YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ကြက်ဥအကာကို မျက်နှာအရေပြားပေါ် အသုံးပြုသင့်သလား။

ဒီတစ်ပတ် Health Tips အစီအစဉ်မှာတော့ အလှအပရေးရာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးတစ်ခုကို တင်ဆက်ပေးသွားချင်ပါတယ်။ အဲဒါကတော့ မျက်နှာအသားအရည်ကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ မိန်းကလေးတွေ အများစုအသုံးပြုနေကြတဲ့ ကြက်ဥအကာ အကြောင်းပါပဲ။ 🙋

– ကြက်ဥအကာမှာ ဘယ်လိုအာနိသင်တွေရှိနေသလဲ။

– မျက်နှာအသားအရည်လှပဖို့အတွက် ကြက်ဥအကာကို တကယ်ပဲအသုံးပြုသင့်သလား။

အလှအပကြိုက်နှစ်သက်ပြီး မိမိရဲ့အသားအရည်ကို ဂရုတစိုက်ရှိတဲ့သူတွေဟာဆိုရင် သူတို့ရဲ့ မျက်နှာ အသားအရည် လှပဖို့အတွက်ကိုလည်း နည်းလမ်းမျိုးစုံနဲ့ ထိန်းသိမ်းတတ်ကြပါတယ်။ အဲဒီလိုထိန်းသိမ်းတဲ့အခါမှာ စနစ်တကျနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အများဆုံးအသုံးပြုတတ်ကြပေမယ့် တချို့တွေ ကတော့ အင်တာနက်မှာတွေ့ရတဲ့နည်းလမ်းတွေအတိုင်း အိမ်မှာအလွယ်တကူရရှိနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အသုံးပြုတတ်ကြပါတယ်။ ပျိုမေတို့အနေနဲ့ အသားအရည်လှပဖို့အတွက် အများဆုံးအသုံးပြုလေ့ရှိတဲ့ မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးကတော့ ကြက်ဥပဲဖြစ်ပါတယ်။ ကြက်ဥရဲ့အကာကို အသားအရည်တင်းရင်းစေဖို့နဲ့ ချွေးပေါက်ကင်းကာ ချောမွေ့တောက်ပရှိစေဖို့အတွက် အသုံးပြုကြတာကိုတွေ့ရပါတယ်။

ကြက်ဥအကာကိုအသုံးပြုတာက အလှကုန်ပစ္စည်းတွေထက် အကုန်အကျများစွာသက်သာတယ်ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ မထင်မှတ်ထားတဲ့ဆိုးကျိုးတွေကို ရလာနိုင်တဲ့အခြေအနေတွေရှိပါတယ်။ ဒါကြောင့်လည်း ပညာရှင်တွေက ကြက်ဥအစိမ်း (သို့မဟုတ်) ကြက်ဥအကာကို မိမိတို့စိတ်ရှိတဲ့အတိုင်း လွယ်လင့်တကူ အသုံးမပြု သင့်ဘူးလို့ အကြံပြုထားကြပါတယ်။ ကြက်ဥအကာအသုံးပြုမှုကြောင့်ရလာနိုင်တဲ့ ဆိုးကျိုးတွေကတော့

– ဓာတ်မတည့်မှုဖြစ်ခြင်း

ကြက်ဥနဲ့ဓာတ်မတည့်တဲ့သူတွေဆိုရင် ကြက်ဥကို မစားသုံးသင့်သလို၊ ကြက်ဥအစိမ်း (သို့) ကြက်ဥအကာကိုလည်း အရေပြားနဲ့မထိတွေ့သင့်ပါဘူး။ တကယ်လို့ ဒါကိုသတိမမူဘဲနဲ့ အသားအရည်ထိန်းသိမ်းမှုအတွက် မျက်နှာ အရေပြားပေါ်မှာ အသုံးပြုမိမယ်ဆိုရင်တော့ ပြင်းထန်စွာယားယံခြင်း၊ နီမြန်းခြင်း၊ အင်ပျဉ်ထခြင်းနဲ့ အသက်ရှုကြပ်ခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။

– အစာအိမ်နဲ့အူလမ်းကြောင်းမှာပြဿနာဖြစ်ပေါ်ခြင်း

ဒီတစ်ချက်ကိုတော့ ဖတ်ရှုသူပရိသတ်တွေအနေနဲ့ အနည်းငယ်ဇဝေဇဝါဖြစ်သွားမယ်ထင်ပါတယ်။ ဒါပေမယ့် တကယ်လည်း ဒါဟာ ကြက်ဥမစားနိုင်ကြတဲ့သူတွေအနေနဲ့ ကြက်ဥကိုမျက်နှာအရေပြားပေါ်အသုံးပြုမိတဲ့ အခါမျိုးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတစ်မျိုးဖြစ်ပါတယ်။ ကြက်ဥစားမိလိုက်တဲ့အခါ အရေပြားယားယံတာ၊ နီမြန်းပြီးအင်ပျဉ်တွေထတာ၊ အသက်ရှုကြပ်တာမျိုးတွေက ကြက်ဥနဲ့ဓာတ်မတည့်တဲ့သူတွေမှာဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဖြစ်ပေမယ့်လည်း ကြက်ဥမစားနိုင်တဲ့သူတွေမှာတော့ အဲဒီလိုအခြေအနေတွေနဲ့ကွဲပြားစွာ အစာအိမ်နဲ့အူလမ်းကြောင်းမှာမအီမသာဖြစ်ပြီး နေထိုင်မကောင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက်ဥအစိမ်းရဲ့ အနံ့ကိုရတဲ့အခါမှာလည်း ကြက်ဥမစားနိုင်တဲ့သူတွေအနေနဲ့ အလားတူဝေဒနာမျိုးကို ခံစားရနိုင်ပါတယ်။

– Salmonella ဘက်တီးရီးယား ကူးစက်ခံရနိုင်ခြင်း

ကြက်ဥကို မျက်နှာအရေပြားပေါ်တင်မိတာနဲ့ပတ်သက်လို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ Salmonella ဘက်တီးရီးယား ကူးစက်ခံရနိုင်ခြင်းပါပဲ။ Salmonella ဘက်တီးရီးယားကူးစက်ခြင်းဟာဆိုရင် အသားစိမ်းတွေ၊ ပင်လယ်စာတွေစားသုံးတဲ့အခါမျိုးမှာဖြစ်ပေါ်လာနိုင်တဲ့ ရှားပါးလက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးကူးစက်မှုက ရှားပါးတယ်ဆိုပေမယ့်လည်း တကယ်လို့များ ကံမကောင်းလို့ကူးစက်ခံရမယ်ဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ကို ၁၀ ရက်အထိခံစားရနိုင်တယ်လို့ ဆိုပါတယ်။

– အရေပြားယားယံခြင်း

သင်က ကြက်ဥနဲ့လည်း ဓာတ်တည့်တယ်၊ ကြက်ဥကိုလည်း စားသုံးနိုင်တဲ့သူဖြစ်ပေမယ့်လည်း တစ်ခါတစ်လေမှာ ပြဿနာအနည်းငယ်ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒါကတော့ အသားအရည်ယားယံတာပါပဲ။ အကယ်၍များ ကြက်ဥအကာနဲ့ မျက်နှာအသားအရည်ထိန်းသိမ်းမှုလုပ်နေတဲ့အချိန်အတွင်းမှာ အသားအရည်ယားယံမှုတွေ အနည်းငယ်ရှိလာတယ်ဆိုရင်တော့ ချက်ချင်းရေနဲ့မျက်နှာသစ်ပြီး အသုံးပြုမှုကိုရပ်တန့်ဖို့အတွက် အကြံပေးပါရစေ။

– ထိခိုက်ဒဏ်ရာတွေကို ပိုးကူးလွယ်ခြင်း

တကယ်လို့များ သင့်ရဲ့အရေပြားမှာ ထိခိုက်ရှနာဒဏ်ရာတွေရှိနေတယ်ဆိုရင်တော့ အစားအစာအစိမ်းတွေနဲ့ လုံး၀မထိတွေ့တာ အကောင်းဆုံးပါပဲ။ ကြက်ဥအစိမ်း (သို့) ကြက်ဥအကာမှာလည်း မမြင်နိုင်တဲ့ပိုးမွှားတွေက ပါဝင်နေတာကြောင့် ထိခိုက်ဒဏ်ရာရှိနေတဲ့မျက်နှာပေါ်မှာ ကြက်ဥအကာကိုအသုံးပြုလိုက်မယ်ဆိုရင် ဒဏ်ရာတွေကို ပိုးကူးလွယ်ပြီး အနာပိုရင်းသွားစေနိုင်ပါတယ်။

ဒီအချက်တွေအပြင် ကြက်ဥအကာကိုအသုံးပြုပြီး မျက်နှာအသားအရည်ထိန်းသိမ်းတာကလည်း ထင်ထားသလို အကျိုးရလဒ်တွေအလွယ်တကူမရလာနိုင်ပါဘူး။ အသုံးပြုပြီးကာစအချိန်မှာတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတယ်လို့ထင်ကောင်းထင်ရပေမယ့်လည်း အချိန်အနည်းငယ်အကြာမှာဆိုရင် ထူးခြားတဲ့ရလဒ်တွေမရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ရဲ့မျက်နှာအသားအရည်ကို အစက်အပျောက်တွေကင်းစေလိုတယ်၊ အရေးအကြောင်းတွေလျှော့ချစေလိုတယ်၊ ကြည်လင်တောက်ပလိုတယ်ဆိုရင်တော့ စနစ်တကျနဲ့ထုတ်လုပ်ထားတဲ့ အသားအရည်ထိန်းသိမ်းမှုဆိုင်ရာပစ္စည်းတွေကို ရွေးချယ်အသုံးပြုသင့်တယ်လို့ အလှအပရေးရာပညာရှင်တွေက အကြံပေးထားကြပါတယ်။ ဒါပေမယ့်လည်း သင့်အနေနဲ့ ကြက်ဥအကာကိုမှ မျက်နှာအသားအရည်အတွက် အသုံးပြုချင်ပါတယ်ဆိုရင်တော့ မွေးမြူရေးကြက်ဥတွေထက် အော်ဂဲနစ်ကြက်ဥတွေကို ချိန်ဆပြီးသုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလောက်ဆိုရင်တော့ ကြက်ဥအစိမ်း (သို့မဟုတ်) ကြက်ဥအကာကို မျက်နှာအရေပြားပေါ်မှာ အသုံးပြုတာက ဘယ်လိုမျိုးရလဒ်တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို နားလည်သိရှိသွားကြမယ်လို့ ထင်ပါတယ်နော်။ လာမယ့် Health Tips အစီအစဉ်တွေမှာရော ဘယ်လိုမျိုးကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဗဟုသုတအကြောင်းအရာတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.