YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

Keto Diet နဲ့ စမတ်ကျကျဝိတ်ချကြမယ်

ဝိတ်ချတဲ့နည်းလမ်းတွေများစွာရှိတဲ့အထဲက ဒီကနေ့မှာတော့ ပရိသတ်ကြီးများအတွက် လတ်တလောမှာခေတ်စားလာတဲ့ ဝိတ်ချနည်းတစ်မျိုးဖြစ်တဲ့ Keto Diet အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အခုမှ ဒီနည်းလမ်းလေးကို စပြီးအသုံးပြုကာ ကိုယ်အလေးချိန်လျှော့ချချင်သူများအတွက် ဆောင်ရန် ရှောင်ရန်လေးများကို စုစည်းတင်ဆက်ပေးထားပါတယ်နော်။

Keto Diet ဆိုတာ ဘာလဲ။🤔

ဒီဘက်ခေတ်နောက်ပိုင်း ကိုယ်အလေးချိန်လျှော့ချချင်ကြတဲ့သူတွေအကြားမှာ ခေတ်စားလာတဲ့ ဝိတ်ချနည်းတစ်ခုရှိပါတယ်။ အဲဒါကတော့ Keto Diet လို့ခေါ်တဲ့ မိမိနေ့စဉ်စားသုံးနေတဲ့ ကစီဓာတ် (ခေါ်) Carbohydrate ကို ပမာဏအနည်းဆုံးအထိ လျှော့ချပြီး Fat ဆိုတဲ့ အဆီဓာတ်ကို အစားထိုးတဲ့ ဝိတ်ချနည်းလမ်းတစ်မျိုးပါပဲ။ တစ်နည်းအားဖြင့်ကတော့ အဆီကို အဆီနဲ့တိုက်ထုတ်ပြီး ရက်ပိုင်းအတွင်း ကိုယ်အလေးချိန် ၃ ပေါင်မှ ၄ ပေါင်အထိ လျော့ကျစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေလိုချင်တယ်ဆိုရင်တော့ အချိန်တစ်ခုသေချာပေးပြီး စားသုံးပေးရမှာဖြစ်ပါတယ်။

တချို့တွေက Keto Diet ဆိုတာကို အသားတွေအများကြီးစားသုံးပေးရတယ်လို့ ထင်မှတ်ထားတတ်ကြပါတယ်။ ဒါကြောင့် တစ်ခုမှတ်သားထားရမှာက Keto Diet ပြုလုပ်နေတဲ့အချိန်မှာ အသားကိုအများကြီးမစားပဲ တော်သင့်ရုံလောက်သာစားပြီး ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့အဆီတွေကို အားပြုစားသုံးပေးရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ခန္ဓာကိုယ်က အဆီတွေကို ပြန်လည်အသုံးပြုလို့ရအောင် လေ့ကျင့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တမ်းတော့ ဒီနည်းလမ်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော် ၁၉၂၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့နည်းလမ်းဖြစ်ပြီး အတက်ရောဂါကုသတဲ့နည်းလမ်းတွေမှာ အသုံးပြုတယ်လို့ သိရပါတယ်။ဒါပေမဲ့ ဒီဘက်ခေတ်နောက်ပိုင်းမှာတော့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် စားသောက်မှုပုံစံအဖြစ် အသုံးပြုလာကြတာဖြစ်ပါတယ်။

Keto Diet ကို ဘယ်လိုသူတွေ အဓိကစားသင့်သလဲ။ 💁🏻‍♂️

ဒါကြောင့် Keto Diet ကို ဘေးထွက်ဆိုးကျိုးနည်းပါးစွာနဲ့ ကိုယ်အလေးချိန်လျှော့ချချင်ကြတဲ့သူတွေအပြင် သွေးအတွင်းမှ မကောင်းတဲ့အဆီတွေကို လျှော့ချချင်သူတွေ၊ ဆီးချိုသွေးချိုလျော့ကျချင်သူတွေအနေနဲ့ စားသုံးနိုင်ပါတယ်။ တစ်ခုရှိတာက စားသုံးတဲ့အခါမှာ တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ပြီးတော့မှသာ အချိန်တစ်ခုသေချာပေးပြီး စနစ်တကျစားသုံးပေးဖို့ လိုအပ်ပါတယ်။ အကြောင်းအရင်းကတော့ Keto Diet ဆိုတာမျိုးက ကိုယ်တွင်းမှာရှိတဲ့ သကြားဓာတ်ကို လျှော့ချပေးတာမို့လို့ သကြားဓာတ်တွေမရှိတော့တဲ့အခါ ရေဓာတ်တွေလည်းလျော့ကျသွားပါတယ်။ အဲဒီအခါမှာတော့ Water Weight တွေက ၀ုန်းခနဲလျော့ကျသွားတဲ့အတွက် ဒါကိုသေချာနားမလည်တဲ့သူတွေအနေနဲ့ ကိုယ်ထဲမှာရှိတဲ့အဆီတွေ လျော့ကျသွားတယ်လို့ ထင်မှတ်တတ်ကြပါတယ်။ ဒါကြောင့် Keto Diet ကို စားသုံးဖို့အတွက် ဆုံးဖြတ်ထားပြီဆိုရင်တော့ ကျွမ်းကျင်တဲ့သူတွေနဲ့ အရင်ဆုံးတိုင်ပင်တာက အကောင်းဆုံးပါပဲ။

Keto Diet မလုပ်သင့်တဲ့သူတွေက ဘယ်လိုသူမျိုးတွေလဲ။🙅🏻‍♂️

Keto Diet ကို မစားသုံးသင့်တဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အစာအိမ်ရောဂါရှိသူတွေ၊ အရိုးအကြောရောဂါရှိသူတွေ၊ အင်ဆူလင်သုံးစွဲနေရသူတွေ၊ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ် စသဖြင့် ကိုယ်တွင်းအင်္ဂါနဲ့ပတ်သတ်လို့ နာတာရှည်ရောဂါရှိကြတဲ့သူတွေ၊ ကင်ဆာရောဂါခံစားနေကြရသူတွေနဲ့ Thyriod မူမမှန်သူတွေဖြစ်တယ်လို့ သိရပါတယ်။

Keto Diet မှာ ဘာတွေကိုရှောင်ကြဉ်ပြီး ဘာတွေကိုစားသုံးရမှာလဲ။ 😱

Keto Diet ရဲ့ စားသုံးရမယ့်ပမာဏပုံစံကတော့ အဆီဓာတ် – ၇၅ ရာခိုင်နှုန်း၊ အသားဓာတ် ၂၀ ရာခိုင်နှုန်းနဲ့ ကစီဓာတ် ၅ ရာခိုင်နှုန်းဖြစ်ပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ရာခိုင်နှုန်းပမာဏကတော့ အနည်းနဲ့အများ ကွာခြားနိုင်ပါတယ်။ Keto မှာ အဓိကရှောင်ကြဉ်ရမှာတွေကတော့ ကစီဓာတ် (ခေါ်) Carbohydrate ဖြစ်တာကြောင့် ခေါက်ဆွဲ၊ ကြာဇံ၊ ဂျုံ၊ ဆန်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေအကုန်လုံးကို အဓိကဖယ်ထုတ်ရမှာဖြစ်ပြီး အဲဒါအပြင် သကြားပါတဲ့အစားအစာတွေနဲ့ အချိုရည်တွေ၊ ချိုမြလွန်းတဲ့ သစ်သီးတွေ၊ ကစီဓာတ်ပါဝင်တဲ့ အစေ့တချို့နဲ့ပဲတွေ၊ မြေကြီးထဲမှာကြီးထွားတဲ့ ဟင်းသီးဟင်းရွက်တွေ (အာလူး၊ မုန်လာဥ) နဲ့ အရက်ဘီယာတို့ကိုလည်း ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

စားသုံးနိုင်တာတွေကတော့ အသား၊ အစိမ်းရောင်အသီးအရွက်၊ ကြက်ဥ၊ ချိစ်၊ ထောပတ်သီး၊ ဘယ်ရီသီး၊ သံလွင်ဆီ၊ ကြက်ဥ၊ မုန်လာဥနီ၊ ငရုတ်ပွတို့ဖြစ်ပြီး အစရှိတဲ့ ကစီဓာတ်မပါတဲ့ အစားအစာတွေဖြစ်ပြီး ရေကိုတော့ တတ်နိုင်သမျှ အဓိကထားသောက်သုံးပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

Keto Diet လုပ်ပြီး Ketosis ဖြစ်တယ်ဆိုတာက ဘာလဲ။

Keto Diet လုပ်ပြီး Ketosis ဖြစ်တယ်ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့စွမ်းအင်တွေအတွက် လောင်ကျွမ်းဖို့ ကာဗိုဟိုက်ဒရိတ် အလုံအလောက်မရှိတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီအခါမှာ ကာဗိုဟိုက်ဒရိတ်အစား Fats ဆိုတဲ့အဆီတွေက လောင်ကျွမ်းပေးရပြီး လောင်စာအတွက်အသုံးပြုနိုင်တဲ့ Ketones တွေဖြစ်ပေါ်လာပါတော့တယ်။ Ketones ဆိုတာကတော့ အဆီတွေချေဖျက်တဲ့အခါမှာ အသည်းကနေထုတ်လုပ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။

Ketosis Flu ဆိုတာကရော ဘာလဲ။ 🤔

Keto Flu လို့အလွယ်ခေါ်ဝေါ်ကြတဲ့ Ketosis Flu ဆိုတာကတော့ Keto Diet ကို စတင်စားသုံးတဲ့သူတွေမှာ ဖြစ်ပေါ်တတ်တဲ့ တုပ်ကွေးတစ်မျိုးဖြစ်ပြီး ဖြစ်ပေါ်ရတဲ့အကြောင်းအရင်းကတော့ နှစ်နဲ့ချီစားသုံးလာတဲ့ အစားအသောက်တွေကို ရုတ်တရက် ဖြတ်တောက်လိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ Keto Flu ရဲ့ လက္ခဏာတွေကတော့ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ သွေးပေါင်ကျခြင်း၊ ဝမ်းသွားခြင်း၊ ခံတွင်းအနံ့ဆိုးရွားခြင်း၊ ညဘက်အိပ်မပျော်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်းတို့ပဲဖြစ်ပါတယ်။ ဒီလက္ခဏာတွေက Keto Diet စတင်စားသုံးတဲ့ ပထမဆုံး ၃ ရက်ကနေ ၇ ရက်အတွင်းမှာ ဖြစ်ပေါ်တတ်ပြီး ကြာချိန်ကတော့ အနည်းဆုံး ၃ ရက်ကနေ ၇ ရက်အတွင်းဖြစ်တယ်လို့ သိရပါတယ်။ တချို့ဆိုရင် ၁ ရက်လောက်ပဲ ဒီလက္ခဏာတွေခံစားလိုက်ရပြီး သက်သာသွားကြတာကိုလည်း တွေ့ရပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုရင်တော့ ကြောက်ရွံ့နေစရာမလိုပါပဲ ကောင်းမွန်တဲ့အဆီနဲ့ အသားဓာတ်တွေ၊ အာဟာရပြည့်စုံတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးဖို့လိုပါတယ်။ အဲဒါတွေအပြင် Keto Diet လုပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ထဲက ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာကြောင့် ဓာတ်ဆားနဲ့ ရေကိုလည်း တတ်နိုင်သမျှ များများသောက်ပေးရမှာဖြစ်ပြီး အိပ်စက်ချိန်မှာလည်း အိပ်ရေး၀၀နဲ့ အနားယူလိုက်မယ်ဆိုရင် သက်သာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Keto Diet လုပ်လို့ Ketosis ဖြစ်ပြီးနောက်ပိုင်းမှာ အစာတွေကို အရင်လိုပြန်စားလို့ရပါသလား။

Keto Diet လုပ်လို့ Ketosis ဖြစ်ပြီးနောက်ပိုင်းမှာ အစာတွေကို အရင်ကလို ပုံမှန်အတိုင်းပြန်စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်က အရင်တိုင်းပြန်ဖြစ်သွားမှာပါ။ အဲဒီနောက်မှ Keto Diet ပြန်လုပ်မယ်ဆိုရင်တော့ စားသောက်မှုပုံစံကို အစကနေ ပြန်လည်စတင်ရမှာဖြစ်ပါတယ်။

Keto Diet လုပ်ပြီး နောက်ပိုင်း အရင်လိုအစားအစာတွေပြန်စားရင် Yo Yo Effect ဖြစ်တယ်ဆိုတာက ဘာလဲ။

Yo Yo Effect ဆိုတာကတော့ Keto Diet ရယ်လို့မဟုတ်ပါဘူး။ ဘယ်လို Diet မျိုးမှာမဆို အရင်လိုမျိုးအစားအစာတွေ ပုံမှန်အတိုင်းပြန်စားလိုက်တဲ့အခါတွေမှာ Yo Yo Effect ဖြစ်ပေါ်တတ်ပါတယ်။ Yo Yo Effect က အမျိုးသား၊ အမျိုးသမီးနဲ့ အသက်အရွယ်မရွေးဖြစ်တတ်ပြီး ဖြစ်ရတဲ့အကြောင်းရင်းကတော့ စားသောက်မှုပုံစံမှားယွင်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

လူတွေအတော်များများက Diet ပြုလုပ်ကာစအချိန်မျိုးတွေမှာ အစားကို အလွန်အမင်းလျှော့ချပစ်လိုက်ကြပါတယ်။ အဲဒီအခါမှာ ပုံမှန်မဟုတ်တဲ့ စားသောက်မှုပုံစံတွေက အချိန်တခဏတာအတွက် ဝိတ်ကျသွားတယ်ဆိုပေမယ့် Diet ကို ရေရှည်မလုပ်နိုင်လို့ ပုံမှန်အတိုင်းပြန်လည်စားသုံးပြီဆိုရင်တော့ ကိုယ်အလေးချိန်က အရင်ကထက် ၂ ဆ တိုးလာတတ်ကြပါတော့တယ်။ Yo Yo Effect ခံစားနေရပြီဆိုရင်တော့ ကျန်းမာရေးဆိုင်ရာအခက်အခဲတွေ အများကြီးဖြစ်ပေါ်နိုင်သလို ကိုယ်အလေးချိန် ပြန်လည်လျော့ချတဲ့အခါမျိုးတွေမှာလည်း အရင်ထက်ပိုပြီး ခက်ခဲမှုတွေရှိနိုင်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ ကိုယ်အလေးချိန်လျော့ချဖို့အတွက် Keto Diet ကို စားသုံးမယ်ဆိုရင်တော့ သေချာတတ်ကျွမ်းနားလည်တဲ့သူနဲ့ တိုင်ပင်ဆွေးနွေးပြီး စိတ်ဆုံးဖြတ်ပြီးတော့မှသာလျှင် စားသုံးတာအကောင်းဆုံးဖြစ်တယ်လို့ အကြံပေးပါရစေ။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.