YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

အရိုးအကြောနဲ့ အဆစ်အမြစ်တွေက ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးတာလဲ

အရိုးအကြောနဲ့ အဆစ်အမြစ်တွေဟာဆိုရင် ကျွန်တော်တို့နေ့တဓူဝလှုပ်ရှားသွားလာဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် လူအများစု ကတော့ ဒီအစိတ်အပိုင်းတွေ ကျန်းမာကြံ့ခိုင်ဖို့အတွက် ပေါ့ပေါ့ဆဆနဲ့မေ့လျော့နေတတ်ကြပါတယ်။ ဒီနေ့ မှာတော့ အရိုးအကြောနဲ့ အဆစ်အမြစ်တွေက ခန္ဓာကိုယ်အတွက် ဘာကြောင့်အရေးကြီးတာလဲ။ ဒီကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ကျန်းမာကြံ့ခိုင်စေဖို့အတွက်ကရော ဘယ်လိုမျိုး နေထိုင်စားသောက်သင့်လဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အတိုင်း သက်ရှိတွေအားလုံး လွယ်လင့်တကူ နေ့စဉ်သွားလာလှုပ်ရှားနိုင်ဖို့အတွက် အရိုးအကြောနဲ့ အဆစ်အမြစ်တွေအကုန်လုံးဟာ ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ် မှာ ထိခိုက်ဒဏ်ရာအများဆုံးရတဲ့ အစိတ်အပိုင်းကလည်း အရေပြားပြီးရင် အဲဒီအရိုးအကြောနဲ့ အဆစ်အမြစ် တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအစိတ်အပိုင်းတွေ ကျန်းမာကြံ့ခိုင်ပြီး သန်စွမ်းမှုရှိစေဖို့အတွက်ဆိုတာက အလွန်အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားကြတာပါ။

အရိုးကျန်းမာရေးကို ဂရုတစိုက်ရှိသင့်တဲ့နောက်ထပ်တစ်ချက်ကတော့ အရိုးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို အထောက်အပံ့ပေးထားတဲ့အပြင် မတော်တဆထိခိုက်ခြင်းကြောင့် ဦးနှောက်နဲ့ ကိုယ်တွင်းကလီစာတို့လိုမျိုး အရေးကြီးတဲ့အစိတ်အပိုင်းတွေကို အပြင်းအထန်ဒဏ်ရာမရှိအောင် ကာကွယ်ပေးထားတဲ့အတွက်ကြောင့်ပါပဲ။ ဥပမာပြောရရင် ဦးခေါင်းခွံက ဦးနှောက်ကိုကာကွယ်ပေးထားသလို နံရိုးကလည်း နှလုံး၊ အဆုတ်နဲ့ တခြားသော ကိုယ်တွင်းကလီစာတို့ကို ကာကွယ်ပေးထားတာဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူတွေအများစုက အရိုးအကြောနဲ့ အဆစ်အမြစ်ကျန်းမာရေးကို ထိန်းသိမ်းဂရုစိုက်ဖို့အတွက် မေ့လျော့နေတတ်ကြတာကြောင့် အိုမင်းလာတဲ့အခါမှာ အရိုးပွခြင်း၊ အရိုးပျော့ခြင်း၊ အရိုးကင်ဆာ ဖြစ်ခြင်း၊ ကြွက်သားသိမ်လှီခြင်း၊ ခုခံအားကမောက်ကမဖြစ်ခြင်း၊ အာရုံကြောပိခြင်း၊ အဆစ်အမြစ်များ ယောင်ရမ်းခြင်းနဲ့ တခြားသောအရိုးအကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေဖြစ်ပေါ်လာနိုင်ပါတယ်။

အရိုးအဆစ်မှာ ပြဿနာတစ်စုံတစ်ခုရှိနေပြီဆိုရင်တော့ အဆစ်ပုံပျက်ခြင်း၊ အဆစ်အမြစ်တွေ ယောင်ရမ်းခြင်၊ အဆစ်နဲ့ ကြွက်သားတွေတောင့်တင်းပြီး မလှုပ်ရှားနိုင်ခြင်း၊ ထုံကျင်ခြင်းနဲ့ နာကျင်ခြင်းတို့ကို ခံစားလာရမှာပါ။ တကယ်လို့ သင့်အနေနဲ့ အရိုးအဆစ်ကပုံပျက်သွားပြီး လှုပ်ရှားလို့မရတော့ခြင်း၊ ထိခိုက်မှုကြောင့် အဆစ်တစ်ခုနဲ့ တစ်ခုအကြားမှာ ပြုတ်ထွက်သွားတဲ့အသံမျိုးကို ကြားသိခံစားလိုက်ရခြင်းနဲ့ မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်းတို့ကို ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းဆီကို အမြန်ဆုံးသွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

အရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါတွေဟာ လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့်လည်း အသက်ကြီးရင့်သူ တွေ၊ အ၀လွန်သူတွေ၊ နာတာရှည်ရောဂါသည်တွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ကိုယ်ခန္ဓာအားနဲ့ အလုပ်လုပ်ရ သူတွေ၊ လေးလံတဲ့အရာတွေကိုထမ်းပိုးရသူတွေ၊ အထိုင်များသူတွေ (ဥပမာ – တစ်နေ့လုံးထိုင်ပြီးစက်ချုပ်သူတွေ၊ ကွန်ပျူတာအရှေ့၊ တစ်နည်းအားဖြင့် အလုပ်စားပွဲမှာအချိန်ကြာမြင့်စွာထိုင်ပြီး အလုပ်လုပ်ရသူတွေ) မှာတော့ အဆိုပါအရိုးအကြောရောဂါတွေက ပိုမိုအဖြစ်များတာကိုတွေ့ရပါတယ်။

ဒီလိုမျိုးအရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါတွေဖြစ်ပေါ်လာပြီဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ပြီး ဆေးဝါးသောက်သုံးခြင်းတွေ၊ ခွဲစိတ်ခြင်းတွေနဲ့ ကုသမှုခံယူနိုင်သလို လေ့ကျင့်ခန်းပြုလုပ်ပြီးတော့လည်း ကုသနိုင်ပါတယ်။ ဒါပေမယ့် မဖြစ်ခင်ကကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသနည်းဆိုတဲ့စကားအတိုင်း ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါဖြစ်ပေါ်လာမှ ကုသတာထက် မဖြစ်ခင်အချိန်မှာ သေသေချာချာ စနစ်တကျနေထိုင်စားသောက်ဖို့အတွက် အကြံပေးထား ကြပါတယ်။

အရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါဖြစ်ပေါ်မှုကို လျှော့ချနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တွေကတော့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ပေးခြင်းပါပဲ။ ဒါ့အပြင် အစားအသောက် စားသုံးတဲ့အခါမှာလည်း ကယ်ဆီယမ်ဓာတ်ပါဝင်တဲ့အစားအစာတွေနဲ့ တခြားအာဟာရ ဓာတ်ပြည့်၀တဲ့ အစားအစာတွေ (ဥပမာ – နွားနို့နဲ့ ကြက်ဥတို့လိုမျိုး အစားအစာတွေ) ကိုရွေးချယ်စားသုံး ပေးသင့်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေကတော့ ဆေးလိပ်ကို ယတိပြတ်ကြီးမဟုတ်ရင်တောင်မှ အတတ်နိုင်ဆုံး လျှော့ချသောက်သုံးသင့်ပါတယ်။ တကယ်လို့ သင်က ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို ပြုလုပ်ရလေ့ရှိသူဆိုရင်လည်း အဲဒီလိုအရာတွေကိုမလုပ်ခင်မှာ အကြောလျှော့တဲ့လေ့ကျင့်ခန်းလုပ်ပေးသင့်သလို အကာအကွယ်တွေကိုလည်း ဝတ်ဆင်သင့်ပါတယ်။ ရောဂါအခံရှိတဲ့သူ (ဥပမာ – သွေးလေးဖက်နာ၊ ဆိုရီပေးစစ် လေးဖက်နာ) တွေအနေနဲ့ကတော့ မိမိရဲ့ ရောဂါကို ဆရာဝန်နဲ့သေချာတိုင်ပင်ကုသထားသင့်တယ်လို့ ဆိုပါတယ်။

အရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါတွေဟာဆိုရင် ပေါ့ဆမနေသင့်ဘဲ စောစောစီးစီးကုသမှုခံယူသင့်တဲ့ ရောဂါမျိုးတွေဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ခပ်ပေါ့ပေါ့နေထိုင်ပြီး သေချာမကုသဘဲနေလိုက်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ မသန်စွမ်းဖြစ်ခြင်းနဲ့ နာတာရှည်ရောဂါတစ်ခုသဖွယ်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါတွေဖြစ်ပြီဆိုတာနဲ့ နားလည်တတ်ကျွမ်းတဲ့ကျန်းမာရေးပညာရှင်တွေကို သွားရောက်ပြသကာ စနစ်တကျနဲ့ အမြန်ဆုံးကုသမှုခံယူဖို့ အကြံပေးပါရစေ။

ဒီလောက်ဆိုရင်တော့ အခုတင်ဆက်ပေးခဲ့တဲ့ အရိုးအကြောနဲ့ အဆစ်အမြစ်ရောဂါဟာ ပေါ့ဆ မနေသင့်တဲ့ ရောဂါတစ်ခုဖြစ်တယ်ဆိုတာကို သိရှိကြလောက်မယ်လို့ထင်ပါတယ်နော်။ နောက်လာမယ့် Health Tips အစီအစဉ်မှာရော ဘယ်လိုကျန်းမာရေးဗဟုသုတအကြောင်းအရာတွေကို မျှဝေပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။ ဖတ်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးတင်ရှိပြီး ပျော်ရွှင်ချမ်းမြှေ့စရာကောင်းတဲ့နေ့ရက်လေးတွေရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ❤

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.