YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

Bubble Tea & Health for Youth

၂၀၁၀ ခုနှစ် နောက်ပိုင်းလောက်စတင်ပြီး ဒီနေ့အချိန်အထိ လူငယ်၊ လူရွယ်တွေအကြားမှာ လူကြိုက်များခေတ်စားနေတဲ့ အစားအသောက်တစ်မျိုးကတော့ Bubble Tea ပဲဖြစ်ပါတယ်။ Bubble Tea ဆိုင်တွေဆိုတာဟာလည်း Shopping Mall တွေမှာသာမက ရပ်ကွက်တွေထဲမှာ ဖွင့်လှစ်နေလျှက်ရှိကာ ကမ္ဘာတစ်ဝှမ်းမှာဆိုရင် Bubble Tea ရောင်းချတဲ့ဆိုင်တွေဆိုတာ လက်ညှိုးထိုးမလွဲလောက်အောင် ပေါများလွန်းလှပါတယ်။ ဒါကြောင့်လည်း Bubble Tea ကို Milk Tea, Peral Tea, Tapioca Tea, Boba Tea ဆိုပြီး အစရှိသဖြင့် နာမည်မျိုးစုံသတ်မှတ်ခေါ်ဝေါ်ထားကြတာဖြစ်ပါတယ်။

ကယ်လိုရီပါဝင်မှုအနည်းဆုံး ၂၉၉ ရှိတဲ့ Bubble Tea ကို ကြိုက်နှစ်သက်ကြတဲ့သူတွေထဲမှာ လူငယ်တွေနဲ့ ကလေးတွေက အများဆုံး ဖြစ်တယ်ဆိုပေမယ့် တချို့သောလူကြီးပိုင်းတွေလည်း သောက်လေ့သောက်ထရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာတော့ လူကြီး၊ လူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ Bubble Tea က ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေရှိနိုင်သလဲဆိုတာကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီလိုတင်ဆက်ရာမှာ ပထမဆုံးဖော်ပြပေးမှာကတော့ Bubble ရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

– ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ခွန်အားတွေပါဝင်ခြင်း။

Bubble Tea မှာက နွားနို့ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ တခြားအာဟာရတွေများစွာလည်းပါဝင်ပြီး ခွန်အားဖြစ်စေတယ်ဆိုတာကတော့ အသေအချာပါပဲ။ ဒါ့အပြင် နွားနို့မှာပါဝင်တဲ့ ကယ်လ်ဆီယမ်ဓာတ်တွေက အရိုးကို ပိုမိုသန်မာစေပြီး ကာဗိုဟိုက်ဒရိတ်ဓာတ်ဟာဆိုရင်လည်း ဦးနှောက်အတွက် အဓိကလိုအပ်တဲ့ စွမ်းအင်အရင်းအမြစ် ဖြစ်ပါတယ်။ အဆိုပါဓာတ်ဟာ နှလုံးကြွက်သားတွေနဲ့ ဗဟိုအာရုံကြောစနစ်အတွက်လည်း အရေးကြီးတဲ့ စွမ်းအင်တစ်ခု ဖြစ်တာကြောင့် Bubble Tea ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်ထွန်းစေတဲ့ အစားအသောက်စာရင်းထဲမှာ ပါဝင်တယ်ဆိုတာကို လက်ခံပေးရမှာပါ။

– စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း။

Bubble Tea မှာက အချိုဓာတ်အပြင် ကဖင်းဓာတ်တွေလည်း အချိုးအစားညီမျှစွာပါဝင်တာကြောင့် Bubble Tea တစ်ခွက်ဟာ သင့်ရဲ့စိတ်နဲ့ကိုယ်ခန္ဓာကို လန်းဆန်းစေပြီး တစ်နေ့တာ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

– ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း။

Bubble Tea ရဲ့ကောင်းကျိုးတွေထဲက တစ်ခုကတော့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ Bubble Tea ထဲမှာက ဓာတ်တိုးဖိအားတွေ စုပုံခြင်းကို တားဆီးပေးနိုင်တဲ့ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်တဲ့အပြင် မိမိရွေးချယ်သောက်သုံးတဲ့ သစ်သီးတွေကလည်း ဗီတာမင်စီဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ (ဥပမာ – စတော်ဘယ်ရီသီး)

– Free Radicals ထွက်ရှိမှုကို ကာကွယ်ပေးခြင်း။

Bubble Green Tea မှာပါဝင်တဲ့ Polyphenols နဲ့ Epigallocatechin တို့ဟာဆိုရင် ခန္ဓာကိုယ်အတွက် ကင်ဆာတွေနဲ့ တခြားရောဂါတွေဖြစ်စေနိုင်တဲ့ Free Radicals တွေကို ချေဖျက်လျှော့ချပေးနိုင်တာကြောင့် Bubble Tea သောက်သုံးတဲ့အခါ Green Tea ကို ရွေးချယ်သောက်သုံးသင့်တယ်လို့ ဆိုပါတယ်။

Bubble Tea ရဲ့ကောင်းကျိုးတွေကို ဖော်ပြခဲ့ပြီးဆိုရင်တော့ ဆိုးကျိုးတွေအကြောင်းကို ဆက်လက်ဖော်ပြပေးချင်ပါတယ်။

– ကိုယ်အလေးချိန်တက်ခြင်း။

ဒါကိုကတော့ Bubble Tea ကို ကြိုက်နှစ်သက်စွဲလမ်းကြသူတွေအတိုင်း သတိထားသင့်ပါတယ်။ Bubble Tea မှာပါဝင်တဲ့ ကယ်လိုရီပမာဏဟာ ၂၉၉ ကနေ ၃၅၀ အထိရှိတာမို့လို့ နေ့တိုင်းလိုလိုသောက်သုံးနေမယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်အလေးချိန်ကို တိုးလာစေမှာ အသေအချာပဲဖြစ်ပါတယ်။

– ဆီးချိုရောဂါဖြစ်ပွားမှုကို မြင့်တက်စေနိုင်ခြင်း။

Bubble Tea သောက်သုံးတဲ့အခါမှာ သကြားပါဝင်မှုပမာဏကို မိမိစိတ်ကြိုက်ထည့်လို့ရတယ်ဆိုပေမယ့်လည်း တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း နေ့စဉ်သောက်သုံးလာမယ်ဆိုရင်တော့ ဒါဟာ ဆီးချိုရောဂါဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းကို မြင့်တက်သွားစေနိုင်ပါတယ်။

– ဝမ်းချုပ်ခြင်း။

Bubble Tea မှာက သကြားပါဝင်မှုမြင့်မားတဲ့အပြင် Boba အစေ့တွေလည်းပါဝင်တာကြောင့် ဒါဟာ ကာဗိုဟိုက်ဒရိတ်ဓာတ် တွေရရှိတယ်ဆိုပေမယ့် သတိထားရမှာတစ်ခုက တစ်ခါတစ်လေမှာ အစာခြေစနစ်ကို ပြဿနာရှိစေပြီး ဝမ်းချုပ်စေနိုင် ပါတယ်။ ဒါကြောင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ပြဿနာရှိသူတွေ၊ ဝမ်းချုပ်တတ်သူတွေအနေနဲ့ သတိနဲ့သောက်သုံးဖို့ အကြံပေးချင်ပါတယ်။

ပရိသတ်ကြီးထဲမှာရော Bubble Tea ကိုကြိုက်နှစ်သက်တဲ့သူတွေ ဘယ်နှယောက်ပါသလဲ။ Bubble Tea သောက်ရင်ဘယ်လို အရသာတွေကိုသောက်လေ့ရှိပြီး တစ်ပတ်ကိုအနည်းဆုံးဘယ်နှခွက်သောက်ဖြစ်သလဲဆိုတာကိုလည်း ဝေမျှပေးသွားပါဦးနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.