YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health April 6, 2023

ကင်ဆာရောဂါရဲ့ မပေါ့ဆသင့်တဲ့ အသံတိတ်လက္ခဏာများ

ခေတ်မီဆေးဝါးတွေနဲ့ ဆေးပညာတွေတိုးတက်မြင့်မားနေတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ ကင်ဆာရောဂါကိုပျောက်ကင်းအောင် ကုသနေနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာတွေကို သတိမမူမိဘဲ ပေါ့ပေါ့ဆဆနဲ့ နေထိုင်မိမယ်ဆိုပါက အခါနှောင်းတော့မှာသာလျှင် ရောဂါဖြစ်ပေါ်နေကြောင်းကိုသိရှိကြရတာကြောင့် ကုသဖို့ကလည်း အချိန်လွန်သွားတာတွေရှိတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် “Health Tips” အစီအစဉ်မှာတော့ ကင်ဆာရောဂါရဲ့ ပေါ့ပေါ့ဆဆမနေသင့်တဲ့ အသံတိတ်လက္ခဏာ (တစ်နည်းအားဖြင့် အသံတိတ်လက္ခဏာ) တွေအကြောင်းကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

– လေပွခြင်း။

အစားစားတာများတဲ့အခါမှာပဲဖြစ်စေ၊ စိတ်ဖိစီးမှုတွေများပြားတဲ့အခါမှာပဲဖြစ်စေ ကိုယ်လက်မအီမသာဖြစ်ပြီး လေပွတာမျိုးကို သင်တို့အားလုံး ခံစားဖူးကြမှာပါ။ ပုံမှန်လေပွတာမျိုးက အချိန်တင်္ဒဂကြာတဲ့အခါမှာ ပျောက်ကင်းသွားတတ်တယ်ဆိုပေမယ့် အဲဒီလိုမဟုတ်ဘဲ အချိန်အတော်ကြာတဲ့အထိ မသက်သာဘဲ ပင်ပန်းနွမ်းလျခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ နောက်ကျောအောင့်ခြင်းတို့လိုမျိုး ဝေဒနာတွေကိုခံစားနေရပြီဆိုရင်တော့ ဒါဟာ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုလက္ခဏာဝေဒနာတွေက အမျိုးသမီးတွေမှာအချိန်အကြာကြီးဖြစ်ပေါ်နေမယ်ဆိုရင် ဒါဟာ သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေဖြစ်နိုင်တယ်ဆိုတာကို သတိပြုထားသင့်ပါတယ်။

– အရေပြားတွင်ထူးခြားတဲ့ပြောင်းလဲမှုများဖြစ်ပေါ်ခြင်း။

လူ့အရေအပြားပေါ်မှာ အစက်အပြောက်တွေ၊ မွေးရာပါအမှတ်တွေရှိတတ်တာက သဘာ၀ဆိုပေမယ့်လည်း မူလရှိပြီးသား အစက်အပျောက်တွေနဲ့ အမှတ်တွေက သိသိသာသာကြီးမားလာတာ၊ အရောင်ပြောင်းလဲလာတာမျိုးတွေဖြစ်လာပြီဆိုရင်တော့ ဒါဟာ အရေပြားကင်ဆာရဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခါမှာ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသပြီး လိုအပ်တယ်ဆိုပါက အသားစယူကာ စစ်ဆေးပေးသင့်ပါတယ်။

– အသက်ရှူကြပ်ခြင်း။

အသက်ရှူကြပ်ခြင်းကတော့ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်နိုင်ပြီး များသောအားဖြင့်ကတော့ လေ့ကျင့်ခန်းများများလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့များ သင့်အနေနဲ့ လှေကားတက်တာ (သို့မဟုတ်) တခြားပုံမှန်လှုပ်ရှားမှုတစ်ခုခုပြုလုပ်တဲ့အခါတွေမှာလည်း အသက်ရှူကြပ်ခြင်းကို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ ပုံမှန်လက္ခဏာတစ်ရပ်မဟုတ်ဘူးဆိုတာကို သိရှိထားသင့်ပါတယ်။

– ရင်သားမှာအပြောင်းအလဲများဖြစ်ပေါ်ခြင်း။

ရင်သားမှာအကြိတ်အဖုရှိနေတယ်ဆိုတိုင်း ကင်ဆာလို့ တစ်သတ်မတ်တည်းမဆိုနိုင်ပေမဲ့ အမျိုူးသမီးတွေအနေနဲ့ကတော့ မိမိရဲ့ ရင်သားမှာ အကြိတ်အဖုတွေရှိနေတာကို စမ်းသပ်မိတာပဲဖြစ်ဖြစ် တခြားသောထူးခြားတဲ့ ပြောင်းလဲမှုရှိနေတာပဲဖြစ်ဖြစ် ဒီလိုအချိန်အခါမျိုးတွေမှာဆိုရင် နီးစပ်ရာကျန်းမာရေးဌာနဆီကို အမြန်ဆုံးသွားရောက်ပြီး တိုင်ပင်ကုသသင့်ပါတယ်။

– ဆီးသွားရတာပုံမှန်မဟုတ်ခြင်း။

အမျိုးသားတွေအနနဲ့ အသက်ကြီးလာတဲ့အခါမှာ ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားရခက်ခြင်းတို့လိုမျိုး ဆီးသွားရနဲ့ပတ်သက်လို့ ပုံမှန်မဟုတ်တဲ့ပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒီလက္ခဏာတွေဟာ များသောအားဖြင့်တော့ ဆီးကြိတ်ရောင်ခြင်းရဲ့လက္ခ္စဏာတွေဖြစ်တယ်ဆိုပေမယ့် တစ်ခါတစ်လေမှာလည်း ဆီးကြိတ်ကင်ဆာဖြစ်စေနိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်ပါတယ်။

– အချိန်ကာလကြာရှည်စွာ ချောင်းဆိုးခြင်း။

အချိန်ကာလတစ်ခုကြာတဲ့အထိ ချောင်းဆိုးတယ်ဆိုတိုင်း ကင်ဆာလို့မပြောနိုင်ပေမဲ့ တကယ်လို့ သင်က ဆေးလိပ်ကို စွဲစွဲလမ်းလမ်းသောက်တတ်တဲ့သူဆိုရင်တော့ ဒါဟာ အဆုတ်ကင်ဆာဖြစ်နိုင်တာကြောင့် သတိထားရမယ့်လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ သင်က ဆေးလိပ်သမားဖြစ်ပြီး ချောင်းဆိုးတာက ရက်တွေ လတွေချီပြီး ကြာမြင့်လာတဲ့အပြင် ချောင်းဆိုးတဲ့အခါမှာလည်း သွေးပါပါလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။ ဒီအခါမှသာ ဆရာဝန်က သင့်ကို လိုအပ်တာတွေစစ်ဆေးပေးပြီး ကင်ဆာဟုတ်၊ မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးမှာပါ။

– အကြိတ်များဖြစ်ပေါ်ရောင်ရမ်းခြင်း။

ပုံမှန်အားဖြင့်တော့ အကြိတ်တွေဟာ အအေးမိတဲ့အချိန်နဲ့ ဘက်တီးရီးယားကြောင့် လည်ပင်းနာတဲ့အချိန်မှာ ရောင်ရမ်းတတ်ပေမဲ့ လင်ဖိုးမား နဲ့ လူကေးမီးယားတို့လိုမျိုး ကင်ဆာရောဂါတွေဖြစ်တဲ့အခါမှာလည်း အကြိတ်ရောင်ခြင်းကဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အကြိတ်တွေဖြစ်ပေါ်ပြီး ရောင်ရမ်းနာကျင်မှုတွေကို ခံစားရတာကိုသံသယဖြစ်ပေါ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်တာ အကောင်းဆုံးနည်းလမ်းပါပဲ။

– အစာမြိုရခက်ခဲခြင်း။

အအေးမိခြင်း၊ သို့မဟုတ် တချို့သောဆေးဝါးတွေသောက်သုံးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အစာမြိုရခက်ခြင်းက တစ်ခါတစ်ရံမှာ ကြုံတွေ့ရနိုင်ပေမယ့် ဒါက ဆိုးဝါးတဲ့လက္ခဏာတစ်ရပ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုခံစားမှုက အချိန်တစ်ခုကြာမြင့်တဲ့အထိရှိနေပြီး လည်ပင်းထဲမှာလည်းတစ်ဆို့ဆို့ကြီးဖြစ်နေမယ်ဆိုရင်တော့ ဒါက လည်ချောင်း (သို့မဟုတ်) အစာရေမြိုကင်ဆာရဲ့ အသံတိတ် ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။

– ဓမ္မတာသွေးဆင်းမှုပုံမှန်မဟုတ်ခြင်း။

အမျိုးသမီးတွေမှာ ရာသီသွေးဆင်းမှုပုံမှန်မဟုတ်တာက သားအိမ်ထဲအလုံးရှိနေတာကြောင့်ဖြစ်နိုင်သလို တချို့သန္ဓေတားဆေး အသုံးပြုမှုူတွေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဓမ္မတာသွေးဆင်းမှုက ပုံမှန်ရက်အတိုင်းမဟုတ်တဲ့အပြင် လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းတာမျိုး၊ သွေးဆင်းတဲ့အခါမှာလည်း သွေးနဲ့အကျိအချွဲတွေ ရောနှောနေမယ်ဆိုရင်တော့ ဒါဟာ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) ယောနိကင်ဆာတို့ကြောင့်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်က သွေးဆုံးပြီးကာမှ နောက်တစ်ဖန်သွေးပြန်ဆင်းတယ်ဆိုရင်လည်း ဒါကပုံမှန်မဟုတ်တဲ့အတွက်ကြောင့် သတိထားသင့်ပါတယ်။

– ကိုယ်အလေးချိန်ကျဆင်းခြင်း။

အစားအသောက်နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ကြောင့် ကိုယ်အလေးချိန်ကျတာက ကျေနပ်စရာကောင်းတဲ့ရလဒ်တစ်ခုဖြစ်ပေမဲ့လည်း မည်သည့်လှုပ်ရှားမှမပြုလုပ်ဘဲ သူ့အလိုလို ကိုယ်အလေးချိန်တွေကျဆင်းနေပြီ ဆိုရင်တော့ ဒါက ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အစာရေမြိုကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ တခြားသောကင်ဆာရောဂါတွေရဲ့ အသံတိတ်ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်လာနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့လက္ခဏာတွေအားလုံးက ကင်ဆာရောဂါတွေရဲ့ လက္ခဏာတွေဖြစ်တယ်လို့ တစ်ထစ်ချမပြောနိုင်ပေမယ့်လည်း ကျန်းမာရေးပညာရှင်တွေကတော့ ဒီလိုမျိုးလက္ခဏာတွေဖြစ်ပေါ်လာပြီဆိုရင် သတိပြုသင့်တဲ့စောင့်ကြည့်သင့်တယ်လို့ အကြံပေးထားကြပါတယ်။ ဒါဆိုရင် နောက်တစ်ပတ်တင်ဆက်ပေးသွားမယ့် Health Tips အစီအစဉ်မှာရော  ဘယ်လိုမျိုး ကျန်းမာရေးဗဟုသုတတွေကို မျှဝေတင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.