YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

သက်ကြီးရွယ်အိုတွေသာမက လူငယ်တွေမှာပါဖြစ်လေ့ရှိတဲ့ လေးဘက်နာရောဂါအကြောင်း‼️

လေးဘက်နာ ရောဂါဆိုတာ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံအားက မိမိခန္ဓာကိုယ်ကို မှားယွင်းစွာ ပြန်လည်တိုက်ခိုက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် အဆစ်များတောင့်တင်းနာကျင်ပြီး လုပ်ရှားရခက်စေတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ လေးဘက်နာရောဂါမှာ အမျိုးအစားများစွာ ရှိပြီး တစ်မျိုးနှင့်တစ်မျိုးက မတူညီကြပါဘူး။ ဒါကြောင့် ဒီအပတ်အတွက် MI Radio ရဲ့ Health Tips အစီအစဉ်မှာ ပရိသတ်ကြီးအားလုံးအတွက် လေးဘက်နာအမျိုးအစား များစွာရှိတဲ့ထဲက အရိုးအဆစ်ယောင်ရမ်းမှုကြောင့် အရိုးနုပျက်စီးသွားတတ်တဲ့ လေးဘက်နာရောဂါအကြောင်းကို ဝေမျှပေးသွားပါမယ်။ 👇

အဆစ်တွေဟာ ကာလကြာရှည်စွာ ရောင်ရမ်းလာတဲ့အခါမှာ အရိုးအဆစ်တွေကြားက အရိုးနုလေး‌တွေဟာ ပျက်စီးယိုယွင်းလာတတ်ပြီး ခန္ဓာကိုယ်ရဲ့အရိုးအဆစ်တိုင်းနီးပါးမှာ Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ် ယောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းထားရတဲ့ အဆစ်တွေမှာ အဖြစ်အများဆုံးဆိုပေမယ့် လက်ချောင်း၊ လက်ကောက်ဝတ်၊ လည်ပင်းနှင့် ခြေမအဆစ်တွေမှာလည်း ဖြစ်လာ နိုင်တတ်ပါတယ်။ အသက် (၆၀) နှင့် အထက် အရွယ်အများစုများမှာ ဒီရောဂါဖြစ်လေ့ဖြစ်ထရှိသလို လူငယ် တွေမှာဖြစ်တာကိုလည်းတွေ့ရပါတယ်။ အသက် (၅၀) ကျော်အရွယ်တွေမှာဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဒီဝေဒနာပိုခံစားရလေ့ရှိပါတယ်။

ဒီလေးဘက်နာ ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်းချင်းဖြစ်လာတတ်သလို အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာတတ်ပါတယ်။ ဘယ်လိုလက္ခဏာတွေလဲဆိုရင်တော့ –
– လှုပ်ရှားလိုက်တာနဲ့ အရိုးအဆစ်တွေနာကျဉ်ခြင်း။
– အဆစ်နေရာကို သာသာလေးဖိလိုက်တာနဲ့ နာကျဉ်ခြင်း။
– မနက်အိပ်ရာထလိုက်တဲ့အချိန် ဒါမှမဟုတ် အတော်ကြာကြာငြိမ်နေပြီးမှ ထလှုပ်ရှားလိုက်တဲ့အချိန်မှာ အရိုးအဆစ်တွေတောင့်တင်းနေတာခြင်း။
– လှုပ်ရှားရတာ အဆင်မပြေခြင်း။
– အဆစ်ကို အသုံးပြုလိုက်တိုင်း သို့ လှုပ်ရှားလိုက်တိုင်းမှာ အသံတွေမြည်တာ ဒါမှမဟုတ် မြည်နေသလို ခံစားရခြင်း။
– အရိုးအဆစ်အနားတစ်ဝိုက်မှာ ခပ်ဖုဖုလေးဖြစ်နေခြင်း။
– အသိသာဆုံးကတော့ လှုပ်ရှားများလာတဲ့အခါမှာ အဆစ်တွေ နာကျဉ်ကိုက်ခဲလာခြင်း အစရှိသည်တို့ ဖြစ်ကြပါတယ်။

Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး အမြစ်ပြတ် ပျောက်ကင်းအောင် ကုသလို့မရနိုင်ပါဘူး။ သို့သော် ပိုဆိုးမလာအောင် နဲ့ ဝေဒနာသက်သာသွားအောင်တော့ ကုသလို့ရနိုင်ပါတယ်။ လက္ခဏာမပြင်းထန်ရင်တော့ ကိုယ်အလေးချိန်ထိန်းခြင်း၊ လှုပ်ရှားတဲ့အခါ အဆစ်တွေကို မထိခိုက်အောင်ထိန်းပေးမယ့် ကိရိယာ၊ အသုံးအဆောင်တွေသုံးခြင်း၊ ပုံမှန်လမ်းလျှောက်ခြင်း တို့ကိုပြုလုပ်ပေးပြီး ရောဂါလက္ခဏာ မဖြစ်ပေါ်အောင် ကာကွယ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက အယောင်မကျစေနိုင်ပေမယ့် နာကျဉ်မှုကိုတော့ သက်သာစေနိုင်ပါတယ်။ သို့သော် ရေရှည်သောက်သုံးဖို့တော့ မသင့်လျော်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာက အရမ်းဆိုးရွားလာတယ်ဆိုရင်တော့ ခွဲစိတ်ကုသမှု ပြုလုပ်ရန်လိုအပ်ပါတယ်။ အဆစ်အမြစ်ရောင်ရောဂါ လက္ခဏာများကို စတင်ခံစားလာရပြီဆိုတာနဲ့ လျှင်မြန်စွာကုသမှုခံယူရန် အလွန် အရေးကြီးပါတယ်။

ဒီတော့ အထက်ပါရောဂါလက္ခဏာတွေ ကိုယ့်ဆီမှာတွေ့ရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ အချိန်မလွန်မီ ဆွေးနွေးတိုင်ပင်ကုသသင့်ပါတယ်။ Osteoarthritis လို့ခေါ်တဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းရောဂါ (လေးဘက်နာရောဂါ) နဲ့ ပတ်သက်ပြီး သိရှိနားလည်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပရိသတ်ကြီးတို့ အတွက် အကျိုးရှိတယ်ဆိုရင်တော့ ကိုယ်ချစ်ရတဲ့သူတွေ၊ သူငယ်ချင်း၊ မိတ်ဆွေများလည်း သိရှိစေဖို့ မျှဝေပေးဖို့ မမေ့ပါနဲ့ နော်။

MI Radio ပရိသတ်ကြီးများအားလုံး ကျန်းမာပျော်ရွှင်သောနေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။🙏

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.