YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ထိပ်ပြောင်၊ ထိပ်ကွက်၊ ဆံပင်ကျွတ်ခြင်းတို့ရဲ့ နောက်ကွယ် (အပိုင်း ၁)

လူတိုင်းလူတိုင်းဟာ တစ်နေ့ကို ဆံပင်အပင် ၅၀ မှ ၁၀၀ကြား ကျွတ်လေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။ သို့သော်လည်း ဒီထက်ပိုပြီး ဆံပင်တွေကျွတ်တာများလာရင် ဒါမှမဟုတ် ဆံပင်တွေက အကြောင်းကြောင်းကြောင့် ပုံမှန်ထက် ပိုကျွတ်လာပါက ဆံပင်ကွက်ခြင်း၊ ဆံပင်ပါးခြင်း မှအစပြုကာ ထိပ်ပြောင်ခြင်း ထိပ်ကွက်ခြင်း စတဲ့ ဆံပင်နှင့် ဦးရေပြားနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲလိုဖြစ်လာပြီဆိုရင် သင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။ ဒီလိုပြဿနာတွေဘာကြောင့်ဖြစ်ရတာလဲ။ ဒီပြဿနာတွေကို ဘယ်လိုနည်းနဲ့ဖြေရှင်းပေးနိုင်မလဲဆိုတာတွေကို ဒီကနေ့ MI Radio ရဲ့ Health Tips ကနေပြီး ဝေမျှပေးလိုက် ပါတယ်နော်။👇

– စိတ်ဖိစီးမှု

လူတွေမှာ စိတ်ဖိစီးစရာအခြေအနေအမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ ဆံပင်တွေကျွတ်တတ်ပါတယ်။ ကလေး မွေးဖွားပြီး လအနည်းငယ်ကြာပြီးနောက်၊ သို့မဟုတ် ခွဲစိတ်ကုသမှုခံယူပြီးနောက် ဆံပင်များပိုမိုများ ကျွတ်လာ နိုင်သလို ရောဂါတစ်ခုခုကြောင့် ဆေးသောက်နေရပါကလည်း ဆံပင်များပိုမိုကျွတ်လာတတ်ပါတယ်။ ချစ်သူ၊ လင်မယားကွာရှင်းခြင်း (သို့မဟုတ်) မိမိချစ်ရသူဆုံးပါးသွားခြင်း စသောကိစ္စရပ်များကဲ့သို့သော စိတ်ဖိစီးမှုများတဲ့ အခြေအနေမျိုးမှာ ဆံပင်အများအပြားကျွတ်တတ်ပြီး ဂရုမစိုက်မိပါက ထိုအခြေအနေများပြီးဆုံးသွားသည့်တိုင် ဆံပင်များဆက်လက်ကျွတ်ကာ ထိပ်ပြောင်၊ ထိပ်ကွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

– အာဟာရချို့တဲ့မှုရှိခြင်း

အကယ်လို့နှစ်လသုံးလလောက် ပရိုတင်းလုံလောက်စွာမရတဲ့အခြေအနေမျိုးမှာ ခန္ဓာကိုယ်က ပရိုတင်းဓာတ် များကို ထိန်းသိမ်းနိုင်ဖို့ ဆံပင်များဆက်လက်ရှင်သန်မှုကို ရပ်ပစ်ပါတယ်။ ထိုအခြေအနေမျိုးမှာ ဆံပင်များကျွတ်လာ တတ်ပါတယ်။

– ဆံပင်အရောင်ဆိုးခြင်း၊ကောက်ခြင်း၊ဖြောင့်ခြင်းများပြုလုပ်ခြင်း

ဆံပင်အရောင်ဆိုးခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းများကို မကြာခဏပြုလုပ်ပါက ဆံသားကို ဓာတုပစ္စည်းများ ထိတွေ့မှုများခြင်းကြောင့် ဆံပင်ကိုများစွာပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ ဆံပင်များ ခြောက်သွေ့ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံသားများပျက်စီးခြင်များကြောင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်လာစေနိုင်ပါတယ်။

– ဆံပင်ကို တင်းတင်းကျပ်ကျပ်ချည်ဆွဲခြင်း

ဆံသားကို ဆက်တိုက်တင်းကြပ်စွာဆွဲထားခြင်းသည် ဆံပင်ကျွတ်ခြင်း ဖြစ်စေနိုင်ပြီး ဆေးပညာမှာတော့ Traction Alopecia လို့ခေါ်ပါတယ်။

– ဟော်မုန်းပြဿနာများ

အမျိုးသမီးများသာမက အမျိုးသားများပါမကျန် ခန္ဓာကိုယ်အတွင်းဟော်မုန်းမညီမျှမှုတွေဖြစ်လာပါက ဆံပင်များ ကျွတ်လာနိုင်ပါတယ်။ အမျိုးသားတွေအတွက် အဖြစ်အများဆုံးဟော်မုန်းအကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလမ်း လုပ်ဆောင်မှုနှေးကွေးခြင်းဖြစ်ပါတယ်။ အမျိူးသမီးများအဖြစ်များတာကတော့ သန္ဓေတားဆေးအချို့ကို ဆက်မသောက်တော့ပဲ ရပ်တန့်ထားချိန်မှာ ယာယီဟော်မုန်းမညီမျှမှုကြောင့် ဆံပင်ကျွတ်ခြင်း များဖြစ်စေနိုင်ပါတယ်။

– ကိုယ်အလေးချိန်လျှော့ခြင်း

ကိုယ်အလေးချိန်လျှော့ချခြင်းဟာ ခန္ဓာကိုယ်အတွက်ကောင်းသော်လည်း ထိုသို့ရုတ်တရက်ပြုလုပ်ခြင်းဟာ ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

– ကင်ဆာဝေဒနာကိုကုသချိန်

ကင်ဆာရောဂါကို ကုသချိန်တွင်အသုံးပြုသော ကင်ဆာဆေးတွေဟာ ဆံပင်ကျွတ်စေပါတယ်။ ကင်ဆာဆေးသွင်း နေချိန်တွင် ထိုဆေးဟာကင်ဆာဆဲလ်တွေသာမက ဆံပင်ဆဲလ်များပါထိခိုက်စေတာကြောင့် ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာများအပြင် အခြားသော Auto Immune ကြောင့်ဖြစ်သော ရောဂါဝေဒနာများ ခံစားရချိန်တွင်လည်း ဆံပင်ကျွတ်ခြင်းများကိုဖြစ်စေနိုင်ပါတယ်။

ဒီနေ့အပိုင်း (၁) မှာတော့ ဆံပင်ကျွတ်ရခြင်းရဲ့အဓိကအကြောင်းရင်းများကို ဝေမျှပေးခဲ့ပါတယ်နော်။နောက်တစ်ပိုင်း မှာတော့ ထိပ်ပြောင်၊ ထိပ်ကွက်၊ ဆံပင်ကျွတ်ခြင်းတို့ကို ပြန်လည်ကုသလို့ရနိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

MIRadio ပရိသတ်ကြီးများအားလုံး ကျန်းမာပျော်ရွှင်သောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက် ရပါတယ်။🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.