YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

ဆောင်းရာသီ နှင့် ပန်းနာရင်ကြပ်ရောဂါ

ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်လေးမှာ တင်ဆက်ပေးဖို့ ရွေးချယ်ထားတာကတော့ “ဆောင်းရာသီ နှင့် ပန်းနာရင်ကြပ်ရောဂါ” ဆိုတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

ဆောင်းရာသီမှာ ကျန်းမာရေး ပြဿနာကြုံနိုင်တဲ့သူအများစုကတော့ ပန်းနာရင်ကြပ်ရောဂါသည်တွေပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေက မတည့်တာတစ်ခုခုကိုရှူမိတာမျိုးကနေ ကြပ်လာတတ်တာဆိုပေမယ့် အအေးဒဏ်ကြောင့်လည်း ပိုရင်ကြပ်လာစေတတ်ပါတယ် ။ ပန်းနာရင်ကြပ်ဆိုတာက မျိုးရိုးလိုက်နိုင်တဲ့ရောဂါတစ်ခုပါ။ အသက် တစ်နှစ်အရွယ်ကနေ စဖြစ်နိုင်ပါတယ်။ ဘယ်လိုရာသီမျိုးမှာ ဖြစ်ရမယ်ဆိုတာမျိုး သတ်မှတ်ချက်ရယ်လို့မရှိပေမယ့် ဆောင်းရာသီမှာတော့ ပိုပြီး ရင်ကျပ်ရောဂါလက္ခဏာတွေကို ပိုမိုတွေ့ရှိရတတ်ပါတယ်။

ပန်းနာရင်ကြပ်ရောဂါက အကြောင်းတစ်ခုခုကြောင့် လေပြွန်တွေ ကျဉ်းပြီး လေပြွန်ထဲမှာ အချွဲတွေများလာတတ်တဲ့ ရောဂါဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါက အပြီးပျောက်အောင်ကုသလို့မရပါဘူး။ ဖြစ်တဲ့အချိန်မှာ ဆေးနဲ့ထိန်းရတာကနေ ဆေးနဲ့ တောက်လျှောက်ထိန်းရတဲ့အထိ အဆင့်အမျိုးမျိုးနဲ့ ကုသကြရပါတယ်။ မတည့်တဲ့ အစားအစာစားမိခြင်း အနံ့စူးရှတာတွေ ရှူမိခြင်း တွေမှာ ရင်ကြပ်လာပြီး အသက်ရှူမဝဖြစ်လာတတ်ပါတယ်။ တစ်ချို့တွေဆိုရင် အရမ်းအားစိုက်ပြီး အလုပ်လုပ်လိုက်ရင် သော်လည်းကောင်း၊ လေ့ကျင့်ခန်းလုပ်ပြီးရင်သော်လည်းကောင်း၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီးရင်သော်လည်းကောင်း ဖြစ်လေ့ရှိပါတယ် ။

ပန်းနာရင်ကြပ်ရောဂါ စတင်ပြီဆိုရင် အသက်ရှူမကောင်းဘဲ အသက်ရှူရင်တရွှီရွှီမြည်တာတွေ ချောင်းဆိုးပြီးသလိပ်ထွက်တာတွေ ဖြစ်လာတတ်ပါတယ်။ ရင်ဘတ်ထဲမှာ ကြပ်ကြပ်ကြီးဖြစ်နေတတ်ပြီး သလိပ်ကလည်း ခပ်မကုန်ဘူး ဖြစ်နေတတ်ပါတယ် ။

ဆောင်းရာသီမှာ တစ်ခြားသောရောဂါတွေလည်း အဖြစ်များပါတယ်။ နှာမွှန်နှာစေးခြင်း နှင့် တုပ်ကွေးတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခြားသူတွေနဲ့ မတူတာက ပန်းနာရင်ကြပ်ရောဂါသည်တွေမှာ ဒီလိုရောဂါတွေ ဖြစ်လာခဲ့ရင် နဂိုရှိရင်းစွဲရောဂါက ပိုဆိုးလာတတ်ကြပါတယ်။ ဒါကြောင့် ရင်ကြပ်ရောဂါအခံရှိသူတွေအနေနဲ့ ရောဂါခုခံနိုင်အားကောင်းလာစေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ရပါမယ်။ အိပ်ချိန်ပြည့်မယ်၊ အရည်များများသောက်မယ်၊ အားရှိစေဖို့ ရောဂါတွေကာကွယ်နိုင်ဖို့ အစားများများစားမယ်၊ အသီးအနှံတွေစားမယ်၊ အားဆေးသောက်မယ်၊ နေပူလည်းအရမ်းမခံဖို့၊ အအေးလည်းအရမ်းမခံဖို့ ၊သတိပြုမယ်ဆိုရင်ဖြင့် ကျန်းမာရေး မထိခိုက်အောင် ပြင်ဆင်ပြီးသား ဖြစ်လာပါလိမ့်မယ် ။

အခုကဆောင်းရာသီရောက်ပြီဆိုတော့ MIRadio ပရိသတ်ကြီးလည်း ကျန်းမာရေးအထူးဂရုစိုက်ဖို့ သတိပေးပါရစေ။ အပြင်သွားတိုင်း Mask တပ်ဖို့ နဲ့ အပြင်ကပြန်လာတိုင်း လက်ဆေးဖို့ ကိုလည်း မမေ့ပါနဲ့နော်။ ရောဂါဘယကင်းစင်ပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ MIRadio ကနေ ဆုတောင်းပေးလိုက်ရပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.