YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

ရေဓာတ်ခမ်းခြောက်ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင်း လိုအပ်သည်ထက် ပိုမိုပြီး ရေဓာတ်ဆုံးရှုံးမှု များထဲအခါမှာ ဖြစ်ပေါ်စေပါတယ်။

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အပူချိန်မြင့်မားခြင်း၊ လေ့ကျင့်ခန်းများ အလွန်အကျွံပြုလုပ်မှုတို့ကြောင့် ချွေးပမာဏများပြားစွာထွက်ခြင်းနဲ့ ပြင်းပြင်းထန်ထန် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့လို ရောဂါဝေဒနာများကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပွားစေကာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များကို အ‌နှောင့်အယှက်ဖြစ်စေပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် လူအများစုမှာ အလွန်ဆိုးရွားတဲ့ ကျန်းမာရေးဆိုးကျိုးတော့မရှိဘဲ ခန္ဓာကိုယ်တွင်း ရေဓာတ်စုစုပေါင်းရဲ့ ၃-၄ ရာခိုင်နှုန်း ကျဆင်းမှုကို ခံနိုင်ရည်ရှိကြသော်လည်း ၅-၈ ရာခိုင်နှုန်း ရေဓာတ်လျော့နည်း ကျဆင်းလာပြီဆိုရင်တော့ မူးဝေခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ဆီးသွားနည်းခြင်းတို့ကို စတင်ခံစားလာရပြီး၊ ရေဓာတ်စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးလာပြီရင်တော့ ရေငတ်ခြင်းနဲ့အတူ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုကို ခံစားလာရတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်စုစုပေါင်း ၁၅ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းကြား ဆုံးရှုံးလာပြီဆိုပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

အပျော့စား ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာများကတော့ ရေငတ်ခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ဖြစ်ပြီး၊ ရေသောက်သုံးခြင်းနဲ့ပဲ ဖြေရှင်းနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် သွေးအတွင်း ဆိုဒီယမ်အိုင်ယွန်း မြင့်မားမှုကို ဖြစ်ပွားစေပါတယ်။

သာမန်လူတစ်ယောက်ဟာ လေ့ကျင့်ခန်းပြုလုပ်ပြီးပါက ဆုံးရှုံးသွားတဲ့ ရေဓာတ်များကို ရေသောက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်းတို့ဖြင့် ပြန်လည်ဖြည့်တင်းနိုင်မှာဖြစ်သလို နာမကျန်းဖြစ်နေသူများ၊ ပြင်းပြင်းထန်ထန် အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်း ဝေဒနာများကို ခံစားနေရသူများအတွက်ကတော့ ရေဓာတ် အလွန်အမင်းခမ်းခြောက်နေပြီဖြစ်တဲ့အတွက် ရေသောက်ရုံမျှဖြင့် လုံလောက်ခြင်းမရှိတဲ့အတွက် လူနာရဲ့သွေးကြောမှတစ်ဆင့် အရည်ဓာတ်နဲ့ သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးခြင်းနည်းလမ်းဖြင့်သာ ပြန်လည်ကုစားနိုင်မှာဖြစ်ပါတယ်။ ရေအနည်းငယ်သောက်နိုင်တဲ့ လူနာကိုတော့ သတ္တုဓာတ်ပါဝင်တဲ့ ဓာတ်ဆားရည်ကို တိုက်ကျွေးပေးရမှာဖြစ်ပါတယ်။

လူတစ်ဦးဟာ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်ပွားပြီဆိုရင် ခန္ဓာကိုယ်ကို အရည်ပြန်လည်ဖြည့်တင်းရမယ်လို့ ဆိုထားပေမယ့် ဂတ်စ်ပါဝင်တဲ့ အချိုရည်များ၊ အချိုလွန်ကဲတဲ့ အချိုရည်များ၊ အရက်နှင့် ကဖင်းဓာတ်များပါဝင်တဲ့ ကော်ဖီ လက်ဖက်ရည်တို့ကိုတော့ ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ဖြည့်တင်းပေးတဲ့ အားဖြည့်အချိုရည်များဟာလည်း ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။

ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ ရေသောက်ဖို့ လိုအပ်တယ်ဆိုပေမယ့် ရေကို အလွန်အကျွံတော့ မသောက်သုံးသင့်ဘူးလို့ ကျန်းမာရေးပညာရှင်များက ဆိုပါတယ်။ ရေကို အလွန်အကျွံသောက်သုံးတာက အခြားဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားနိုင်ပြီး၊ ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ် ခမ်းခြောက်ခြင်းကို ကာကွယ်ရန် အရည်ကိုပဲသောက်သုံးရမှာမဟုတ်ဘဲ ရေဓာတ်ပါဝင်တဲ့ ဖရဲသီး၊ သခွားမွှေး၊ သခွားသီး၊ စတော်ဘယ်ရီသီးနဲ့ စပျစ်သီး စတဲ့ အသီးအနှံများကိုလည်း စားသုံးခြင်းဖြင့်လည်း ခန္ဓာကိုယ်ကလိုအပ်သော ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

လူတစ်ဦးရဲ့ ခန္ဓာကိုယ်ဟာ အနည်းဆုံး ရေဓာတ် ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားတဲ့အတွက် ရေကို မဖြစ်မနေ နေ့စဉ်သောက်သုံးပေးဖို့ လိုအပ်သော်လည်း အလွန်အကျွံမသောက်သုံးဖို့လည်း အရေးကြီးပြန်ပါတယ်။ “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း သင့်တင့်မျှတသော ရေပမာဏကိုသောက်သုံးရင်း ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်လိုက်ကြရအောင်နော် ……။

ပရိသတ်ကြီးတို့ရော တစ်နေ့ ရေဘယ်နှစ်လီတာလောက် သောက်ဖြစ်သလဲ။ ရေအပြင် အခြားသောသစ်သီးတွေ ဘာတွေစားဖြစ်သလဲဆိုတာကို ပြောပြထားပေးခဲ့ပါဦးနော် …။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.