YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

သဘာဝဗီတာမင်စီတွေ အများဆုံးရရှိနိုင်မယ့် နာနတ်သီး

အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့ စကားပုံအတိုင်းပဲ အခုလို ရောဂါတွေဖြစ်ပွားပျံ့နှံ့နေတဲ့ အချိန်ကာလမှာ အရသာလည်းရှိ အာဟာရလည်းပြည့်ဝ မိမိကိုယ်ခန္ဓာအတွက်လဲ အကျိုးပြုမယ့် အစားအသောက်တွေကို ရွေးချယ် စားသောက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် MI Radio ပရိသတ်တို့အတွက် ဒီတစ်ပတ် Health Tips အစီအစဉ်ကနေ နာနတ်သီးရဲ့ အသုံးဝင်ပုံတွေ အကျိုးကျေးဇူးတွေကို စုစည်းတင်ဆက် ပေးလိုက်ရပါတယ်။🙋‍♂️

***နာနတ်သီးမှာ ရောဂါတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်***

နာနတ်သီးမှာ ဖယ်နိုလစ်, ဖလဗိုနိုက်နဲ့ ဗီတာမင် စီ စတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidants) တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းနဲ့ မလိုအပ်တဲ့ ရဒီကယ် (Radicals) တွေကို ချေဖျက် ပေးနိုင်ပါတယ်။ ရဒီကယ်ဆိုတာက ဆဲလ်တွေကို သေဆုံးစေနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါ၊အသည်းအဆီဖုံးခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါစတဲ့ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။ ဒါ့ကြောင့် အချို့သောရောဂါဆရာဝန်တွေက ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ထဲက ရဒီကယ်တွေကို တိုက်ခိုက်ထိန်းချုပ်နိုင်ဖို့ နာနတ်သီးကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်စားပေးဖို့ အကြံပေးတာတွေ ရှိတယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် နာနတ်သီးမှာ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ခံကာကွယ်ပေးတဲ့စနစ် (Immune System) ကိုအားတိုးစေတဲ့ ဗီတာမင်စီဓာတ်တွေ အများဆုံးပါဝင်ပါတာကြောင့် အခုလိုကာလမှာ ပုံမှန်စားသုံး ပေးသင့်တဲ့ အသီးဖြစ်ပါတယ်။

***နာနတ်သီးမှာ အစာနဲ့အဆီကို ခြေဖျက်နိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်***

နာနတ်သီးမှာ ကယ်လိုရီဓာတ်ပါဝင်မှု အလွန်နည်းပါးပြီးတော့ သူ့မှာပါဝင်တဲ့ အင်ဇိုင်းတွေက အစာအိမ်အတွက် အထောက်အကူပြုပေးပြီး ကောင်းမွန်စွာ အစာချေဖျက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် တစ်ခုခုစားပြီးတဲ့ အချိန်မှာ နာနတ်သီးကို အချိုတည်းတဲ့ အနေနဲ့ စားသုံးမယ်ဆိုရင်လည်း ဗိုက်ပွခြင်း၊ လေပွခြင်းစတာတွေကို ကာကွယ်နိုင်မှာဖြစ်ပြီးတော့ စားသုံးလိုက်တဲ့ အဆီတွေကို ကူညီချေဖျက် ပေးနိုင်မှာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာနတ်သီးမှာ အများအပြားပါဝင်တဲ့ မန်ဂနိစ်(Manganese)ဓာတ်က ခန္ဓာကိုယ်က ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ အဆီနဲ့ ကာဗိုဟိုက်ဒရိတ် ချေဖျက်ခြင်းကို ပိုမိုအားကောင်းစေပါတယ်။ မန်ဂနိစ်ဓာတ်က ခန္ဓာကိုယ်ထဲက အရိုးသန်မာစေဖို့အတွက်ကိုလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

အဲ့တော့ အခုလိုကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေဆဲကာလမှာ ရောဂါကိုခုခံကာကွယ်နိုင်ဖို့ ဗီတာမင်စီ ဆေးပြားတွေ ထက် သဘာဝဗီတာမင်စီတွေ အများအပြားပါဝင်နေတဲ့ နာနတ်သီးကို စားသုံးခြင်းက ပိုမိုကောင်းမွန်ပါတယ်။
နာနတ်သီးထဲမှာ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဓာတ်တွေအများအပြားပါဝင်သော်လည်း ဆီးချိုဝေဒနာရှင်များ ကတော့ ချင့်ချိန်စားသုံးသင့်ပါတယ်။ ဆီးချိုအလွန်တက်နေချိန်မှာတော့ နာနတ်သီးကို မစားသုံးသင့်ပါဘူး။

မည်သို့ပင်ကောင်းမွန်တဲ့အစားအသောက်ပင်ဖြစ်စေကာမူ အလွန်အကျွံစားသုံးခြင်းဟာ လူတွေကိုဘေးဥပါဒ် ဖြစ်စေနိုင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်နဲ့ ချင့်ချိန်ပြီး မျှတစွာစားသောက်နေထိုင်မှသာလျင် ရောဂါဘယတွေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ပရိသတ်ကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.