YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 21, 2023

Vape ကြောင့် ကင်ဆာဖြစ်စေနိုင်လား?

နီကိုတင်းဓာတ်ပါဝင်မှုနည်းပါးတဲ့ Vape ကိုတော့ ဒီဘက်ခေတ်လူငယ်တွေအများစုက ဆေးလိပ်အစားထိုးအဖြစ်နဲ့သာမက ခေတ်နဲ့အညီဖြစ်ဖို့အတွက်ကိုပါ သောက်သုံးလာကြတာ တွေ့ရပါတယ်။ ဒီအခါမှာ Vape သောက်သုံးခြင်းက ဆေးလိပ်လိုမျိုး ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်လားဆိုတာ လူတွေအတော်များများသိချင်လာကြပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် “Health Tips” အစီအစဉ်မှာတော့ Vape သောက်သုံးခြင်းဟာ ကင်ဆာရောဂါဖြစ်စေနိုင်လားဆိုတာကို ကျန်းမာရေးဗဟုသုတအနေဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

လူတွေအများစုက Vape မှာ နီကိုတင်းတွေပါဝင်တဲ့အတွက် ကင်ဆာဖြစ်လာနိုင်တယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ထွက်ရှိလာတဲ့သုတေသနရလဒ်တွေမှာတော့ Vape သောက်သုံးမှုကြောင့် ကင်ဆာရောဂါတိုက်ရိုက် မဖြစ်လာနိုင်ပေမယ့် လည်း ကင်ဆာဖြစ်နိုင်ချေများပြားတယ်လို့ ဆိုထားတာကိုတွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိလာတဲ့ သုတေသန ပြုချက်တစ်ခုအရဆိုရင် Vape သောက်ကြသူတွေထဲမှာ အသက်အကြီးဆုံးက ၃၅ နှစ်အရွယ် ဖြစ်ပေမယ့် အဆုတ်ကင်ဆာ ကတော့ အသက် ၆၅ နှစ်အရွယ်မှာသာ စတင်ဖြစ်ပေါ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ Vape သောက်သုံးမှုက ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေဖြစ်နိုင်သလားဆိုတာကို တိကျသေချာစွာသိချင်ရင်တော့ အချိန်နှစ်များစွာအချိန်ယူပြီး သုတေသနပြုလုပ်ရမှာပါ။ ဒါကြောင့် သိပ္ပံပညာရှင်တွေက ကင်ဆာဖြစ်နိုင်ချေများပြားတယ်ဆိုတဲ့ အဖြေတစ်ခုကိုပဲ ထုတ်ပြန်ပေးထားနိုင်သေးတာပဲဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Vape သောက်သုံးကြတဲ့လူတွေအများစုဟာ ယခင်တုန်းက ဆေးလိပ်သောက်ခဲ့ကြသူတွေဖြစ်ပြီး ၁၅ ရာခိုင်နှုန်းကသာလျင် Vape တစ်မျိုးတည်းကို သီးသန့်စတင်သုံးစွဲကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအချက်ဟာ သုတေသနပြုလုပ်သူတွေအဖို့ စိန်ခေါ်မှုတစ်ခုဖြစ်လို့နေပြီး Vape သုံးစွဲမှုကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိနေလား၊ မရှိဘူးလားဆိုတာနဲ့ပတ်သက်ပြီး တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုချပေးနိုင်ဖို့ ခက်ခဲနေတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

ဒါဆိုရင် Vape သောက်သုံးခြင်းက ကင်ဆာရောဂါဖြစ်နိုင်ချေကို ဘယ်လောက်အထိမြင့်တက်နိုင်သလဲဆိုတာကိုလည်း ပရိသတ်တွေအနေနဲ့ သိချင်ကြမှာပါ။ ဒီမေးခွန်းနဲ့ပတ်သက်လို့တော့ သုတေသနပညာရှင်တွေက လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်တယ်ဆိုတဲ့ မရေမရာဖြေပေးထားတာကို တွေ့ရပါတယ်။ တကယ်လို့များ သင်ဟာ အရင်တုန်းက ဆေးလိပ်သောက်ခဲ့ပေမယ့်လည်း Vape ကို ဆေးလိပ်နေရာမှာ အစားထိုးလိုက်မယ်ဆိုရင်တော့ ဒါဟာ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ ဆေးလိပ်ကိုလုံး၀မသောက်သုံးခဲ့ခြင်းမရှိဘဲ Vape တစ်မျိုးတည်းကိုသာ စတင်သောက်သုံးတယ်ဆိုရင်တော့ ဒီအခြေအနေမျိုးက ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ Vape သောက်သုံးမှုကြောင့် ဖြစ်လာနိုင်ချေများပြားတဲ့ ကင်ဆာတွေထဲမှာဆိုရင် အဆုတ်ကင်ဆာတစ်မျိုး တည်းရှိတာမဟုတ်ဘဲ ခံတွင်းကင်ဆာနဲ့ ဆီးအိမ်ကင်ဆာတို့လည်းပါဝင်တာကိုတွေ့ရပါတယ်။ ဒီလိုပါဝင်နေတာက စိုးရိမ်စရာအခြေအနေမျိုးမဟုတ်ပေမယ့်လည်း ကျန်းမာရေးပညာရှင်တွေကတော့ Vape သောက်သုံးကြသူတွေအနေနဲ့ သတိပြုဆင်ခြင်ကြဖို့အတွက် အကြံဉာဏ်တွေပေးထားကြပါတယ်။

ဒါကြောင့် Vape သောက်သုံးမှုကြောင့် အဆုတ်ကင်ဆာအပြင် အခြားသော ခံတွင်းကင်ဆာ နဲ့ ဆီးအိမ်ကင်ဆာများလည်း ဖြစ်နိုင်ခြေရှိနေပါတယ်။ သုတေသနအရ အဖြေထုတ်နိုင်ရန် အချိန်ကာလများစွာလိုအပ်သေးတာကြောင့် ယေဘူယျအားဖြင့် Vape သောက်သုံးခြင်းဟာလည်း ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ဆိုရမှာဖြစ်တာကြောင့် ပရိသတ်ကြီးတို့ ဆင်ခြင်စေနိုင်ကြ စေရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.