“ဖျားနေတဲ့အချိန် အထူးသဖြင့် ကိုယ်အပူချိန်တွေမြင့်တတ်နေတဲ့အချိန်တွေမှာ ရေချိုးလို့ရနိုင်သလား” ဆိုတဲ့ မေးခွန်းဟာ လူတွေအတော်များများသိချင်ကြတဲ့၊ လူတွေငြင်းခုံလေ့ရှိကြတဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာတော့ ဒီမေးခွန်းနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကို လေ့လာစုစည်းတင်ဆက် ပေးချင်ပါတယ်။
လူတစ်ယောက်ရဲ့ ပျှမ်းမျှပုံမှန်ကိုယ်အပူချိန်ဟာ 98.6 °F (37 °C) ဖြစ်ပြီး အဲဒီထက်အပူချိန်မြင့်တက်နေပြီဆိုရင်တော့ အဖျားသွေးရှိနေတယ်လို့ သတ်မှတ်ကြပါတယ်။ ဖျားနေတဲ့အချိန်ကာလအတွင်းမှာ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းတို့ကို ခံစားရနိုင်ပြီး လူအများစုကတော့ ဒီလိုဝေဒနာတွေကနေ သက်သာဖို့အတွက် အိပ်ရေး၀၀အိပ်စက်အနားယူခြင်း၊ ရေများများသောက်ခြင်း၊ ဆေးထိုးဆေးသောက်ခြင်းတို့ကို ပြုလုပ်တတ်ကြပါတယ်။
အဖျားဝေဒနာတွေသက်သာဖို့၊ ကိုယ်အပူချိန်ကျဆင်းဖို့အတွက် နည်းလမ်းတွေအမျိုးမျိုးရှိတဲ့အထဲမှာ လူအတော်များများ မလုပ်ဖြစ်တဲ့နည်းလမ်းတစ်ခုကတော့ ရေချိုးခြင်းဖြစ်ပြီး ဖျားနေတဲ့အချိန်တွင်း ရေချိုးလိုက်မယ်ဆိုရင် ကိုယ်အပူချိန်ကို ပိုမိုမြင့်တက်စေနိုင်တယ်လို့ ယူဆထားကြတာကိုတွေ့ရပါတယ်။ လေ့လာတွေ့ရှိမှုတွေအရတော့ ဖျားနေတဲ့အချိန်တွင်းမှာ ရေချိုးလိုက်တာဟာဆိုရင် စိတ်ကိုလန်းဆန်းသွားစေရုံသာမက ကိုယ်အပူချိန်လျှော့ချဖို့ကိုလည်း အကူအညီဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆရာဝန်က ရေမချိုးသင့်ဘူးလို့ အကြံပြုထားတဲ့လူနာတွေမှအပ အဖျားဝေဒနာရှိတဲ့လူတိုင်းဟာ ကိုယ်အပူချိန် လျော့ကျစေဖို့အတွက် ရေချိုးပေးသင့်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ရေအေးနဲ့ချိုးတာထက် ရေခပ်နွေးနွေးနဲ့ချိုးတာက ပိုမိုသင့်တော်တယ်လို့ သိရပါတယ်။ ဖျားနေတဲ့အချိန်အတွင်းမှာ ရေချိုးလိုက်ခြင်းဖြင့်ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ …
၁။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း
၂။ အဏုဇီဝပိုးမွှားများ ပျံ့နှံ့မှုကို ကာကွယ်ပေးခြင်း
၃။ ရင်ဘတ်အောင့်ခြင်းကို သက်သာပြေလျော့စေခြင်း
၄။ နှာစေး၊ နှာပိတ်ကို သက်သာစေခြင်း
၅။ ခေါင်းအုံခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို သက်သာလျော့ကျစေနိုင်ခြင်း
၆။ ရေနွေးကြောင့် ကြွက်သားများနာကျင်ကိုက်ခဲမှုကို လျော့ကျစေခြင်း
၇။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း
၈။ အသားအရည်ယားယံမှုကို ပျောက်ကင်းသက်သာစေခြင်း
၉။ စိတ်ရော၊ ကိုယ်ပါ သက်တောင့်သက်တာဖြစ်စေခြင်း
၁၀။ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
တကယ်လို့များ သင်ဟာ ဖျားနေတဲ့အချိန်အတွင်းမှာ ရေချိုးဖို့စိတ်ဆန္ဒမရှိဘူးဆိုပါကလည်း ရေပတ်ဝတ်တိုက်ပေးနိုင်ပါတယ်။ ရေအေးအေးနဲ့ ရေပတ်ဝတ်တိုက်ပေးတာဟာဆိုရင် ကိုယ်အပူချိန်လျော့ကျစေဖို့အတွက် အထောက်အကူပြုတယ်ဆိုတာကိုတော့ ပရိသတ်တွေသိရှိထားကြပြီးဖြစ်မှာပါ။ ဒါကြောင့် ရေပတ်တိုက်တဲ့အခါမှာ အပူကြီးတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းနေရာတွေဖြစ်တဲ့ ဂျိုင်းကြားနဲ့ ပေါင်ခြံတို့ကိုအဓိကထားပြီး ရေပတ်ဝတ်နဲ့ သေသေချာချာသုတ်ပေးသင့်ပါတယ်။
ကဲ … ဒီလောက်ဆိုရင်တော့ ဖျားနေတဲ့အချိန်အတွင်းမှာ ရေချိုးသင့်သလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပရိသတ်တို့လည်း ကောင်းစွာနားလည်သွားကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ပရိသတ်ကြီးကရော ကိုယ်ပူချိန်မြင့်တက်နေတဲ့အချိန်မှာ ရေချိုးလေ့ရှိသလား ပြီးတော့ရေချိုးပြီးနောက်ဘာတွေဖြစ်လေ့ရှိသလဲဆိုတာ ကွန်မန့်မှာမျှဝေပေးသွားပါဦးနော်။
နောက်တစ်ပတ်မှာလည်း ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဘယ်လိုမျိုး ဗဟုသုတရစရာအကြောင်းအရာတွေကို တင်ဆက်ပေးဦးမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးပြောရင်း 𝗠𝗜𝗥𝗮𝗱𝗶𝗼 ရဲ့ ချစ်ပရိသတ်ကြီးများအားလုံး ကျန်းမာပျော်ရွှင်တဲ့နေရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။🙏