YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

စိတ်ကျရောဂါဖြစ်လာရင် ကိုယ့်အသက်ကိုကိုယ်ရန်ရှာလာနိုင်မလား။

မိမိရဲ့ဘဝမှာ ကျရှုံးမှုတွေ စိတ်ပျက်အားငယ်မှုတွေ ကြုံလာရတဲ့အခါမှာ တစ်ယောက်တည်း မှိုင်တွေငေးမောပြီး ဘယ်သူမှမမြင်မသိတဲ့ နေရာတစ်ခုမှာ သွားနေချင်တဲ့ အချိန်မျိုးတွေ အနည်းနဲ့အများတော့ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။အဲလိုတွေဖြစ်လာတဲ့အခါမျိုးမှာ မိမိရဲ့ စိတ်ကျန်းမာရေး ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုမစိုက်မိကြတဲ့အချိန်မျိုးတွေ ရှိတတ်ပါတယ်။ဒီနေ့မှာ ပြောပြသွားချင်တဲ့ Psychosocial Health ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးက စိတ်ကြောင့်ဖြစ်တဲ့ရောဂါတွေကို ဘယ်လိုကာကွယ်ကြမလဲ၊ ရောဂါဖြစ်လာရင်ရော စိတ်နဲ့ပဲ ဘယ်လိုပြန်လည်ကုသနိုင်လဲဆိုတာကိုပါ ပရိသတ်တို့အတွက် ဗဟုသုတရဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

စိတ်ကြောင့်ဖြစ်တဲ့ရောဂါ

ဘယ်လိုရောဂါတွေက စိတ်ကြောင့်ဖြစ်နိုင်သလဲ။

ဒီမေးခွန်းရဲ့ အဖြေကတော့ လူတစ်ယောက်ချင်းဆီပေါ်မှာ မူတည်သွားပါတယ်။ယေဘုယျအားဖြင့် ပြောနိုင်တာကတော့ ရောဂါအားလုံးက စိတ်ကြောင့်ဖြစ်လာနိုင်ပါတယ်။စိတ်ဓာတ်ကျခြင်း စိတ်အားငယ်ခြင်း စတာတွေကတစ်ဆင့် မိမိရဲ့ကျန်းမာရေးကို လစ်လျူရှုမိတာကြောင့် နောက်ဆက်တွဲအနေနဲ့ ပြင်ပရောဂါတွေ ဝင်လာနိုင်တာပဲဖြစ်ပါတယ်။ဒါ့အပြင် အခုလို ရောဂါကပ်ဘေး စီးပွားရေးအကျပ်အတည်း ကျရောက်နေဆဲကာလ၊ စစ်ပွဲသတင်းတွေနဲ့ အခြားစိတ်မချမ်းသာဖွယ်ရာ အကြောင်းအရာတွေကြောင့် စိတ်ကျန်းမာရေးအခြေအနေဟာ ကမ္ဘာနဲ့တစ်ဝှမ်းမှာ စိုးရိမ်စရာအဆင့်ကို ရောက်လာခဲ့ပြီဖြစ်တယ်လို့ ကမ္ဘာ့စိတ်ရောဂါကုသရေးအဖွဲ့ရဲ့ ပြောကြားချက်မှာ ပါဝင်ပါတယ်။ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်တဲ့ ကိုဗစ်ရောဂါကပ်ဘေးကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့၊ ဝင်ငွေလျော့နည်းသွားတဲ့ အိမ်တွေမှာရှိတဲ့ လူတွေရဲ့ စိတ်ရောဂါကျန်းမာရေးကို ဆန်းစစ်တဲ့ စစ်တမ်းတစ်ခုမှာဆိုရင် အမျိုးသမီးတွေ၊ ကျောင်းတက်နေဆဲ လူငယ်အရွယ်တွေနဲ့ ကလေးငယ်လေးတွေမှာ စိတ်ကျရောဂါခံစားရဖို့ အန္တရာယ်အများဆုံးရှိတယ်လို့ တွေ့ရပါတယ်။

ဘယ်လိုကာကွယ်နိုင်မှာလဲ။

စိတ်ရောဂါပညာရှင်တွေအနေနဲ့ကတော့ စိတ်ကျရောဂါကို ကာကွယ်နိုင်မယ့် တစ်သမတ်တည်း နည်းလမ်းဆိုတာတော့ မရှိပါဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မိမိအနေနဲ့ စိတ်ဓာတ်ကျနေတာ ဖိအားတွေများနေတယ်လို့ ခံစားရတယ်ဆိုရင်တော့ အခုအချက်တွေကို လေ့ကျင့်သင့်တယ်လို့ ဆိုပါတယ်။

(၁) မိမိကိုယ်ကို တန်ဖိုးထားပါ။

စိတ်ရောဂါဖြစ်တဲ့သူတွေရဲ့ နောက်ဆုံး အဆိုးဆုံးလုပ်ရပ်က အဆုံးစီရင်ရန် ကြံစည်ခြင်းပါ။မိမိကိုယ်ကို ဒီနေရာမှာ ဆက်နေဖို့ ဒီအရာတွေကို ဆက်လုပ်နေဖို့ မဖြစ်နိုင်တော့ဘူး မလုပ်နိုင်တော့ဘူးလို့ ထင်တဲ့အချိန်မှာ မိမိကိုယ်ကိုယ်သတ်သေဖို့ အတွေးတွေ ဝင်လာတတ်ပါတယ်။အဲလိုအတွေးတွေကိုဖျောက်ပြီး မိမိကို တန်ဖိုးထား ချစ်ခင်သူတွေရဲ့ အမြင်ကနေတစ်ဆင့် မိမိကိုယ်ကို ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သိလာအောင် တွေးပေးမြင်ပေးပါလို့ ဆိုပါတယ်။

(၂) ကျန်းမာရေးကို ဂရုစိုက်ပါ။

စိတ်ကျန်းမာမှ လူကျန်းမာမယ်၊ လူကျန်းမာမှ စိတ်ကျန်းမာမယ်ဆိုတဲ့ စကားအတိုင်း စိတ်ရောဂါက မိမိရဲ့ ကိုယ်ခန္ဓာကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

(၃) မိမိစိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ ဝေးအောင်နေပါ။

မိမိကို စိတ်ဓာတ်ကျစေတဲ့ လူဖြစ်စေ၊ အကြောင်းအရာဖြစ်စေ တတ်နိုင်သမျှ ကင်းဝေးအောင် နေထိုင်ပါ။မိမိကို စိတ်ချမ်းသာစေတဲ့အရာတွေ ပျော်ရွှင်စေတဲ့အရာတွေနဲ့ အချိန်ပြည့် ကိုယ့်ကိုယ်ကိုယ် ဝန်းရံထားပါ။

(၄) အရက်သေစာနဲ့ အခြားမူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ပါ။

အချို့က အရက်သောက်ရင် စိတ်ညစ်စရာတွေ မေ့သွားတယ်လို့ ပြောတတ်ကြပါတယ်။အဲစကားတွေက မှားပါတယ်လို့ စိတ်ပညာရှင်တစ်ဦးက ချေပထားပါတယ်။အရက်သေစာနဲ့ မူးယစ်ဆေးဝါးတွေက မိမိရဲ့ နဂိုမူရင်း စိတ်ထဲမှာရှိတာတွေကို ပိုပြီး ထင်ရှားပေါ်လွင်လာအောင် ပြုလုပ်ပေးတတ်တာကြောင့် စိတ်ဓာတ်ကျနေသူကို ပိုကျစေပြီး ဒေါသဖြစ်နေသူကို ပိုပြီးဒေါသဖြစ်လွယ်စေတတ်ပါတယ်လို့ ဆိုပါတယ်။

(၅) စိတ်ဓာတ်ကျခြင်းကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ သင်ယူပါ။

စိတ်ဓာတ်ကျခြင်းကို ကျော်လွှားနိုင်အောင်လုပ်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အမြင်၊ ခံယူချက်နဲ့ ယုံကြည်မှုတွေအပေါ်မှာ နည်းလမ်းတွေ ကွာခြားသွားတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။အချို့တွေက လက်ရှိပြဿနာတစ်ခုကြောင့် စိတ်ဓာတ်ကျနေခြင်းဖြစ်ပြီး အဲပြဿနာပြေလည်သွားတဲ့အခါမှာ အလိုလို စိတ်အားတက်ကြွလာတတ်ပါတယ်။အချို့ကကျ အောင်မြင်မှုကို ငတ်မွတ်နေတဲ့သူမျိုးဖြစ်ပြီး နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတွေထဲကမှ တစ်ခုခုကို လုပ်နိုင်လိုက်တာ အောင်မြင်နိုင်လိုက်တာမျိုးနဲ့ ပြန်လည်စိတ်အားတက်လာတတ်ကြပါတယ်။ဒါကြောင့် မိမိစိတ်ဓာတ်ကျနေတဲ့အခါမှာ ဘာကြောင့်လဲဆိုတာ ဆန်းစစ်ပြီး ဘယ်လိုစိတ်အားတက်အောင် ပြန်လည်လုပ်ဆောင်ရမလဲဆိုတာ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း စတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်တိုင်ရှာဖွေရမယ့် အဖြေတစ်ခုဖြစ်ပါတယ်။

စိတ်ကျရောဂါခံစားနေရရင် ဘယ်လိုကုသရမှာလဲ။

စိတ်ကျခြင်းဆိုတဲ့ စိတ်ရောဂါမျိုးဟာ ဆေးထိုးဆေးသောက်ရုံနဲ့ ပျောက်ကင်းနိုင်တဲ့ ရောဂါအမျိုးအစားတွေ မဟုတ်ပါဘူး။စိတ်ကို စိတ်နဲ့ပဲကုရတယ်ဆိုသလိုပဲ ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာကို ခံစားနေရတဲ့သူတွေအနေနဲ့ တိုင်ပင်ဆွေးနွေးသူတွေနဲ့ တွေ့ဆုံပြီး မိမိစိတ်ထဲက အကြောင်းအရာတွေကို ပြောပြဆွေးနွေးရမှာဖြစ်ပါတယ်။မိမိကိုယ်ကို စိတ်ကျရောဂါခံစားနေရပြီလို့ သံသယရှိနေပြီဆို မိမိရဲ့အနားမှာရှိတဲ့သူတွေကို ရင်ဖွင့်ဆွေးနွေးပြီး လိုအပ်တဲ့အကူအညီတွေ ရယူနိုင်ဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။

MI Radio ပရိသတ်များအားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်စွာနေနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.