YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 7, 2023

အစာခြေစနစ်အတွက် အရေးကြီးတဲ့အမျှင်ဓာတ် အပိုင်း (၂)

MIRadio ရဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေကို ပုံမှန်တင်ဆက်ပေးနေတဲ့ Health Tips အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။ ဒီတစ်ပတ်အတွက် တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာလေးကတော့ ပြီးခဲ့တဲ့ အပတ်က တင်ဆက်ပေးခဲ့တဲ့ “အစာခြေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ်” ရဲ့ ဒုတိယပိုင်းကို တင်ဆက်ပေးချင်ပါတယ်။

အမျှင်ဓာတ်ဟာ အူလမ်းကြောင်း‌ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ သဘာဝ ဘက်တီးရီးယားပိုးလေးများကို ပိုမိုပွားများသန်မာစေပါတယ်။ ကျွန်တော်တို့ရဲ့ အူလမ်းကြောင်းထဲမှာ Normal gut flora သို့မဟုတ် Probiotics လို့ခေါ်တဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဘက်တီးရီးယားပိုးလေးများ ရှိပါတယ်။ အဲဒီ ဘက်တီးရီးယားပိုးလေးများဟာ အစာခြေမှုကောင်းအောင်၊ လေမထအောင်၊ ဝမ်းမှန်အောင် နှင့် အူလှုပ်ရှားမှုမှန်အောင် ပြုလုပ်ပေးပါတယ်။ Probiotics ပိုးလေးများရှင်သန်ကြီးထွားဖို့အတွက် အစာအာဟာရကတော့ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေကို များများ စားရမှာဖြစ်ပါတယ်။ ထို့အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ဆာလောင်မှုကိုတိုက်ဖျက်ရာမှာ အကောင်းဆုံးလက်နက်များပဲ ဖြစ်ပါတယ်။ ဗိုက်မြန်မြန်ပြည့်စေပြီး အဆာကြာကြာခံစေပါတယ်။ အဲဒီအတွက် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေဟာ ကိုယ်အလေးချိန်ထိန်းညှိပေးရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။

ဒါ့အပြင် အမျှင်ဓာတ်ဟာ အူလမ်းကြောင်းရောဂါဝေဒနာများကိုကာကွယ်ပေးပြီး၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါကိုလဲ သက်သာစေပါတယ်။ အူလှုပ်ရှားမှုပုံမှန်မဟုတ်သောဝေဒနာ (Irritable Bowel Syndrome – IBS) ကိုခံစားနေရသူအများစုဟာ အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်စုံတစ်ရာ ရှာဖွေလို့မရဘဲ ဝမ်းလျှောခြင်း၊ဝမ်းချုပ်ခြင်း၊ဗိုက်ကယ်ခြင်း၊ဗိုက်ရစ်ခြင်းစတဲ့ဝေဒနာတွေကို ရေရှည်ခံစားရလေ့ရှိပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ အစာခြေဖျက်မှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေခြင်းအားဖြင်း IBS ဝေဒနာရှင်များကို သက်သာအောင် ကူညီပါတယ်။ အမျှင်ဓာတ်များတဲ့အစားအသောက်တွေဟာ ရင်ပူခြင်း၊အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေတယ်လို့ အချို့စမ်းသပ်ချက်တွေမှာ တွေ့ရှိရပါတယ်။ ပြီးတော့ Diverticulitis ရောဂါဆိုတာ အူမကြီးနံရံတွင်ရှိနေတဲ့အိတ်ငယ်လေးတွေမှာ အညစ်အကြေးတွေနဲ့ ပိတ်သွားပြီး ရောင်ခြင်း၊ ပိုးဝင်ခြင်းဖြစ်တဲ့အခြေအနေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ သို့သော် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ Diverticulitis ရောဂါဖြစ်စေနှုန်းကို လျော့ကျစေပါတယ်။ ထို့အပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေဟာ ဝမ်းမှန်စေခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။ ထိုအမျှင်ဓာတ်ကြွယ်ဝသောအစားအစာတွေဟာ ဝမ်းမှန်စေတဲ့အတွက် လိပ်ခေါင်းရောဂါမဖြစ်အောင်ကာကွယ်‌ပေးခြင်း နှင့် သက်သာအောင်ပါ ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာတွေဟာ သွေးတွင်းအဆီဓာတ်(Cholesterol) နှင့် သွေးတွင်းအချိုဓါတ် (Blood Sugar)ကိုပါ လျှော့ချပေးပြီး ကျန်းမာနဲ့ညီညွတ်စေပါတယ်။

 

အချုပ်အားဖြင့်ဆိုသော် အစာအိမ် နှင့် အူလမ်းကြောင်းကျန်းမာရေးအတွက် အစာခြေစနစ်အတွက် အရေးကြီးတဲ့ အမျှင်ဓာတ်ကို လုံလုံလောက်လောက်ရရှိအောင် နေ့စဉ်စားသောက်တဲ့အစားအစာတွေမှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်များကို ပါဝင်အောင် စားသောက်ဖို့ MIRadio ရဲ့ ပရိတ်သတ်ကြီးကို အကြံပေးရင်း ကျန်းမာပျော်ရွှင်သော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေကြောင်း MIRadio ရဲ့ ပရိသတ်ကြီးတို့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.