YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 7, 2023

ခြင်မှတစ်ဆင့်ဖြစ်ပွားသော အန္တရာယ်ကြီးမားတဲ့ရောဂါများ

ခြင် (Mosquito) အမည်ရ အင်းဆက်သတ္တဝါလေးများဟာ သေးငယ်ပေမယ့် လူသားများအတွက် အန္တရာယ်ကြီးမားပြီး သေစေနိုင်လောက်တဲ့ ရောဂါပိုးများကို သယ်ဆောင်လာလေ့ရှိပါတယ်။ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃,၀၀၀ ခန့်ရှိပြီး၊ မျိုးပွားမှုနှုန်းဟာလည်း အင်မတန်မှ မြန်ဆန်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲ လူတွေရဲ့ သွေးကိုတော့ ခြင်မများကသာ စုပ်ယူလေ့ရှိပြီး၊ ခြင်ထီးများကတော့ ပန်းဝတ်ရည်ကိုသာ စုပ်ယူလေ့ရှိတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ခြင်အမျိုးအစားပေါင်း များစွာရှိတဲ့အထဲက အန္တရာယ်ကြီးမားတဲ့ ခြင်အမျိုးအစားများကို ဖော်ပြပြီး ၎င်းတို့သယ်ဆောင်တဲ့ သေစေနိုင်လောက်တဲ့ ရောဂါပိုးများအကြောင်းကို ပြောပြပေးသွားပါမယ်။

– အနိုဖိလစ် (Anopheles) ခြင်မျိုးစိတ်ကို အန္တရာယ်အကြီးမားဆုံး ခြင်အဖြစ် သတ်မှတ်ထားကြပါတယ်။ အနိုဖိလစ် (Anopheles) ခြင်ဟာ ငှက်ဖျားရောဂါပိုးကို သယ်ဆောင်ပေးပြီး ငှက်ဖျားရောဂါအပြင်၊ အသားဝါရောဂါနဲ့ ဘေလုံးကြီးရောဂါတို့ကိုလည်း ဖြစ်ပွားစေပါတယ်။ အနိုဖိလစ် (Anopheles) ခြင်ကြောင့် ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ မြန်မာနိုင်ငံတွင်းမှာလည်း ဖြစ်ပွားလျက်ရှိနေပြီး ငှက်ဖျားရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရသူနဲ့ သေဆုံးသူဦးရေဟာလည်း မြန်မာနိုင်ငံတွင်း ထိပ်ဆုံးမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း နှစ်စဉ် မိုးဦးကျချိန်နဲ့ မိုးကုန်ချိန်များမှာ ခြင်များပိုမိုပေါက်ဖွားလေ့ရှိသောကြောင့် ထိုအချိန်များအတွင်းမှာ ငှက်ဖျားရောဂါကူးစက်မှုကို ပိုမိုပြင်းထန်စွာခံစားရလေ့ရှိပါတယ်။

အနိုဖိလစ် (Anopheles) ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါရဲ့ အဓိကလက္ခဏာတွေကတော့ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း အရိုးအဆစ်နာကျင်ခြင်း၊ အော့အန်ခြင်းနဲ့ အကြောဆွဲခြင်း တို့ဖြစ်ပါတယ်။ ကလေးငယ်များတွင်တော့ ဦးနှောက်သို့ ငှက်ဖျားရောဂါပိုး ဝင်ရောက်သည့်အတွက် ဖြစ်ပေါ်လာတဲ့ အာရုံကြောပျက်ဆီးမှုဟာ ပိုမိုစိုးရိမ်ရပါတယ်။ ဦးနှောက်သို့ ငှက်ဖျားရောဂါပိုး ဝင်ရောက်မှု ဖြစ်စဉ်ဟာ မျက်ကြည်လွှာများ ဖြူဖွေးနေမှုနဲ့ ဆက်နွယ်တဲ့အတွက်လည်း အခြားသော ဖျားနာခြင်းများနဲ့ ထင်ရှားစွာ ခွဲခြားနိုင်ပါတယ်။

ငှက်ဖျားရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူပါက အသက်အန္တရာယ်ထိခိုက်မှု အလွန်နည်းတာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားကြောင့် သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများသို့ သွားရောက်ကာ (၂၄) နာရီအတွင်း ကုသမှုခံယူသင့်ပါတယ်။

ဒုတိယမြောက် အန္တရာယ်ကြီးမားတဲ့ ခြင်မျိုးစိတ်ကတော့ အေဒီးစ် (Aedes) ခြင် ဖြစ်ပါတယ်။ အေဒီးစ် (Aedes) ခြင်ကြောင့် (Dengue Virus) ကြောင့် ဖြစ်ပွားတဲ့ အပူပိုင်းဒေသရောဂါတစ်မျိုး သွေးလွန်တုပ်ကွေးရောဂါကို အဓိကဖြစ်ပွားစေပါတယ်။

– အေဒီးစ် (Aedes) ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါရဲ့ အဓိကလက္ခဏာများကတော့ အဖျားကြီးခြင်း၊ ပျို့အန်/မအီမသာဖြစ်ခြင်း၊ ခန္ဓာကိုယ်မှာ အနီစက်များဖြစ်ပေါ်ခြင်းနဲ့ အဆစ်အမြစ်နဲ့ ကြွက်သားတွေ နာကျင် ကိုက်ခဲတာတို့ဖြစ်ပါတယ်။ အဖျားတက်တဲ့အခါ ပြင်းထန်တဲ့ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင် ကိုက်ခဲမှုများ ကို ခံစားရတဲ့အတွက် (Breakbone Fever) လို့လည်း လူသိများပါတယ်။ ကမ္ဘာပေါ်မှာ သွေးလွန်တုပ်ကွေးရောဂါ ခံစားနေရသူ သန်းနဲ့ချီရှိနေပြီး၊ အသက်အရွယ်မရွေး ကူးစက်နိုင်တာဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမှာ အဆင့် ၃ ဆင့်ရှိပြီး သာမန်သွေးလွန်တုပ်‌ကွေးရောဂါ၊ ပြင်းထန်သွေးလွန်တုပ်ကွေး ရောဂါနဲ့ အပြင်းထန်ဆုံးသော သွေးလွန်တုပ်ကွေး‌ရောဂါတို့ဖြစ်ပါတယ်။ သွေးလွန်တုပ်‌ကွေးရောဂါဖြစ်ပွားပြီ ဆိုရင်တော့ ရေဓာတ်ခန်းခြောက်တာကို ကာကွယ်ဖို့ ရေများများသောက်တာ၊ ကောင်းကောင်းအနားယူတာနဲ့ ကိုယ်ခံအားကောင်းမွန်ရန်အတွက် အဟာရပြည့်ဝတာကိုစားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

– ကျူးလက်စ် (Culex) ခြင်မျိုးစိတ်ကတော့ ဆင်ခြေထောက်ရောဂါနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါများကို ဖြစ်ပွားစေပါတယ်။

ဆင်ခြေထောက်ရောဂါဟာ ကျူးလက်စ် (Culex) ခြင်မျိုးစိတ် သယ်ဆောင်လာတဲ့ သန်ကောင်အမျိုးအစားပိုး ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။ ဆင်ခြေထောက်ရောဂါ ကူးစက်ပြီးနောက် ရောဂါနုစဉ်မှာ ချမ်းတုန်ဖျားခြင်း၊ ယားယံပြီး အင်ပျဉ်ထွက်ခြင်း၊ ချောင်းဆိုးရင်ကြပ်ခြင်း၊ ဆီးထဲသွေးပါခြင်း၊ အကျိတ်များရောင်ခြင်းနဲ့ ခြေလက် တစ်ဖက် သို့မဟုတ် နှစ်ဖက် နီရဲ ရောင်ရမ်းနာခြင်းတို့ ခံစားရမှာဖြစ်ပါတယ်။ ရောဂါကြာရှည်လာပြီဆိုရင်တော့ ခြေလက်၊ ရင်သား စသည်တို့ဟာ တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးကြီးလာပြီး ဆင်ခြေထောက် အသွင်ဖြစ်လာမှာဖြစ်ပါတယ်။

ဆင်ခြေထောက်ရောဂါကို ကာကွယ်ဖို့အတွက်ဆိုရင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးကို ၅ နှစ်ဆက်တိုက် တစ်နှစ်လျှင် တစ်ကြိမ် သောက်သုံးရမှာဖြစ်ပါတယ်။

ဂျပန်ဦးနှောင်ရောင်ရောဂါကတော့ တစ်ခါဖြစ်ပြီးရင် တစ်သက်တာ ကိုယ်ခံအားရရှိသွားတဲ့ ရောဂါဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ကူးစက်နိုင်ခြင်းမရှိတဲ့ ရောဂါဖြစ်ပြီး၊ ရောဂါကူးစက်ခံရတဲ့ ဝက်များကသာ လူထံကို ကူးစက်တာ ဖြစ်ပါတယ်။ဂျပန်ဦးနှောက်ရောင်ရောဂါကတော့ အထူးသဖြင့် မွေးမြူရေးလုပ်ကြတဲ့ တောရွာများတွင်သာ အဖြစ်များလေ့ရှိပါတယ်။

အထက်ဖော်ပြပါ ခြင်ကြောင့်ဖြစ်တဲ့ အန္တရာယ်များတဲ့ ရောဂါများဖြစ်ပွားမှုကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ခြင်ကိုက်ခံခြင်းမရှိအောင် နေထိုင်ခြင်းနဲ့ ခြင်ပေါက်ဖွားရာ နေရာများဖြစ်တဲ့ ရေစီးရေလာမကောင်းမွန်တဲ့ ချောင်း၊ မြောင်းများ၊ စွန့်ပစ်ကန်များ၊ ရေဆိုးကျင်းများကို ဖယ်ရှားရှင်းလင်းပြီး ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.