YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါကိုဘယ်လိုထိန်းချုပ်ကြမလဲ

သွေးတိုးရောဂါဆိုတာဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းနဲ့ ပိတ်ခြင်းတို့ကို ဖြစ်ပေါ်လာစေနိုင်တဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ သွေးတိုးရောဂါကို ခံစားနေကြရတဲ့လူအရေအတွက်ဟာဆိုရင် သန်းပေါင်း ၁၀၀၀ မျှရှိပြီး ၂၀၁၀ ခုနှစ်တုန်းကဆိုရင် ဒီရောဂါကြောင့် ကမ္ဘာ့လူဦးရေ ၁၈ ရာခိုင်နှုန်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ကျန်းမာရေးပညာရှင်တွေက ဒီသွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့တောင်မှ တင်စားခေါ်ဝေါ်ထားကြတာဖြစ်ပါတယ်။ သွေးတိုးရောဂါလို့ဆိုရာမှာ အမျိုးအစားများစွာရှိတယ်ဆိုပေမယ့် ဒီတစ်ပတ်အတွက် “Health Tips” ကဏ္ဍမှာတော့ အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါအကြောင်းနဲ့ ဒီရောဂါကို ဘယ်လိုပုံစံနဲ့ထိန်းချုပ်ကြမလဲဆိုတာကို တင်ဆက်ပေးသွားချင်ပါတယ်။

အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါကိုတော့ PAH (Pulmonary arterial hypertension) လို့လည်း အတိုကောက်ခေါ်ဝေါ်ကြပြီး ဒီရောဂါဟာဆိုရင် အဆုတ်ဆီကို အောက်စီဂျင် ကြွယ်၀တဲ့သွေးတွေ သယ်ဆောင်ပေးတဲ့သွေးကြောတွေ ကျဉ်းမြောင်းသွားရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တကယ်လို့သင့်မှာ PAH ရှိနေတယ်ဆိုရင်တော့ ခေါင်းမူးခြင်း၊ မူးမေ့ခြင်း၊ ပျို့အန်ခြင်းနဲ့ အသက်ရှုရခက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာဝေဒနာတွေဟာ အသက်ဆုံးရှုံးနိုင်တဲ့အထိ မဆိုးရွားဘူးဆိုပေမယ့်လည်း သွေးတိုးရောဂါဆိုတာက အထက်မှာဖော်ပြခဲ့သလို ရောဂါကြီးကြီးမားမားတွေကိုဖြစ်ပေါ်လာစေနိုင်တာကြောင့် တတ်နိုင်သလောက်ထိန်းချုပ်ထားတာက အကောင်းဆုံးပါပဲ။

ဒီလိုထိန်းချုပ်ဖို့အတွက်ဆိုရာမှာတော့ အစားအသောက်စားသုံးမှုပုံက အဓိကအရေးကြီးတာကိုတွေ့ရပါတယ်။ အကြောင်းအရင်းကတော့ တချို့အစားအသောက်တွေဟာ သွေးတိုးမှုကိုပိုမိုမြင့်တက်စေနိုင်ပြီး တချို့သော အစားအသောက်တွေကတော့ ကိုယ်အလေးချိန်တိုးစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါဆို ဘယ်လိုမျိုး စားသောက်မှုပုံစံတွေက သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ကြပါဦး။

ဆားပါဝင်မှုပမာဏများပြားတဲ့ အစားအစာတွေကိုလျှော့ချပါ။

သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာရှင်ဆရာဝန်တွေကတော့ ဆားဓာတ်ဝင်မှုပမာဏများပြားတဲ့ အစားအသောက်တွေကိုလျှော့ချဖို့ပဲ အများဆုံးအကြံပေးကြလေ့ရှိပါတယ်။ အသင့်စား စားသောက်ကုန်ဖြစ်တဲ့ စည်သွပ်ဘူးမှာဆိုရင် ဆားပါဝင်မှုပမာဏဟာ အလွန်များပြားလွန်းတာကြောင့် ဒီလိုအစားအစာတွေကို တတ်နိုင်သမျှ လျှော့ချပြီး လတ်ဆတ်တဲ့အသီးအနှံနဲ့ တခြားအစားအသောက်တွေကိုသာ ပိုမိုစားသုံးပေးတာအကောင်းဆုံးပါပဲ။ ဒါ့အပြင် အိမ်ရှင်မတွေအနေနဲ့လည်း ဟင်းချက်တဲ့အခါမှာ ဆားကိုစိတ်ရှိသလောက် မှန်းဆပြီးထည့်တာထက် အစားအစာကိုမြည်းစမ်းပြီးမှ ထည့်သင့်ပါတယ်။

အချိုရည်သောက်သုံးမှုကို ကန့်သတ်ပါ။

သကြားဓာတ်ပါဝင်မှုပမာဏတွေများပြားလွန်းတဲ့ အချိုရည်သောက်သုံးမှုတွေကိုကတော့ အတတ်နိုင်ဆုံးကန့်သတ်တာ အကောင်းဆုံးဖြစ်ပါတယ်။ အချိုရည်တွေဟာဆိုရင် အ၀လွန်ခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး ဒီလိုအ၀လွန်လာပြီဆိုရင်တော့ PAH ဖြစ်လာနိုင်ချေကလည်း ရာခိုင်နှုန်းမြင့်တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်က အချိုရည်တွေသောက်ရတာကို ကြိုက်နှစ်သက်ပြီး မသောက်ရမနိုင်သူဖြစ်တယ်ဆိုပါက တစ်နေ့ကို အနည်းဆုံးတစ်ဗူးမျှသာ သောက်သုံးသင့်ပါတယ်။

အရက်သေစာနဲ့ ကဖင်းဓာတ်တွေကို ရှောင်ကြဉ်ပါ။

တစ်နေ့တာအတွက် လုပ်ငန်းဆောင်တာတွေများပြားနေတဲ့ ဒီနေ့လိုခေတ်မှာ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို ရှောင်ကြဉ်ရတာကလည်း ပြောသလောက်မလွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့်လည်း သွေးတိုးရောဂါကိုထိန်းချုပ်ဖို့အတွက် လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံတွေထဲမှာဆိုရင် အရက်သေစာနဲ့ ကဖင်းဓာတ်တွေကို ရှောင်ကြဉ်တာကလည်း တစ်နည်းအပါအဝင်ဖြစ်ပါတယ်။ ကဖင်းဓာတ်နဲ့ အယ်လ်ကိုဟောကို ဖြတ်တောက်ခြင်းဟာ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ချေကိုလျှော့ချနိုင်တဲ့အပြင် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကိုလည်း အထောက်အကူပြုတာကို တွေ့ရပါတယ်။

ကြေညက်လွယ်တဲ့အစားအစာတွေကို ဦးစားပေးစားသုံးပါ။

PAH ရောဂါရှိတဲ့သူတွေအများဆုံးကြုံရလေ့ရောဂါလက္ခဏာတစ်ခုကတော့ ပျို့အန်ခြင်းပါပဲ။ ဒီလိုပျို့အန်တာကို သက်သာစေနိုင်ဖို့အတွက်က ကြေညက်လွယ်ပြီး အစာချေရလွယ်ကူအောင် အသားတွေကို အတုံးသေးသေးတွေတုံးကာ စားသောက်ပေးသင့်ပြီး အဆီများတဲ့အစာတွေကိုတော့ ရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။ ပေါင်မုန့်ခြောက်တွေနဲ့ ဆားမပါဝင်တဲ့ ပေါင်မုန့်အလွတ်တွေကလည်း စိတ်မသက်မသာဖြစ်ခြင်းကိုသက်သာအောင် ကူညီပေးနိုင်ပြီး ဂျင်းကိုလည်း ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
သံဓာတ်မြှင့်တင်ပါ။

လေ့လာတွေ့ရှိမှုတွေအရ သံဓာတ်ချို့တဲ့လာတဲ့အခါမှာ PAH ရောဂါအခြေအနေတွေက ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်၀ဖို့အတွက် အစားအစာတွေစားသုံးတဲ့အခါမှာ အနီရောင်အသားတွေ၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးတို့ကို ပိုမိုထည့်သွင်းစားသုံးပေးသင့်ပါတယ်။ တကယ်လို့ သင် စားလိုက်တဲ့အထဲမှာ ရမ်းချဉ်သီး၊ ခေါင်းလောင်းငရုတ်ကောင်းနဲ့ ဘရိုကိုလီတို့လိုမျိုး ဗီတာမင် C ဓာတ် ကြွယ်၀တဲ့ အစားအစာတွေပါဝင်မယ်ဆိုရင်တော့ ဒါတွေဟာ သင့်ခန္ဓာကိုယ်အတွက် အကျိုးရှိစေမယ့်သံဓာတ်ကို ကောင်းကောင်းဆုပ်ယူနိုင်မှာဖြစ်ပါတယ်။
ကြက်သွန်ဖြူစားသုံးတတ်အောင် လေ့ကျင့်ထားပါ။

ကြက်သွန်ဖြူကတော့ ကျန်းမာရေးအတွက်အထောက်အကူတွေအများကြီးဖြစ်စေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရဆိုရင် ကြက်သွန်ဖြူမှာ သွေးကြောတွေကိုကျယ်စေနိုင်ပြီး သွေးဖိအားကိုထိန်းပေးတဲ့ Allicin ဒြပ်ပေါင်းတစ်မျိုးပါဝင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကြက်သွန်ဖြူကို အစိမ်းလိုက်ဖြစ်စေ၊ ဟင်းထဲထည့်ချက်ပြီးတော့ပဲဖြစ်စေ စားသုံးမှီဝဲသင့်ပါတယ်။

အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါကို အခုဖော်ပြခဲ့တဲ့စားသောက်မှုပုံစံတွေနဲ့ ထိန်းချုပ်လို့ရနိုင်တယ်ဆိုပေမယ့်လည်း လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်းအခြေအနေတို့က ကွဲပြားမှုရှိနိုင်တာကြောင့် မစားသုံးခင်အချိန်မှာ တတ်ကျွမ်းနားလည်သူဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေလျှော့ချနိုင်ဖို့နဲ့ တခြားသောရောဂါတွေ ဝင်ရောက်ခြင်းမှကာကွယ်နိုင်ဖို့ကိုလည်း ကိုယ်လက်လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ PAH လို့ခေါ်တဲ့ အဆုတ်သွေးလွှတ်ကြောကြောင့်ဖြစ်လာနိုင်တဲ့ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးဆင်ခြင်စားသုံးနေထိုင်သင့်တယ်ဆိုတာကို သိရှိကြလောက်မယ်ထင်ပါတယ်။ နောက်လာမယ့် အပတ်တွေရဲ့ Health Tips အစီအစဉ်ကဏ္ဍမှာရော ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတအကြောင်းအရာတွေကို မျှဝေတင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦးနော်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.