YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 18, 2023

ကိုယ်ခံအားတိုးစေဖို့အတွက် မိုးတွင်းကာလမှာစားသုံးပေးသင့်တဲ့ သစ်သီးဝလံများ

မိုးရာသီဆိုတာဟာ ကော်ဖီတစ်ခွက်နဲ့ တွေးလို့၊ ဆွေးလို့အကောင်းဆုံးရာသီဖြစ်သလို ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေနဲ့ တခြားသောအင်းဆက်ပိုးမွှားတွေ ပေါက်ဖွားမှုအမြင့်တက်ဆုံးသော ကာလတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားတို့လိုမျိုး အဖျားရောဂါတွေ၊ ကာလဝမ်းရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားလွယ်သလို လူတိုင်းနီးပါးလည်း တုပ်ကွေးဝေဒနာတွေကို အနည်းနဲ့အများ ခံစားကြရပါတယ်။ ဒီလိုမျိုးရောဂါဝေဒနာတွေမဖြစ်စေဖို့အတွက် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ခြင်းပါပဲ။ ကိုယ်ခံအားကောင်းဖို့အတွက် စားသောက်တဲ့နေရာမှာ နည်းလမ်းပုံစံအမျိုးမျိုးရှိပေမယ့် အခုတစ်ခါ Health Tips ကဏ္ဍမှာတော့ မိုးတွင်းကာလမှာ စားသုံးပေးသင့်တဲ့ အသီးအနှံတွေအကြောင်းကို လက်လှမ်းမှီသမျှ စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ လိုက်ချီးသီး

ဗီတာမင်စီဓာတ်တွေများစွာပါဝင်တဲ့ လိုက်ချီးသီး ဟာဆိုရင် ကိုယ်ခံအားတည်ဆောက်မှုကို အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုး ဖြစ်တာကြောင့် ကျန်းမာရေးပညာရှင်တွေက လိုက်ချီးသီးကို မိုးရာသီမှာ စားပေးသင့်တဲ့အသီးအဖြစ် သတ်မှတ်ပေးထားကြပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်လည်းပါဝင်တဲ့အတွက် အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် ဝမ်းချုပ်တတ်သူတွေအနေနဲ့လည်း စားသုံးပေးသင့်တဲ့ အသီးဖြစ်တယ်လို့ သိရပါတယ်။

၂။ မင်းဂွတ်သီး

ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်ကြတဲ့ မင်းဂွတ်သီးဟာဆိုရင်လည်း ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေအပြင် ဆိုဒီယမ်၊ Antioxidant နဲ့ ဗီတာမင်ဓာတ်တွေလည်းပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် များစွာအကျိုးရှိစေပြီး ကိုယ်ခံအားစနစ်ကိုလည်း တိုးစေပါတယ်။ အဲဒါတွေအပြင် အမျှင်ဓာတ်တွေလည်း ကြွယ်၀စွာပါဝင်တဲ့အတွက် အစာခြေစနစ်ကိုကောင်းမွန်စေပြီး အူကိုလည်း ကျန်းမာစေတာကြောင့် ဝမ်းနဲ့ပတ်သက်တဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

၃။ သရက်သီးမှည့်

သရက်သီးဟာ တခြားရာသီတွေမှာ အပူကန်တဲ့အစားအစာဆိုပေမယ့် မိုးရာသီမှာတော့ စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပြီး ဒီလိုစားတဲ့အခါမှာတော့ မိုးဦးအလွန်မှာ မှည့်နေတဲ့အသီးကိုစားသုံးပေးတာက ခန္ဓာကိုယ်အတွက် ပိုမိုကောင်းကျိူးဖြစ်စေတာကို တွေ့ရပါတယ်။ သရက်သီးမှာ အမျှင်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဇင့် နဲ့ သံဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့အဆီတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုက ဆီးချိုဝေဒနာရှင်တွေအနေနဲ့ကတော့ သရက်သီးအမှည့်ထက် အစိမ်းကိုပဲ စားသုံးပေးသင့်ပါတယ်။

၄။ ကြက်မောက်သီး

ကြက်မောက်သီးမှာဆိုရင်လည်း ခန္ဓာကိုယ်အတွက် အကျိုးများစွာဖြစ်ထွန်းစေတဲ့ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကိုမြင့်တက်စေပြီး အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ရေဓာတ်တွေ ကြွယ်၀စွာပါဝင်တဲ့အတွက် လည်း ကိုယ်အလေးချိန်လျော့ချလိုသူတွေအနေနဲ့ မိုးတွင်းကာလမှာသာမက တခြားသောရာသီတွေမှာလည်း စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

၅။ လိမ္မော်သီး

မြန်မာနိုင်ငံမှာ ရာသီမရွေး စျေးသက်သာစွာနဲ့ရရှိနိုင်တဲ့ လိမ္မော်သီးဟာဆိုရင်လည်း ဗီတာမင်စီဓာတ်တွေ ကြွယ်၀စွာပါဝင်တဲ့ အသီးဖြစ်တာကြောင့် ကိုယ်ခံအားကောင်းစေဖို့အတွက် စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်တယ်လို့ ဆိုကြပါတယ်။

၆။ သစ်တော်သီး

စားလို့အရသာရှိပြီး ကျန်းမာရေးအတွက်လည်း အများကြီးအထောက်အကူပြုတဲ့ နောက်ထပ်အသီးတစ်မျိုးကတော့ သစ်တော်သီးပဲ ဖြစ်ပါတယ်။ သစ်တော်သီးမှာဆိုရင် ရေဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင်စီဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခန္ဓာအတွက် မလိုအပ်တဲ့အဆီဓာတ်တွေကို ချေဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ သစ်သီးတွေအပြင် ဗီတာမင်ဓာတ်တွေပါဝင်တဲ့ တခြားသောအသီးအနှံတွေကလည်း ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အစဉ်တစိုက်ထိန်းသိမ်းကြလိုတဲ့ MI Radio ပရိသတ်ကြီးတို့အနေနဲ့လည်း တစ်နေ့တာအတွက် လိုအပ်တဲ့အာဟာရတွေ ပြည့်၀အောင်စားသုံးတဲ့အခါမှာ သစ်သီးတစ်မျိုးမျိုးတော့ ထည့်သွင်းစားသုံးဖို့အတွက် အကြံပြုလိုက်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ကြပါစေရှင်။ 😊

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.