YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 21, 2023

တီဗွီကိုဖွင့်ထားရင်း အိပ်စက်တာက ကျန်းမာရေးကိုထိခိုက်စေနိုင်သလား။

ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ၊ အထူးသဖြင့် ဖုန်း၊ ကွန်ပျူတာ၊ Tablet နဲ့တီဗွီတို့လိုမျိုး ဒစ်ဂျစ်တယ်ပစ္စည်းတွေကို နေ့စဉ်ကြည့်ရှုခြင်းက အချိန်တွေကြာလာတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် ဆိုတာကိုတော့ ပရိသတ်တွေအနေနဲ့ အခြေခံအားဖြင့်သိရှိထားကြပြီးဖြစ်မှာပါ။ အထူးသဖြင့် Blue Light တွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ညအိပ်ရာဝင်ခါနီးအချိန်မှာအသုံးပြုခြင်းက မျက်လုံးကျန်းမာရေးအတွက်သာမက တခြားသော ကိုယ်ခန္ဓာပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ထိခိုက်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးပညာရှင် တွေက ညအိပ်ရာမဝင်ခင်အချိန်မှာ ဖုန်းတွေ၊ Tablet တွေအသုံးပြုမှုကိုတတ်နိုင်သလောက် ရှောင်ရှားသင့်တယ်လို့အကြံပြု ထားကြတာဖြစ်ပါတယ်။

လူတွေအများစုကတော့ အိပ်ရာဝင်တဲ့အခါမှာ တီဗွီကြည့်ရင်းနဲ့အိပ်တာက မြန်မြန်အိပ်ပျော်စေနိုင်တယ်လို့ မှတ်ယူထားကြပေမယ့် တကယ်တမ်းမှာ ဒါက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ခက်ခဲသလို တခြားကျန်းမာရေးပြဿနာတွေကို လည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ တီဗွီကြည့်ရင်းနဲ့ အိပ်စက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ကျန်းမားရေးနောက်ဆက်တွဲပြဿနာတွေနဲ့ သတိပြုဆင်ခြင်သင့်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေး လိုက်ပါတယ်။

အိပ်ရာဝင်တဲ့အချိန်မှာ တီဗွီမကြည့်သင့်တဲ့အကြောင်းအရင်းတွေကတော့ များစွာရှိတယ်ဆိုပေမယ့် လေ့လာစမ်းသပ်မှုတွေ အများစုမှာတွေ့ရတဲ့ အကြောင်းအရင်းကတော့ (၄) ခုရှိပါတယ်။ အဲဒါတွေကတော့

(၁) အိပ်ချိန်မပြည့်၀ခြင်း။

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ပျှမ်းမျှအားဖြင့် တစ်ရက်ကို ၈ နာရီအနည်းဆုံးရှိရမှာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်မှာ အိပ်ချိန်က ၈ နာရီထက် လျော့နည်းနေတယ်ဆိုရင်တော့ ဒါက အိပ်ချိန်မပြည့်၀ဘူးလို့ပဲ သတ်မှတ်ရမှာပါ။ တကယ်လို့များ သင်က တစ်နေ့မှာ ၆ နာရီလောက်ပဲ အိပ်တတ်တဲ့သူဖြစ်တယ်ဆိုပါစို့။ ဒါဆိုရင် သင့်မှာ အိပ်ချိန်ပြည့်၀ဖို့အတွက် ၂ နာရီလိုနေပြီဖြစ်ပါတယ်။ အိပ်ချိန်မပြည့်၀တဲ့ရက်တွေများလာတဲ့ပြီဆိုရင် တစ်နေ့တာမှာ အာရုံစူးစိုက်နိုင်မှုတွေကျဆင်းလာပြီး ကောင်းမွန်စွာတွေးတောနိုင်ခြင်းမရှိတော့တဲ့အပြင် ကိုယ်ခန္ဓာကျန်းမာရေးမှာရော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာပါ ပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် တီဗွီကြည့်ရင်းနဲ့ဖြစ်စေ၊ တီဗွီကိုဖွင့်လျက်သားနဲ့ အသံနားထောင်ရင်း အိပ်ရာဝင်တာက အိပ်ချိန်မပြည့်၀ခြင်းကိုဖြစ်စေနိုင်ပြီး ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာစေနိုင်တာကို သတိပြုသင့်ပါတယ်။

(၂) Melatonin ဟော်မုန်းထုတ်လုပ်မှုလျော့ကျခြင်း။

နောက်ထပ်တစ်ချက်ကတော့ Melatonin ဆိုတဲ့ ဟော်မုန်းဓာတ်ထုတ်လုပ်နိုင်မှုကို လျော့ကျစေတာပါပဲ။ Melatonin ဆိုတာက အိပ်စက်ဖို့အတွက် အထောက်အကူပြုတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းတွေထွက်ပေါ်လာတာဟာဆိုရင် သင့်ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ဖို့အတွက် အနားယူသင့်ပြီလို့ အချက်ပြတာဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ ညအိပ်ခါနီးအချိန်မှာ တီဗွီကြည့်မယ်ဆိုရင်တော့ အဆိုပါဟော်မုန်းတွေက ထွက်ရှိသင့်သလောက် ထွက်လာခြင်းမရှိတော့တာကြောင့် ဦးနှောက်ကလည်း နေ့လား၊ ညလားဆိုတာကို ကောင်းမွန်စွာခွဲခြားနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအခါမှာတော့ အိပ်ရမယ့်အချိန်ရောက်နေရင်တောင်မှ မျက်လုံးကြောင်ပြီး အိပ်ပျော်ဖို့ခက်ခဲတာတွေကို ကြုံတွေ့ရမှာဖြစ်ပါတယ်။

(၃) ဦးနှောက်ကိုလှုံ့ဆော်ပေးခြင်း။

ကျန်းမာရေးသုတေသီတွေကတော့ တီဗွီကြည့်ခြင်း (သို့မဟုတ်) တီဗွီမှလာတဲ့အသံတွေကိုနားထောင်ခြင်းက ဦးနှောက်ကို အလွန်အမင်းနိုးကြားစေတယ်လို့ ဆိုထားကြပါတယ်။ ဒါကြောင့် ညအိပ်ခါနီးအချိန်တွေမှာ တီဗွီကြည့်ရှုမယ်ဆိုရင် အိပ်ပျော်ဖို့ ကလည်းခက်ခဲသွားပြီး နောက်ဆက်တွဲအနေနဲ့ အိပ်ရေးမ၀ခြင်းနဲ့ တခြားကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

(၄) ကျန်းမာရေးထိခိုက်ခြင်း။

တီဗွီကြည့်လိုက်တာနဲ့ ကျန်းမာရေးထိခိုက်တယ်လို့တော့မဟုတ်ပေမယ့်လည်း နေ့တိုင်းနီးပါး ညအိပ်ခါနီးအချိန်မှာ တီဗွီကြည့်မယ်ဆိုရင်တော့ အချိန်တစ်ခုကြာမြင့်လာတဲ့အခါမှာ အိပ်ရေးမ၀ခြင်းကြောင့် သွေးတိုးခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းနဲ့ သတိမေ့တတ်ခြင်းလို့လိုမျိုး အခြားသောရောဂါတွေကလည်း ဝင်ရောက်လာနိုင်မှာဖြစ်သလို အ၀လွန်ခြင်းဖြစ်လာဖို့လည်း ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။ ဒါကြောင့် သင့်အနေနဲ့ကတော့ ညဘက်အိပ်ခါနီးမှာ တီဗွီလေးကြည့်ပြီးအိပ်ရာဝင်တာ အနားယူတာလို့ယူဆနိုင်ပေမယ့် ကျန်းမာရေးရှုထောင့်ဘက်ကကြည့်မယ်ဆိုရင် ဒီအလေ့အကျင့်ဟာ သင့်ရဲ့ကျန်းမာရေးကို ထိခိုက်လာနိုင်စေတဲ့အရာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လည်း တချို့သုတေသီတွေကတော့ တီဗွီကနေလာတဲ့အသံတွေ (ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ စကားလုံးတွေ) ကို အာရုံစူးစိုက်မထားဘဲနဲ့ ဒီအတိုင်းအသံတစ်ခုသဖွယ်သာ နားထောင်မယ်ဆိုရင်တော့ အိပ်ပျော်စေဖို့အတွက် အထောက်အပံ့ ဖြစ်စေတယ်လို့ ဆိုထားကြတာကို တွေ့ရပါတယ်။ ဒါ့အပြင် TV တွေမှာ Blue Light ပါဝင်တယ်ဆိုပေမယ့် တခြားဒစ်ဂျစ်တယ် ပစ္စည်းတွေမှာပါဝင်တဲ့ Blue Light ပမာဏထက် ပိုမိုနည်းပါးတာကြောင့် ကျန်းမာရေးအတွက် ဆိုးဆိုးဝါးဝါး ထိခိုက်မှုမဖြစ်စေဘဲ တီဗွီကနေလာတဲ့ သီချင်းသံတွေဟာဆိုရင် အိပ်ပျော်ဖို့အတွက်တောင်မှ အကူအညီဖြစ်နိုင်သလို ရုပ်ရှင်ဇာတ်လမ်းတွေ ကြည့်ရှုခြင်းကလည်း စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တကယ်လို့များ သင်က အိပ်ပျော်ဖို့အတွက် တီဗွီကိုမဖြစ်မနေကြည့်ဖို့လိုအပ်တယ်၊ တီဗွီကြည့်လိုက်မှပဲ အိပ်ပျော်တတ်တဲ့အကျင့်ရှိတယ်ဆိုပါက ညအိပ်ခါနီးအချိန်မှာ အလွန်အမင်း အာရုံစူးစိုက်စရာမလိုတဲ့ ဇာတ်ကားမျိုးတွေ၊ အစီအစဉ်တွေကိုသာ ရွေးချယ်ကြည့်ရှုသင့်သလို သင်အိပ်ပျော်သွားလောက်မယ့်အချိန်မှာလည်း အလိုအလျောက် ပိတ်သွားဖို့ အတွက် တီဗွီရဲ့ Setting ထဲမှာ Sleep Timer ကိုချိန်ထားနိုင်တယ်လို့ အကြံပေးပါရစေ။

ဒီလောက်ဆိုရင်တော့ တီဗွီကြည့်ရင်းနဲ့ အိပ်စက်တာက သင့်ရဲ့ ကျန်းမာရေးအတွက် ဘယ်လိုမျိုးနောက်ဆက်တွဲတွေကို ဖြစ်ပေါ်လာစေနိုင်သလဲဆိုတာနဲ့ ဘယ်လိုဆင်ခြင်ဂရုပြုသင့်သလဲဆိုတာကိုတော့ သိရှိလောက်ကြမယ်လို့ ထင်ပါတယ်နော်။ နောက်လာမယ့်အပတ်မှာရော ဘယ်လိုကျန်းမာရေးဗဟုသုတတွေကို မျှဝေပေးသွားဦးမလဲဆိုတာကို စောင့်မျှော်အားပေးကြပါဦး။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.