YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 21, 2023

သားသတ်လွတ်စားသုံးခြင်းနှင့် ခန္ဓာကိုယ်ဇီဝဗေဒပြောင်းလဲမှုဖြစ်စဉ်

သားသတ်လွတ်စားသုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေဖြစ်ထွန်းစေတယ်ဆိုတာကိုတော့ ပရိသတ်တွေအားလုံး သိရှိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် အသား၊ ငါးတွေကို နေ့စဉ်စားသုံးနေရာကနေ ရုတ်ချည်းဆိုသလို သားသတ်လွတ်စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွင်း ဘယ်လိုမျိုးဖြစ်စဉ်တွေ ပြောင်းလဲသွားသလဲ၊ ဒီလိုပြောင်းလဲမှုတွေကို သင့်တင့်မျှတမှုရှိဖို့အတွက် သားသတ်လွတ်ကို ဘယ်လိုပုံစံမျိုးနဲ့ရွေးချယ်စားသုံးသင့်သလဲဆိုတာကို သိကြတဲ့သူတွေကတော့ ရှိတော့ရှိတယ် ရှားတယ်လို့ဆိုရမှာပါပဲ။ ဒါကြောင့် အခုတစ်ပတ်ရဲ့ “Health Tips” အစီအစဉ်မှာတော့ သားသတ်လွတ်စတင် စားသုံးမယ့် လူတစ်ယောက်အနေနဲ့ သိရှိထားသင့်တဲ့ ခန္ဓာကိုယ်ဇီ၀ဗေဒပြောင်းလဲမှုဖြစ်စဉ်နဲ့ တခြားကျန်းမာရေး ဗဟုသုတတွေကို တင်ဆက်ပေးလိုက်ပါတယ်။

အသားဓာတ်ချို့တဲ့နိုင်ခြင်း

နေ့စဉ် အသား၊ ငါးတွေကိုစားသုံးနေတဲ့လူတစ်ယောက်က ရုတ်ချည်းဆိုသလို ဒီလိုအစားအစာတွေကို ဖြတ်တောက်လိုက်တဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ အလိုအပ်ဆုံးဖြစ်လာမယ့်ဓာတ်ကတော့ အသားဓာတ်ပဲဖြစ်ပါတယ်။ လူတစ်ယောက်ကျန်းမာနေဖို့အတွက် အာဟာရဓာတ်တွေအားလုံးကို ပြည့်၀စွာစားသုံးရမှာဖြစ်တာကြောင့် သားသတ်လွတ်သမားတွေအနေနဲ့လည်း အသားဓာတ်ကို ပြည့်၀အောင်ရရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် အသား၊ ငါးကို မစားကြတဲ့သူတွေဟာ သက်သတ်လွတ်စားသောက်ကုန်တွေကို ရွေးချယ်စားသုံးကြတဲ့အခါမှာ အသားဓာတ်ပါဝင်တဲ့အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အသားဓာတ် ကို လုံး၀ရှောင်ရှားမယ်ဆိုရင်တော့ အသားဓာတ်ချို့တဲ့မှုတွေဖြစ်လာနိုင်ပြီး အရိုးတွေကျိုးအက်လွယ်ခြင်း၊ ဆံပင်နှင့် လက်သည်း တွေ မကျန်းမာခြင်း၊ ကိုယ်ခံအားကျဆင်းပြီး နေမကောင်းဖြစ်လွယ်လာခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒီအခါမှာတော့ အသားဓာတ် ပြည့်၀ဖို့အတွက် အသားဓာတ်ပါဝင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ တို့ဟူး၊ ပဲပုပ်၊ ပဲနီလေး၊ ကုလားပဲ၊ ဟင်းနုနွယ်၊ အစေ့အဆန်၊ ကညွတ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပြောင်းဖူးနဲ့ အာလူးတို့ကို ရွေးချယ်စားသုံးသင့်ပါတယ်။

အူလမ်းကြောင်းကောင်းမွန်သွားခြင်း

သားသတ်လွတ်စားသုံးမှုကြောင့်​ သိသာစွာပြောင်းလဲသွားမယ့် ခန္ဓာကိုယ်ဇီ၀ဗေဒဖြစ်စဉ်တစ်မျိုးကတော့ အူလမ်းကြောင်း ကောင်းမွန်သွားခြင်းပဲ ဖြစ်ပါတယ်။ သုတေသနပြုချက်တွေအရ သားသတ်လွတ်စားသုံးတဲ့သူတွေဟာ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေနဲ့ အမျှင်ဓာတ်တွေကို ကြွယ်၀စွာစားသုံးကြတာကြောင့် သူတို့တွေရဲ့ အစာခြေအူလမ်းကြောင်းက အသား၊ ငါးစားသုံးကြတဲ့သူတွေထက် ပိုမိုကောင်းမွန်တာကိုတွေ့ရပြီး အစာအိမ်အတွင်းမှ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

ကိုယ်အလေးချိန်ကျဆင်းခြင်း

ကိုယ်အလေးချိန်ကျဆင်းခြင်းကလည်း သားသတ်လွတ်စားသုံးခြင်းကြောင့် ပြောင်းလဲသွားမယ့် ဇီ၀ဗေဒဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အသား၊ ငါးတွေကို ရှောင်ရှားပြီး အဆီပါဝင်မှုနည်းပါးတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးခြင်းဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ကို ထိရောက်စွာကူညီပေးနိုင်ပေမယ့် စားသုံးတဲ့အခါမှာတော့ တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏပြည့်၀အောင် စားသုံးဖို့လိုအပ်ပါတယ်။

B12 နဲ့ သံဓာတ်ချို့တဲ့နိုင်ခြင်း

သားသတ်လွတ်စားသုံးတဲ့အခါ ဗီတာမင် B12 နဲ့ သံဓာတ် ချို့တဲ့မှုတို့ကိုလည်း ကြုံတွေ့ရနိုင်တယ်လို့ဆိုထားကြပြီး ဒီအာဟာရဓာတ် ၂ မျိုးလုံးကိုတော့ အသား၊ ငါးတွေမှာ တွေ့ရှိရတတ်ပါတယ်။ ယင်းဓာတ်တွေဟာ သွေးနီဥဆဲလ်တွေဖန်တီးဖို့နဲ့ စွမ်းအင်ပမာဏကို တည်ငြိမ်မှုရှိစေဖို့ မဖြစ်မနေလိုအပ်တဲ့ဓာတ်တွေဖြစ်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားသုံးကြတဲ့သူတွေ အနေနဲ့ ဒီအာဟာရဓာတ် ၂ မျိုးပြည့်၀စေဖို့အတွက် ဗီတာမင် B12 အားဖြည့်ထားတဲ့အစားအစာတွေနဲ့ ဆေးဝါးတွေကိုသောက်သုံး မှီဝဲပေးသင့်ပါတယ်။

ကယ်လ်စီယမ်ဓာတ်ချို့တဲ့နိုင်ခြင်း

သားသတ်လွတ်စားသုံးမှုကြောင့်ပြောင်းလဲနိုင်တဲ့ နောက်ထပ်ဇီ၀ဗေဒဖြစ်စဉ်တစ်ခုကတော့ ကယ်လ်စီယမ်ဓာတ်ချို့တဲ့ခြင်းပဲ ဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အရိုးနဲ့သွားတွေကိုကျန်းမာစေရုံသာမက အာရုံကြော စနစ်ကိုလည်း ကောင်းမွန်စေတာကြောင့် သားသတ်လွတ်စားသုံးတဲ့သူတွေဟာ ပဲပိစပ်အပါအဝင် တခြားသောပဲအမျိုးမျိုးနဲ့ တခြားသောဖြည့်စွက်စာတို့ကို စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။

မောပန်းလွယ်ခြင်း

အသား၊ ငါးတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ ဥအမျိုးမျိုးကိုရှောင်ရှားပြီး သားသတ်လွတ်ကိုစတင်စားသုံးကြတဲ့အခါမှာ လူတွေအများစု ကြုံရလေ့ရှိတဲ့ခန္ဓာကိုယ်ပြောင်းလဲမှုတစ်ခုကတော့ မောပန်းလွယ်ခြင်းပါပဲ။ ကြက်ဥတွေ၊ ဘဲဥတွေမှာက ပရိုတိန်းလို့ခေါ်တဲ့ အသားဓာတ်အပြင် အိုင်အိုဒင်းနဲ့ Choline ဓာတ်တို့ပါဝင်တာကြောင့် ဒီလိုမျိုးဥတွေကိုမစားသုံးတဲ့အခါမှာတော့ အဲဒီဓာတ် တွေလည်း ချို့တဲ့သွားနိုင်ပါတယ်။ သိုင်းရွိုက်ကျန်းမာစေဖို့နဲ့ စွမ်းအင်၊ ဇီ၀ဖြစ်ပျက်မှုတို့ကို ထိန်းညှိနိုင်ဖို့အတွက်ဆိုရာမှာ အိုင်အိုဒင်းဓာတ်က အရေးကြီးတဲ့နေရာကနေပါဝင်ပြီး Choline ကတော့ သင့်ရဲ့ ဦးနှောက်ကို ထောက်ပံ့မှုပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဓာတ်တွေချို့တဲ့သွားတဲ့အခါမှာ ခန္ဓာကိုယ်အတွင်းကဖြစ်စဉ်တွေက ပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့် လွယ်လင့်တကူအားအင်ကုန်ခမ်းပြီး မောပန်းလွယ်မှုကိုခံစားရစေနိုင်ပါတယ်။

ဒါပေမယ့် ဒီဓာတ်တွေကိုဖြည့်တင်းဖို့အတွက်ကတော့ အထွေအထူးပြင်ဆင်စရာမလိုပါဘူး။ ဘရိုကိုလီ၊ ပဲပင်ပေါက်နဲ့ ကန်စွန်းဥတို့လိုမျိုး အစားအစာတွေမှာ Choline ဓာတ်ပါဝင်သလို အိမ်သုံးဆားကနေလည်း အိုင်အိုဒင်းဓာတ်ကိုရရှိနိုင်ပါတယ်။

အရသာခံနိုင်စွမ်းတွေကွဲပြားသွားခြင်း

အနီရောင်ရှိတဲ့ အသားတွေမှာ ဇင့်လို့ခေါ်တဲ့ သတ္တုဓာတ်တွေမြင့်မားစွာပါဝင်ပြီး ဒီဓာတ်တွေဟာဆိုရင် အရသာခံနိုင်စွမ်းတွေနဲ့ ကိုယ်ခံအားစနစ်ကိုထိန်းညှိပေးနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဇင့်ဓာတ်ပါဝင်တဲ့အသားတွေကို ရှောင်ရှားမယ်ဆိုရင်တော့ စားသုံးလိုက်တဲ့အစားအစာတွေရဲ့ အနံ့နဲ့ အရသာခံနိုင်စွမ်းတွေကို လျော့ကျသွားနိုင်ပြီး နဂိုစားသုံးနေကျအရသာမျိုးကို မရရှိနိုင်တဲ့အခြေအနေတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း သားသတ်လွတ်စားသုံးကြတဲ့သူတွေအနေနဲ့ကတော့ ဇင့်ဓာတ်ကို မှို၊ ကုလားပဲ၊ တို့ဟူး၊ ကိုက်လန်နဲ့ တခြားသောအစေ့အဆန်တွေကနေ လုံလောက်စွာရရှိနိုင်ပါတယ်။

သားသတ်လွတ်စားသုံးခြင်းရရှိတဲ့အကျိုးကျေးဇူးတွေထဲမှာ ကိုယ်အလေးချိန်နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း၊ နှလုံးရောဂါ၊ အ၀လွန်ရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါဖြစ်နိုင်ချေတို့ကို လျှော့ချနိုင်ခြင်းတို့ ပါဝင်တာကြောင့် လူတွေအများစုကတော့ သားသတ်လွတ်ကို  ကျန်းမာရေးနဲ့ ကိုယ်အလေးချိန်ကိုထိန်းသိမ်းဖို့အတွက် စားသုံးကြလေ့ပါတယ်။ တချို့တွေကျတော့လည်း ဘာသာရေးအယူအဆတွေအရ ကုသိုလ်ကောင်းမှုပြုလုပ်တဲ့အနေနဲ့ သားသတ်လွတ်စားကြတာမျိုး ရှိပါတယ်။ သားသတ်လွတ်စားတာက အသား၊ ငါးတွေစားသုံးတာထက်ပိုပြီး ကျန်းမာရေးကောင်းစေတယ်လို့ဆိုကြပေမယ့်

စားသုံးတဲ့နည်းစနစ်မမှန်ကန်ဘူးဆိုရင်တော့ အချိန်ကြာလာတဲ့အခါမှာ ကျန်းမာရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်မှုတွေ ဖြစ်ပေါ်လာစေတာကြောင့် သင်တို့အနေနဲ့ သားသတ်လွတ်စားသုံးမှုကို နည်းလမ်းစနစ်မှန်ကန်စွာနဲ့ စားသုံးပေးဖို့ အကြံပေးပါရစေ။

ဒီလောက်ဆိုရင်တော့ သားသတ်လွတ်စားသုံးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ခန္ဓာကိုယ်ဇီ၀ဗေဒပြောင်းလဲမှုဖြစ်စဉ်အကြောင်းကို သဘောပေါက်လောက်ကြပြီထင်ပါတယ်နော်။ ဖတ်ရှုအားပေးကြတဲ့ပရိသတ်ကြီးတို့အားလုံး သာယာပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.