YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ကြည်လင်တောက်ပတဲ့အသားအရည်အတွက် နည်းလမ်းကောင်းများ

ပြစ်မျိုးမှဲ့မထင်ကြည်လင်ဝင်းပတဲ့ အသားအရည်နှင့် မျက်နှာအလှအပဟာ ယနေ့ခေတ်မှာတော့ အမျိုးသမီးများအတွက်သာမက အမျိုးသားများအတွက်ပါ အရေးပါလှတဲ့အကြောင်းအရာတစ်ခုအနေနဲ့ တည်ရှိလို့လာနေပါတယ်။ မျက်နှာအသားအရည်ကြည်လင် လှပစေမယ့် Supplement သောက်သုံးခြင်း၊ အသားအရည်ထိန်းသိမ်းခြင်းနည်းလမ်းများဖြစ်တဲ့ ပေါင်းတင်၊ အဆိပ်ထုပ်၊ ရေဓာတ်ဖြည့် တင်းခြင်းစတဲ့ နည်းလမ်းပေါင်းများစွာဟာလည်း လူတွေအကြားမှာရေပန်းစားလျှက်ရှိလာပါတယ်။ အဲ့ဒီနည်းလမ်းတွေများစွာတွေ အပြင် သဘာဝနည်းလမ်းများကိုပါရယူလိုက်နာခြင်းဖြင့်လည်း ပိုမိုကောင်းမွန်သော ပိုမိုကြည်လင်တောက်ပသော ပိုမိုကျန်းမာသော အသားအရည်၊ ကျန်းမာရေး ပရိသတ်ကြီးတို့ရရှိစေရန်အတွက် MI Radio ကနေပြီး စုစည်းတင်ပြပေးလိုက်ပါတယ်နော်။

အိပ်ရေး၀၀အိပ်စက်အနားယူခြင်း

အဲဒါကတော့ မိမိရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်တာပါပဲ။ အဲဒီလိုပြောင်းလဲရမှာတော့ ပထမဆုံးအဓိကထားရမှာက အိပ်စက်ချိန်ပဲဖြစ်ပါတယ်။ အိပ်ချိန်ပုံမှန်သတ်မှတ်ထားပြီး အိပ်ရေး၀၀အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကောင်းကျိုးတွေများစွာဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေးပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအရဆိုရင် အိပ်ရေးမ၀ခြင်း (သို့မဟုတ်) ကောင်းမွန်စွာအိပ်မပျော်ခြင်းဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ မျက်နှာအသားအရည်ကို ညစ်နွမ်းစေနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီအထိ ကောင်းမွန်စွာအိပ်စက်အနားယူသင့်တယ်လို့ ဆိုထားကြတာဖြစ်ပါတယ်။

ဆေးလိပ်သောက်သုံးမှုကို ဖြတ်ချခြင်း

တကယ်လို့များ သင်ဟာ မျက်နှာအသားအရည် ကြည်လင်တောက်ပချင်သူတစ်ယောက်ဖြစ်ပေမယ့် ဆေးလိပ်ကို စွဲမြဲစွာသောက်သုံးနေဖြစ်တယ်ဆိုရင်တော့ သင့်ရဲ့စွဲလမ်းမှုကို ဖြတ်တောက်ပစ်လိုက်ဖို့အတွက် အကြံပေးပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်ကို စွဲစွဲလမ်းလမ်းသောက်သုံးခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေရုံသာမက မျက်နှာအသားအရည်ပိုင်းဆိုင်ရာမှာလည်း ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ အဲဒါတွေကတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းတွေဖြစ်ပေါ်လာခြင်း၊ အနာကျက်နှေးခြင်း၊ အရေပြားပိုးဝင်ခြင်း၊ ပွေးပေါက်ခြင်းနဲ့ တခြားသောအရေပြားရောဂါဆိုင်ရာပြဿနာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်သုံးခြင်းကြောင့် အရေပြားကင်ဆာ၊ အထူးသဖြင့် နှုတ်ခမ်းမှာကင်ဆာဖြစ်စေနိုင်တယ်လို့လည်း သိရပါတယ်။

စိတ်ဖိစီးမှုလျှော့ချခြင်း

မျက်နှာအသားအရည်နဲ့ပတ်သက်လို့ ပြဿနာဖြစ်ပေါ်စေနိုင်တဲ့အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာဆိုရင် စိတ်ဖိစီးခြင်းဟာ မျက်နှာရောင်ရမ်းမှုတွေကို မြှင့်တင်ပေးပြီး အရေပြား အတွင်းသို့ သွေးစီးဆင်းမှုကို လျော့ကျစေတဲ့အပြင် သူဟာလည်းပဲ အနာကျက်နှေးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီနေ့ခေတ်အခြေအနေမျိုးမှာတော့ လူတိုင်းနီးပါးဟာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအစရှိတဲ့ အကြောင်းအရာကိစ္စတို့ကြောင့် စိတ်ဖိစီးမှုကို အနည်းနဲ့အများဆိုသလို ခံစားနေကြရတာ အသေအချာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကို ခံစားနေရပြီဆိုရင်တော့ အောက်ဖော်ပြပါနည်းလမ်းအချို့နဲ့ စိတ်ဖိစီးမှုူလျော့ကျအောင် ပြုလုပ်နိုင်ပါတယ်။

အဲဒါနည်းလမ်းလေးတွေကတော့ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ ဆိုရှယ်မီဒီယာနဲ့ ဖုန်းအသုံးပြုမှုကို လျှော့ချခြင်း၊ ကဖင်းဓာတ်လျှော့ချခြင်း၊ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အချိန်ကုန်ဆုံးခြင်း၊ ပညာရပ်အသစ်တစ်ခုခုကို လေ့လာသင်ယူခြင်း၊ ယောဂလေ့ကျင့်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ အချိန်ဖြုန်းခြင်းတို့ပဲဖြစ်ပါတယ်။

ရေများများသောက်ခြင်း

ဒီတစ်ချက်ကိုတော့ လူတိုင်းလိုလိုပြုလုပ်သင့်ပြီး အသားအရည်ကြည်လင်တောက်ပချင်တဲ့သူတွေကတော့ ပိုမိုအလေးထားကာ ပြုလုပ်သင့်တဲ့ နေထိုင်မှုပုံစံဖြစ်ပါတယ်။ ရေသောက်တာဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို လျှော့ချပေးသလို ဖြစ်တာကြောင့် ရေများများသောက်လေ အသားအရည်အတွက်သာမက ကိုယ်ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးရှိလေပါပဲ။

အယ်လ်ကိုဟောသောက်သုံးမှုလျှော့ချခြင်း

အယ်လ်ကိုဟောပါဝင်တဲ့ အရက်၊ ဘီယာအစရှိတဲ့အရာတွေကို အလွန်အကျူးသောက်သုံးခြင်းဟာ မျက်နှာအသားအရည်ကိုသာမက ကိုယ်ခန္ဓာကျန်းမာရေးကိုပါ ထိခိုက်စေတယ်ဆိုတာကို သင်တို့အနေနဲ့သိရှိထားပြီးဖြစ်မှာပါ။ ဒါကြောင့် အယ်လ်ကိုဟောသောက်သုံးမှု လျှော့ချတာဟာလည်း အလှအပတစ်ခုတည်းအတွက်ကြောင့်မဟုတ်ပဲ ကျန်းမာရေးအတွက်ပါ လူတိုင်းနီးပါးကျင့်သုံးသင့်တဲ့ နေထိုင်မှုပုံစံတစ်ခုဖြစ်ပါတယ်။

တကယ်လို့များ အယ်လ်ကိုဟောကို လိုအပ်သည်ထက်ပိုမိုစွဲမြဲစွာသောက်သုံးနေမယ်ဆိုရင်တော့ ကိုယ်တွင်းကလီစာတွေပျက်စီးနိုင်သလို အသားအရည်ပိုင်းဆိုင်ရာမှာလည်း အရေပြားနီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ အသားလောင်ခြင်း၊ ပိုးဝင်ခြင်းနဲ့ ပွေးပေါက်ခြင်းအစရှိတဲ့ အရေပြားပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မျက်နှာအသားအရည်ကို သဘာ၀နည်းလမ်းတွေအတိုင်း ကြည့်ကောင်းလှပချင်တယ်ဆိုရင်တော့ အယ်လ်ကိုဟောကို တတ်နိုင်သမျှ လျှော့ချတာ အကောင်းဆုံးပါပဲ။

ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

တစ်နေ့ကို အနည်းဆုံးနာရီဝက်လောက်အချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာဟာဆိုရင် ကိုယ်ခန္ဓာမှာရှိတဲ့အဆီတွေကို လျှော့ချပေးရုံသာမက မျက်နှာအသားအရည်ကိုလည်း တင်းတင်းရင်းရင်းနဲ့ ကြည်လင်လှပစေတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက လေ့လာမှုတစ်ခုအရဆိုရင် အထိုင်များတဲ့သက်ကြီးရွယ်အိုတစ်ယောက်အနေနဲ့ ၃ လတာမျှ ပုံမှန်အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သူ့ရဲ့အသားအရည်ကို နဂိုကထက်ပိုမိုကောင်းမွန်သွားစေတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် မျက်နှာအသားအရည်ကို မိတ်ကပ်အကူအညီတွေမပါဝင်ပဲ သဘာ၀နည်းလမ်းတွေအတိုင်း လှပချင်တယ်ဆိုရင်တော့ နေ့တိုင်း လမ်းလျှောက်ခြင်း၊ အေရိုးဗစ်လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကို အချိန်တစ်ခုသတ်မှတ်ပြီး ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။

အာဟာရမျှတစွာစားသုံးခြင်း

အသားအရည်လှပခြင်းဆိုင်ရာနဲ့ပတ်သတ်ပြီး အရေးကြီးတဲ့အချက်တစ်ချက်ကတော့ စားသောက်မှုပုံစံပါပဲ။ စားသောက်ရာမှာ တစ်နေ့တာအတွက် လိုအပ်တဲ့ပမာဏတွေအတိုင်း စားသုံးပေးရမှာဖြစ်ပြီး အဆီနဲ့ သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကိုတော့ အတတ်နိုင်ဆုံးလျှော့ချပေးရမှာဖြစ်ပြီး ရှောင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အသားအရည်ကြည်လင်တောက်ပမှုအတွက် များစွာအထောက်အကူဖြစ်စေတဲ့ သစ်သီး၀လံတွေကိုတော့ နေ့စဉ်စားသုံးပေးဖို့လိုအပ်ပြီး အထူးသဖြင့် ဗီတာမင်စီဓာတ်ပါဝင်တဲ့ အသီးအနှံတွေကိုဆိုရင် ပိုမိုစားသုံးပေးသင့်တယ်လို့ အလှအပဆိုင်ရာပညာရှင်တွေက ဆိုထားကြပါတယ်။

အသားအရည်ထိန်းသိမ်းခြင်း

အသားအရည်ထိန်းသိမ်းတဲ့နေရာမှာ အရည်အသွေးမြင့် အလှကုန်ပစ္စည်းတွေ ဒါမှမဟုတ် တန်ဖိုးသင့်တဲ့ အလှအပဆိုင်ရာပစ္စည်းတွေကို အသုံးပြုနိုင်တယ်ဆိုပေမယ့် အုန်းဆီ၊ ပျားရည်၊ ဒိန်ချဉ်၊ သခွားသီး၊ ရှားစောင်းလက်ပတ်တို့လိုမျိုး အစရှိတဲ့ သဘာ၀ပစ္စည်းတွေကို ပုံစံအမျိုးမျိုးအသုံပြုပြီးတော့လည်း ထိန်းသိမ်းနိုင်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.