်နေပြီးတော့ နှုတ်ခမ်းကျန်းမာရေးကလဲ မိမိရဲ့ မျက်နှာအသားအရေနဲ့ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေလိုပဲ အရေးကြီးပါတယ်။အဲတော့ ကျန်းမာလှပတဲ့ နှုတ်ခမ်းတစ်စုံရှိဖို့အတွက် အခုပြောပြပေးသွားမယ့် ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို သိရှိလိုက်နာနိုင်ဖို့ လိုအပ်ပါတယ်။

ပထမဆုံးအချက်က မိမိရဲ့ နဂိုကျန်းမာနေတဲ့ နှုတ်ခမ်းသားတွေကို မပျက်စီးအောင် ထိန်းသိမ်းရမှာပါ။အထက်မှာဖော်ပြခဲ့တဲ့ နှုတ်ခမ်းသပ်ခြင်း၊ လက်သည်းသို့မဟုတ် အခြားအရာဝတ္ထုတွေနဲ့ မကြာခဏထိတွေ့ကိုင်တွယ်ခြင်း စတာတွေက နှုတ်ခမ်းသားပေါ်က ပါးလွှာတဲ့ အရေပြားနုနုလေးတွေကို ပျက်စီးစေနိုင်ပါတယ်။ဒီနေရာမှာ တော်တော်များများ နှုတ်ခမ်းကို တံတွေးနဲ့ဆွတ်ရင်၊ သပ်ပေးရင် နှုတ်ခမ်းစိုတယ်လို့ အယူမှားတတ်ကြပါတယ်။တစ်ကယ်တော့ လူတွေရဲ့ တံတွေးမှာပါဝင်တဲ့ အချို့သော အင်ဇိုင်းတွေက နှုတ်ခမ်းသားရဲ့ အပေါ်လွှာမှာရှိတဲ့ အရေပြားကို အချိန်ကြာလာတာနဲ့ အမျှထိခိုက်စေနိုင်ပြီး နှုတ်ခမ်းခြောက်တာ၊ နှုတ်ခမ်းကွဲတာတွေကို အားပေးနိုင်ပါတယ်။ဒါကြောင့် မိမိကိုယ်တိုင်က အမှတ်မထင် သတိမထားမိပဲ ဒီလိုအကျင့်လေးတွေ လုပ်ဖြစ်နေမယ်ဆိုရင် အချိန်မှီပြင်ဆင်နိုင်ဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က မိမိတို့ အသုံးပြုနေတဲ့ နှုတ်ခမ်းနီနဲ့ အခြားမျက်နှာပေါ်မှာတင်လေ့ရှိတဲ့ အလှကုန်ပစ္စည်းတွေမှာ Eucalyptus, Menthol, Camphor, Cinnamon Flavour, Citrus Flavour, Mint Flavour, and Peppermint Flavour, Salicylic Acid, Propyl Gallate စတဲ့ ကွန်ပေါင်းတွေ ပါမယ်ဆိုရင်တော့ နှုတ်ခမ်းသားပေါ် မတင်မိစေဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် ပြင်ပရာသီဥတုကြောင့်လည်း နှုတ်ခမ်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့နေရာမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်နေရတဲ့သူများ၊ ရာသီဥတုပြင်းထန်တဲ့ နေရာဒေသမှာ နေသူများအနေနဲ့ အပြင်ထွက်တဲ့အခါမှာ နှုတ်ခမ်းအဆီတောင့် (Lip Balm) သို့မဟုတ် နှုတ်ခမ်းကို ကာကွယ်နိုင်မယ့် ဆေးတစ်ခုခု အသုံးပြုပေးခြင်း သို့မဟုတ် နှုတ်ခမ်းကို တစ်ခုခုနဲ့ ကာကွယ်ဖုံးအုပ်ထားခြင်းမျိုး ပြုလုပ်ကြဖို့ လိုအပ်ပါတယ်။အခုဖော်ပြသွားခဲ့တဲ့ ကွန်ပေါင်းတွေ၊ နေပူဒဏ်၊ ရာသီဥတုဒဏ်တွေက နှုတ်ခမ်းသားမှာ ယောင်ယမ်းမှု၊ ယားယံမှု၊ ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပြီးတော့ အချို့ဆိုးရွားတဲ့အချိန်တွေမှာဆိုရင် နှုတ်ခမ်းကင်ဆာအထိ ဖြစ်နိုင်ချေရှိပါတယ်။

ဒါဆို ကျန်းမာလှပတဲ့ နှုတ်ခမ်းတစ်စုံရဖို့ ဘာတွေလိုအပ်သလဲ။

၁။ ရေများများသောက်ဖို့ လိုအပ်ပါတယ်။ရေသောက်ခြင်းက ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးကို အကျိုးပြုပေးနိုင်ရုံမကပဲ နှုတ်ခမ်းခြောက်ခြင်း၊ နှုတ်ခမ်းကွဲခြင်းတို့ကို အမြန်ဆုံးသက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

၂။ အလှကုန်ပစ္စည်းတွေကို သေချာရွေးချယ် အသုံးပြုပြီး သဘာဝကရတဲ့ အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတဲ့ နှုတ်ခမ်းအဆီတွေကိုသုံးပါ။ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါမှာ မိမိနှုတ်ခမ်းနဲ့တည့်တာကို သေသေချာချာ ရွေးချယ်ဝယ်ယူပြီး ပူခြင်း၊ ယားယံခြင်းတွေဖြစ်လာပါက အချိန်မှီပြောင်းသုံးသင့်ပါတယ်။ဒါ့အပြင် အခြားသဘာဝအဆီတွေနဲ့ ပြုလုပ်ထားတဲ့ နှုတ်ခမ်းအဆီတွေကို မိမိကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီအရောင်တွေနဲ့ ရောစပ်အသုံးပြုခြင်းက လှပစေသလို ကျန်းမာစေနိုင်ပါတယ်။

၃။ နှုတ်ခမ်း စခရပ် (Lip Scrub) တွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။နှုတ်ခမ်းပေါ်က အရေပြားအဟောင်းလေးတွေ (သို့မဟုတ်) ဆဲလ်သေတွေကို ညင်ညင်သာသာ ပွတ်တိုက်ဖယ်ရှားပြီးတော့ အရေပြားအသစ်တွေလဲနိုင်အောင် တစ်ပတ် တစ်ခါ သို့မဟုတ် နှစ်ပတ် တစ်ခါလောက် ရေဓာတ်ပါဝင်တဲ့ နှုတ်ခမ်း စခရပ်လေးတွေနဲ့ ဆေးကြောပေးသင့်ပါတယ်။

အပေါ်မှာရေးပြခဲ့တဲ့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို သိရှိလိုက်နာပြီး လှပကျန်းမာတဲ့ နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နောက်တစ်ပတ်ရဲ့ Health Tips မှာ ဘယ်လိုစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေ တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးရှင်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.