ထိပ်ပြောင်၊ ထိပ်ကွက်၊ ဆံပင်ကျွတ်ခြင်းဖြစ်ရတဲ့အကြောင်းရင်းများကို ယခင်တစ်ပတ် Health Tips အစီအစဉ်ရဲ့ ထိပ်ပြောင်၊ထိပ်ကွက်၊ ဆံပင်ကျွတ်ခြင်းတို့ရဲ့နောက်ကွယ် အပိုင်း ၁ မှာတင်ဆက်ပေး ပြီးပါပြီ။ (မဖတ်ရသေးတဲ့သူများအတွက် အောက်မှာလင့်ခ်ချပေးထားပါတယ်။) ဒီကနေ့မှာတော့ ဆံပင်ကျွတ်လွန်းတဲ့ ပြဿနာတွေကို ဘယ်လိုနည်းများနဲ့ဖြေရှင်းကုသနိုင်မလဲဆိုတာတွေကို ဝေမျှပေးလိုက်ပါတယ်နော်။ 🙋
“ကာကွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်း၏” ဆိုတဲ့အတိုင်း ဒီကနေ့ဖြေရှင်းကုသနည်းများကိုဝေမျှပေးရာမှာ ကာကွယ်ကုသခြင်းနည်းလမ်းများကိုသာ အဓိကပြောပြပေးသွားမှာဖြစ်ပါတယ်နော်။
– နေ့စဉ်ခေါင်းလျှော်ပေးစရာ မလိုပါဘူး။ တစ်ရက်ခြား တစ်ကြိမ် (သို့) တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ အများဆုံး ခေါင်းလျှော်ပေးရင် လုံလောက်ပါတယ်။
– ဆံပင်အရှည်ကြီး ထားတတ်တယ်ဆိုရင် ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ခေါင်းလျှော်ရည်နဲ့ သေချာတိုက်ချွတ်ပြီး ဆေးကြောပေးပါ။ ခေါင်းလျှော်ရေ ဆပ်ပြာမစင်ရင် ဆံပင်ကျွတ်လေ့ရှိပါတယ်။
– နေပူထဲ ထွက်တော့မယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းပါ။ နေရောင်ခြည်ဟာ ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက်မဖြစ်စေသော်လည်း မိမိဆံသားများကို ကျိုးပဲ့ပျက်စီးစေကာ ဆံသားပါးလွှာ လာစေပြီး ဆံပင်များကျွတ်လာနိုင်ပါတယ်။
– အိမ်မှာ နေတဲ့အခါ ဆံသားပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ လိမ်းခြင်းများကို ရှောင်ကျဉ်ပါ။ ယင်းတို့အစား အုန်းဆီ၊ သံလွင်ဆီ၊ ဆံပင်အားဖြည့် Tonicများကို လိမ်းပြီး ဦးရေပြားသွေးလှည့်ပတ်မှုကိုကောင်းမွန်စေရန် ဦးခေါင်းကို နှိပ်နယ်ပေးသင့်ပါတယ်။
– မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို အရမ်းကြပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့် ပါတယ်။
– စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။
– လိုအပ်လာရင် အရေပြားဆရာဝန်နဲ့ ပြသကြည့်ပြီး ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေး အသုံးပြုပေးပါ။ ဆေးပညာအရကုသခြင်းနည်းလမ်းများမှာနည်းလမ်းပေါင်းစုံရှိသည့်အပြင် ပိုမိုခေတ်မီဆန်းသစ်သောနည်းလမ်းများလည်းရှိနေပြီမို့ ကျွမ်းကျင်ဆရာဝန်များနှင့် အချိန်မနှောင်းမီပြသကုသသင့်ပါတယ်။
ဒီလို ဆံပင် ကျွတ်၊ ပါး၊ ပြောင်တာတွေကို သက်သာစေဖို့ အာဟာရ အထောက်အကူတွေ လိုအပ်ပါတယ်။ ဆံပင်ကျွတ်ခြင်း နှင့်ဆံသားပျက်စီးခြင်းများကို ကာကွယ်ပေးမယ့် သို့မဟုတ် ဆံသားနှင့် ဦးရေပြားကို အာဟာရဖြည့်ပေးမယ့်အစားအသောက်တွေကို ပိုစားပေးပါနော်။
– ဥအမျိုးမျိုး၊ ငါး နဲ့ ကြက်သား။
ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင် B ကြွယ်ဝစွာရှိပါတယ်။
– ပဲအမျိုးမျိုး။
ပဲအမျိုးမျိုးမှာ ဆံသားကိုခိုင်မာစေတဲ့ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။
– ဒိန်ချဉ်။
ဒိန်ချဉ်မှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။
– မုန်လာဥနီ။
မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်းအတွက်ပါ အသုံးဝင်ပါတယ်။
– ဟင်းနုနွယ်။
ဟင်းနုနွယ်ရွက်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B၊C နဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ် ၊မဂ္ဂနီဆီယမ်၊ အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
ပရိသတ်ကြီးတို့ထဲမှာ အသုံးပြုနေတဲ့ ဆံပင်နဲ့ဦးရေပြားကိုကောင်းမွန်စေတဲ့ နည်းလမ်းများရှိတယ် ဆိုရင်လည်း အားလုံးသိရအောင် မျှဝေပေးခဲ့ပါဦးနော်။👇