YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

သတိပြုဖွယ်ရာ မျက်စိတိမ်ရောဂါ

သက်ရှိများအတွက် မျက်စိဆိုတာ မရှိမဖြစ်အ‌ရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ယခုတစ်ပတ် Health tips အစီအစဉ်လေးမှာတော့ မျက်စိတိမ်ရောဂါ ဖြစ်ပွားတဲ့အခါ ဘယ်လိုဝေဒနာတွေဖြစ်ပေါ်နိုင်လဲ၊ ဘယ်လိုကုသနိုင်မလဲနဲ့ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

မျက်စိတိမ်ရောဂါဟာ အသက်အရွယ်ကြီးမြင့်လာမှုကြောင့် ဖြစ်ပွားမှု များပြားပါတယ်။ဒါပေမဲ့ နေရောင်ခြည် အလွန်အမင်းထိတွေ့ခြင်း၊ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ အဝလွန်ခြင်း၊ မျက်စိကို ထိခိုက်မှုဖြစ်ခဲ့ဖူးခြင်း၊ မျက်စိခွဲစိတ်ခြင်း၊ သွေးတိုး‌ရောဂါရှိခြင်း၊ အရက်သေစာ အလွန်အကျွံသောက်စားခြင်း၊ ဓာတ်ရောင်ခြည်ထိတွေ့မှုများခြင်း၊ စတီးရွိုက်ဆေးများ အသုံးပြုမှုများခြင်းနဲ့ ဆေးလိပ်သောက်ခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

မျက်စိတိမ်ရောဂါမှာ အမျိုးအစား (၄) မျိုး ခွဲခြားလို့ရနိုင်ပြီး မွေးရာပါ မျက်စိတိမ်စွဲခြင်း၊ မျက်စိမှန်ဘီလူးရဲ့ အလယ်ဗဟိုတွင် တိမ်စွဲခြင်း၊ မျက်စိမှန်ဘီလူးရဲ့ အနားစွန်းများတွင် တိမ်စွဲခြင်းနဲ့ မျက်စိမှန်ဘီလူးရဲ့ နောက်ကျောဘက်မှာ တိမ်စွဲခြင်းတို့ပဲဖြစ်ပါတယ်။

မျက်စိတိမ်ရောဂါ စတင်ဖြစ်ပွားလာပြီဆိုရင် အမြင်အာရုံပေါ်မှာ သက်ရောက်မှု အနည်းငယ်ဖြစ်ပွားလာကာ ညဘက် အမြင်အာရုံကို စတင်ထိခိုက်စေမှာဖြစ်ပြီး ကားမောင်းခြင်းကဲ့သို့သော လုပ်ဆောင်မှုအချို့ကို ပိုမိုခက်ခဲလာစေမှာဖြစ်ပါတယ်။မြင်တွေ့သမျှအရာများဟာ အနည်းငယ်မှုန်ဝါးနေမှာဖြစ်ပြီး၊ ထိုမှတစ်ဆင့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာကာ အမြင်အာရုံဆုံးရှုံး (မျက်စိကွယ်) တဲ့အထိ ခံစားရမှာဖြစ်ပါတယ်။

မျက်စိတိမ်ရောဂါဟာ အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ မျက်စိမှန်ဘီလူးအတွင်းမှာရှိတဲ့ ကြွက်သားများဟာ ပြိုကွဲပြီး တွဲကျလာပါတယ်။ထိုတွဲကျလာတဲ့ အစုအဝေးဟာ မျက်စိမှန်ဘီလူးပေါ် ဖုံးအုပ်ပြီး တိမ်ထူတဲ့နေရာများကို ဖြစ်ပွားလာစေကာ အမြင်အာရုံကို ထိခိုက်လာစေတာဖြစ်ပါတယ်။

သင့်ရဲ့ မျက်လုံးကို မျက်စိအတွင်းတိမ်ရောဂါကနေ ကာကွယ်ဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

– နေရောင်ထဲကို ထွက်တဲ့အခါမှာ နေကာမျက်မှန်တပ်ခြင်းနဲ့ ဦးထုတ်ဆောင်းခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်း (သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားဖို့ လိုအပ်မှာဖြစ်ပါတယ်၊ အထူးသဖြင့် ဟင်းနုနယ်ရွက်၊ ကိုက်လန်နဲ့ အစိမ်းရင့်ရောင် အရွက်တွေကို) ပိုမိုစားသုံး‌ပေးရမှာဖြစ်ပါတယ်။ဒါ့အပြင် မျက်လုံးကိုလည်း ပုံမှန်စစ်ဆေးပေးရမှာဖြစ်ပြီး၊ အသက် ၆၀ အထက် လူကြီးများကတော့ အနည်းဆုံး ၂ နှစ်လျှင် တစ်ကြိမ် မျက်လုံးကို စစ်ဆေးပေးသင့်ပါတယ်။

မျက်စိတိမ်ရောဂါကို ကုသနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ ခွဲစိတ်ကုသခြင်းပဲဖြစ်ပါတယ်။သို့ပေမယ့်လည်း ချက်ချင်းခွဲစိတ်ကုသရန် မလိုအပ်သေးဘဲ သင့်အနေနဲ့ အိမ်တွင်းကုသမှုနည်းလမ်းများကို ဆောင်ရွက်နိုင်ပါသေးတယ်။

– မျက်စိတိမ်ရောဂါ စတင်ဖြစ်ပွားစဉ်မှာ အိမ် သို့မဟုတ် အလုပ်မှာ ပိုမိုတောက်ပတဲ့ မီးရောင်များကို အသုံးပြုခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ စာဖတ်ခြင်းနဲ့ အခြားသောလုပ်ဆောင်မှုများအတွက် ချဲ့ထွင်ထားတဲ့ မှန်ဘီလူးများကို အသုံးပြုခြင်းတို့ဖြင့် စီမံခန့်ခွဲနိုင်ပါတယ်။

အကယ်လို့ မျက်စိတိမ်ရောဂါဟာ သင့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာများ အထူးသဖြင့် စာဖတ်ခြင်း၊ ကားမောင်းခြင်းနဲ့ တီဗီကြည့်ခြင်းတို့လို လုပ်ငန်းဆောင်တာများမှာ အနှောင့်အယှက်ပေးလာခဲ့ပါက သင့်အနေနဲ့ ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူရတော့မှာဖြစ်ပါတယ်။မျက်စိတိမ်ရောဂါကို ခွဲစိတ်ရာမှာ မျက်စိမှန်ဘီလူးကို ခွဲစိတ်ဖယ်ထုတ်ပြီး၊ မျက်စိမှန်ဘီလူးအတု (Intraocular Lens သို့မဟုတ် IOL) ဟု ခေါ်ဆိုသည်ကို အစားထိုးပေးမှာဖြစ်ပါတယ်။မျက်စိတိမ်ရောဂါ ခွဲစိတ်မှုဟာ လုံခြုံမှုရှိကာ အန္တရာယ်ကင်းပြီး ခွဲစိတ်ခံရသူ ၁၀ ဦးမှ ၉ ဦးဟာ နောက်ပိုင်းမှာ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိရပါတယ်။

ချစ်ပရိတ်သတ်ကြီးလည်း မိမိတို့ရဲ့ မျက်စိကျန်းမာရေးကို ဂရုစိုက်ရင်း ကျန်မာရေးနဲ့ညီညွတ်အောင် သင့်တင့်မျှတစွာ စားသောက်နေထိုင်ကြရအောင်နော်….။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.