YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Food April 18, 2023

ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကအသုံးဝင်တဲ့ ငှက်ပျောပင်

မြန်မာနိုင်ငံအနှံ့အပြားမှာ လွယ်လင့်တကူတွေ့ရှိနိုင်တဲ့ ငှက်ပျောပင်ဟာဆိုရင် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ အသုံးဝင်တဲ့ အပင်တစ်ပင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် ‘Health Tips’ အစီအစဉ်မှာတော့ ငှက်ပျောပင်မှရရှိတဲ့ အသီး၊ ပင်စည်၊ အရွက်နဲ့ အဖူးအပွင့်တွေက ကျန်းမာရေးအတွက် ဘယ်လိုမျိုးအထောက်အကူဖြစ်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။ 🙋

ငှက်ပျောသီး

စားသုံးရလွယ်ကူပြီးအရသာလည်းရှိတဲ့ ငှက်ပျောသီးမှာဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့အမျှင်ဓာတ်၊ သံဓာတ် စုပ်ယူမှုကိုကောင်းမွန်စေပြီး ဟေမိုဂလိုဘင်အရေအတွက်ကို တိုးမြင့်ပေးနိုင်တဲ့ ဗီတာမင် B6 နဲ့ ဗီတာမင် C တို့အပြင် ပိုတက်ဆီယမ် ဓာတ်တို့ကလည်း ကြွယ်၀စွာပါဝင်နေတာဖြစ်ပါတယ်။ ဗီတာမင် B6 နဲ့ ဗီတာမင် C တို့က ခန္ဓာကိုယ်အတွင်းသွေးလည်ပတ်မှုနဲ့ နှလုံးသွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပြီး ပိုတက်စီယမ်ဓာတ်တွေကတော့ ကိုလက်စထရောလျှော့ချပေးနိုင်ကာ သွေးတိုးရောဂါ ကုသရာမှာလည်း ထိရောက်မှုရှိစေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်ခြင်းနဲ့ အစာအိမ်ပြဿနာတို့ကိုလည်း သက်သာစွာ လျော့ပါးစေပြီး သန္ဓေသားကျန်းမာရေးကိုလည်း အထောက်အကူပြုတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စားသုံးဖို့အတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

ငှက်ပျောဖူး

ငှက်ပျောဖူးကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်မှုကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ကြွယ်၀စွာပါဝင်သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ဗီတာမင်တွေနဲ့ အမိုင်နိုအက်ဆစ်တွေကလည်း များစွာပါဝင်တာကြောင့် ကယ်လိုရီနည်းပါးပြီး ဇီ၀ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။ ငှက်ပျောဖူးရဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်မျိုးကတော့ နို့တိုက်မိခင်တွေအတွက် နို့ထွက်နှုန်းများစေတာပဲ ဖြစ်ပါတယ်။

ငှက်ပျောပင်စည် (သို့မဟုတ်) ငှက်ပျောအူ

မုန့်ဟင်းခါးထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ငှက်ပျောအူ (တစ်နည်းအားဖြင့်) ငှက်ပျောပင်စည်ကတော့ ခန္ဓာကိုယ်ဆဲလ်တွေမှာ သိုလှောင်ထားတဲ့ သကြားနဲ့ အဆီထုတ်လွှတ်မှုကို နှေးကွေးစေပြီး အဆိပ်အတောက်တွေဖယ်ရှားတဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ငှက်ပျောအူဟာ ဆီးဆေးတစ်မျိုးလည်းဖြစ်သလို ဖျားနာခြင်းမှကာကွယ်ရာမှာလည်း အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နေ့တိုင်းလိုလို ငှက်ပျောအူကိုအရည်ညှစ်ပြီး သံပုရည်ရည်အနည်းငယ်နဲ့ ရောနှောသောက်သုံးပေးမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ကို သက်သာစေနိုင်ပါတယ်။ တကယ်လို့ သင်က အက်ဆစ်ဓာတ်နဲ့ ပတ်သက်ပြီး ပြဿနာရှိသူဆိုရင်လည်း ငှက်ပျောအူအရည်ဟာ ခန္ဓာကိုယ်အတွင်းမှ အက်ဆစ်ဓာတ်ပမာဏကို ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါတွေအပြင် ငှက်ပျောအူဟာ ဝမ်းဗိုက်အတွင်း နေမထိထိုင်မသာဖြစ်မှုကိုလည်း သက်သာနိုင်ပြီး အပူအပုပ်တွေကို ကင်းစင်စေနိုင်ပါတယ်။

ငှက်ပျောသီးအစိမ်း

မမှည့်သေးတဲ့ငှက်ပျောသီးအစိမ်းမှာဆိုရင်တော့ ငှက်ပျောပင်တစ်ပင်လုံးမှာပါဝင်ရမယ့် အာဟာရဓာတ်တွေအပြည့်အ၀ပါဝင်ပြီး သကြားဓာတ်ပါဝင်မှုကလည်းနည်းပါးတယ်လို့ သိရပါတယ်။ ငှက်ပျောသီးအစိမ်းမှာက အလွယ်တကူအစာမချေဖျက်နိုင်တဲ့ ကစီဓာတ်တွေလည်းပါဝင်တာကြောင့် ဆီးချိုသမားတွေအတွက်အကျိုးရှိပြီး အမျှင်ဓာတ်တွေပါဝင်တာကလည်း အူလမ်းကြောင်းကို သက်သာကောင်းမွန်စေပါတယ်။ ဒါ့အပြင် ငှက်ပျောသီးအစိမ်းဟာ နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့အပြင် လူတစ်ယောက်ကို ကိုယ်ခန္ဓာပိုင်းသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာလည်း ကောင်းမွန်စေတယ်လို့ဆိုပါတယ်။

ငှက်ပျောရွက်

ငှက်ပျောရွက်ကိုကတော့ စားသုံးလို့မရပေမယ့်လည်း ရှေးယခင်တုန်းက ထမင်းစားကြတဲ့အခါမှာ ငှက်ပျောရွက်ကို အောက်ခံထားပြီး စားကြတာ၊ ထမင်းကိုကြာရှည်အထားခံအောင် ငှက်ပျောရွက်နဲ့ ထုတ်ပိုးတတ်ကြတာကို ပရိသတ်တို့အနေနဲ့ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။ ရှေးလူကြီးတွေကတော့ သိမ်းဆည်းရလွယ်ကူအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငှက်ပျောရွက်ကို ဒီလိုမျိုးအသုံးပြုခဲ့ကြပေမယ့်လည်း နည်းပညာတွေတိုးတက်လာချိန်မှာတော့ ငှက်ပျောရွက်မှာလည်း လက်ဖက်စိမ်းမှာပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီဒြပ်ဟာဆိုရင် အစားအစာတွေမှ အာဟာရကိုစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်အနှံ့အပြားကို ပို့ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောရွက်အသုံးပြုခြင်းက သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်လည်း ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။

ငှက်ပျောပင်တစ်ပင်ရဲ့ အသုံးဝင်ပုံတွေ၊ အကျိုးကျေးဇူးတွေကို တင်ဆက်ပေးပြီးပြီဖြစ်လို့ ပရိသတ်ကြီးအားလုံးလည်း ဗဟုသုတရရှိပြီး ကျေနပ်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။

ပရိသတ်ကြီးတို့ရော ငှက်ပျောပင်ကို ဘယ်လိုအသုံးပြုလေ့ရှိလဲ။ ငှက်ပျောပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ဘယ်လိုလုပ်စားဖြစ်သလဲ ဆိုတာကိုလည်း မျှဝေပေးခဲ့ပါဦးနော်။ 👇

ဖတ်ရှုအားပေးကြတဲ့ပရိသတ်တွေတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ 🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.