YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

စိတ်ဖိစီးမှုအတွက် အာဟာရ

လူတိုင်း လူတိုင်းမှာ စိတ်ဖိစီးစရာတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိတတ်ကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင်၊ မိသားစုအရေး၊ မိတ်ဆွေအပေါင်းအသင်းများအရေး၊ သားသမီးမြေးမြစ်အရေး၊ စိတ်ပူပန်တတ်မှုနှင့် မဖြစ်သေးသည့်အရာတွေပေါ်မှာ ကြိုတင်စိုးရိမ်မှု စသည်ဖြင့် ကိစ္စများမြောင် လူတို့ဘောင်မှာ ဒီလိုစိတ်ဖိစီးမှုတွေများပြားတာဟာလည်း လောကဓမ္မတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။ လူတစ်ဦးချင်းစီမှာ စိတ်ဖိစီးမှုကို ရယူမှုနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ်မှာ မူတည်ပြီး စိတ်ဖိစီးမှုရရှိမှုပမာဏ နည်းသည် များသည် ကွာခြားသွားရုံသာရှိပါတယ်။ ဒီအတွက် ဒီတစ်ပတ်မှာတော့ စိတ်ဖိစီးမှုအပေါ်ကို သက်ရောက်မှုရှိတဲ့ တစ်နည်းအားဖြင့် စိတ်ဖိစီးမှုတွေကို တွန်းလှန်ပေးနိုင်မယ့် အာဟာရတွေအကြောင်းကို တင်ဆက်ပေးလိုက်ရပါတယ်။

ဘယ်လိုအဟာရတွေက စိတ်ဖိစီးမှုကို တွန်းလှန်ပေးသလဲ …။ 🤔

ပြောခဲ့ပြီးသလိုပဲ စိတ်ဖိစီးမှု (Stress) ဆိုတာကတော့ သက်ရှိတိုင်းမှာ ဖြစ်ပွားလေ့ရှိတဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြင်းထန်တဲ့ အခြေအနေများဟာ လူတစ်ဦးအတွက် စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲများကို ကြုံတွေ့စေပါတယ်။ နာတာရှည် စိတ်ဖိစီးဒဏ်ကို အဆက်မပြတ်ခံစားရပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို မကြာခဏဖြစ်ပေါ်လာစေတော့မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ဖိစီးမှုကို ထိန်းသိမ်းထားရင်း ကျန်းမာရေးအခြေအနေပါ ဆိုးရွားလာစေမှာဖြစ်ပါတယ်။

သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရတော့ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်ရဲ့ အာဟာရဖြည့်တင်းမှုကို ထိခိုက်စေနိုင်ပြီး၊ အာဟာရဖြည့်တင်းမှုဟာလည်း စိတ်ဖိစီးမှုကို ပြန်လည်တွန်းလှန်နိုင်တယ်လို့ ဆိုကြပါတယ်။ စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်မယ့် လွယ်ကူစွာရရှိနိုင်မယ့် အစာအာဟာရ (၅) မျိုးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ ‘ဥ’ အမျိုးမျိုး
‘ဥ’ များဟာ ၎င်းမှာပါဝင်တဲ့ အထင်ကြီးစရာ အာဟာရကြောင့် သဘာဝရဲ့ဗီတာမင်အဖြစ် ရည်ညွှန်းကြပါတယ်။ ကြက်ဥတစ်လုံးမှာတော့ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်ဆစ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာ‌ရေးအတွက် လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ‘ဥ’ များမှာ ဦးနှောက်ကျန်းမာရေးအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်နေပြီး စိတ်ဖိစီးမှုကို ကာကွယ်ပေးနိုင်တဲ့ Choline ဓာတ် ကြွယ်ဝတာကြောင့် စိတ်ဖိစီးမှုတွန်းလှန်နိုင်မှာဖြစ်ပါတယ်။

၂။ ကန်စွန်းဥ
ကန်စွန်းဥကဲ့သို့သော အာဟာရဓာတ်ကြွယ်ဝတဲ့ ကာဗိုဟိုက်ဒရိတ် အရင်းအမြစ်များကို စားသောက်ခြင်းက စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆော အဆင့်ကို စိတ်ချရလောက်သည်အထိ လျော့ကျစေမှာဖြစ်ပါတယ်။ ကန်စွန်းဥမှာ ဗီတာမင်စီနှင့် ပိုတက်စီယမ်ကဲ့သို့ စိတ်ဖိစီးမှုကို တွန်းလှန်ပေးတဲ့ အာဟာရများ ပါဝင်နေတာဖြစ်ပါတယ်။

၃။ ချောကလက်
ချောကလက်ကို သင့်လျော်သောပမာဏနဲ့ စိတ်ဖိစီးမှုလျှော့ချရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အနက်ရောင်ချောကလက်ဟာ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အနည်းဆုံး ကိုကိုး ၇၀ ရာခိုင်နှုန်းပါသော အနက်ရောင်ချောကလက်ဟာ အကျိုးကျေးဇူးအရှိဆုံး အမျိုးအစားဖြစ်ပြီး အာဟာရပြည့်ဝသော ဓာတ်တိုးဆန့်ကျင်ဓာတ်များ (Antioxidants) အများအပြားပါရှိပါတယ်။

၄။ အဆီများသော ငါးများ
ဆော်လမွန်နဲ့ ဆာဒင်းကဲ့သို့ အဆီများတဲ့ ငါးတွေမှာ အိုမီဂါ-၃ အဆီနှင့် ဗီတာမင်ဒီတို့ ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ အိုမီဂါ-၃ ကို စားသုံးမှုနည်းပါးခြင်းဟာ အနောက်တိုင်းမှာတော့ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းတွေနဲ့ ဆက်စပ်နေတယ်လို့ လေ့လာမှုများက ဆိုပါတယ်။

၅။ ကော်ဖီ
လေ့လာမှုများစွာကတော့ မနက်ခင်း ကော်ဖီတစ်ခွက်သောက်ခြင်းဟာ စိတ်ကို လန်းဆန်းစေပြီး အာရုံစူးစိုက်မှုအားကောင်းစေတယ်လို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း ကော်ဖီကို အလွန်အကျွံသောက်ရင်တော့ နှလုံးရောဂါ၊ စိုးရိမ်ပူပန်မှုနဲ့ အိပ်မပျော်ခြင်းအပါအဝင် ကျန်းမာရေးအခြေအနေများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.