YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

သရေစာစားသုံးမှုနဲ့ ကျန်းမာရေး

ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုပေမယ့်လည်း မစွန့်လွှတ်နိုင်တဲ့ အလေ့အကျင့်တွေထဲမှာ သရေစာစားသုံးမှုက ထိပ်ဆုံးကနေပါဝင်နေလျက်ရှိပါတယ်။ များပြားတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကြောင့် ကိုယ်ပိုင်အချိန်ရရှိဖို့အတွက်တောင်မှ ခက်ခဲနေတဲ့ ဒီနေ့လိုခေတ်ထဲမှာဆိုရင် လူငယ်၊ လူရွယ်တွေအများစုက တစ်နပ်စာ ဗိုက်ဖြည့်ဖို့အတွက်ကို အချိန်ကုန်ခံစဉ်းစားမနေကြတော့ဘဲ လွယ်လင့်တကူဝယ်ယူ ရရှိနိုင်တဲ့ သရေစာမုန့်တွေကိုသာ စားသုံးပြီးဗိုက်ဖြည့်တင်းလေ့ရှိနေကြတာကို တွေ့ရပါတယ်။ သရေစာလို့ဆိုရာမှာတော့ ဈေးသက်သာစွာနဲ့ လမ်းဘေးမှာရောင်းချတဲ့ မုန့်တွေ၊ စနစ်တကျထုတ်ပိုးထားပြီး စူပါမားကတ်တွေနဲ့ဈေးဆိုင်တွေမှာ ဝယ်ယူနိုင်တဲ့ ရယ်ဒီမိတ်အသင့်စားမုန့်တွေနဲ့ ကြက်ကြော်၊ ဘာဂါ၊ ပီဇာတို့လိုမျိုး Fast Food တွေအားလုံးဟာလည်း သရေစာတွေ ဖြစ်ကြပါတယ်။ အခုတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာတော့ သရေစာ လို့ခေါ်တဲ့ အာဟာရပါဝင်မှုနည်းပါးပြီးကိုလက်စထရော များသောအစားအစာ စားသုံးမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

သရေစာတွေဟာ ဈေးနှုန်းသင့်တင့်စွာနဲ့ လွယ်လင့်တကူဝယ်ယူနိုင်ပြီး အရသာရှိတယ် ဆိုပေမယ့်လည်း တကယ်တမ်းမှာတော့ ဒီအစားအစာတွေထဲမှာ ကယ်လိုရီတွေ၊ အချိုဓာတ်တွေနဲ့ အငန်ဓာတ်တွေများစွာပါဝင်တဲ့အပြင် အာဟာရဓာတ်ပါဝင်မှုကလည်း နည်းပါးတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိပါဘူး။ ဒါ့အပြင် သရေစာမုန့်အများစု ဟာ တာရှည်အထားခံနိုင်ဖို့အတွက် ပြုပြင်ထုတ်လုပ်ထားတာတွေဖြစ်တာကြောင့် ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် ဆိုးဝါးတဲ့ထိခိုက်မှုတွေဖြစ်လာနိုင်ပြီး အဲဒီအစားအစာတွေထဲမှာပါဝင်တဲ့ အဆီဓာတ်တွေနဲ့ သကြားဓာတ်တွေဟာဆိုရင်လည်း မကောင်းတဲ့ကိုလက်စထရောတွေကို မြင့်တက်လာစေနိုင်ပါတယ်။

အစားအစာတွေမှာ အဓိကအားဖြင့် ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တို့အပြင် ကိုယ်ခန္ဓာကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ တခြားသောဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်းပါဝင်လေ့ရှိပါတယ်။ ဆယ်ကျော်သက် အရွယ်တွေမှာတော့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် သင့်လျော်တဲ့အာဟာရဓာတ်ပမာဏတွေကို ညီညွှတ်မျှတစွာရရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုအရွယ်တွေမှာ အသင့်စားအစားအစာတွေ၊ သရေစာမုန့်တွေကို လိုအပ်တာထက်ပိုပြီးစားသုံးမယ် ဆိုရင်တော့ ခန္ဓာကိုယ်က ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တို့ကို လျင်မြန်စွာ စုတ်ယူလိုက်ပြီး နောင်တစ်ချိန်မှာ မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေကို တွေ့ကြုံလာရနိုင်ပါတယ်။

သရေစာစားသုံးမှုကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာ တွေထဲကမှ အဖြစ်များဆုံးကတော့ အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါပဲဖြစ်ပါတယ်။ သရေစာတွေ၊ တစ်နည်းအားဖြင့် အသင့်စားစားစရာတွေမှာဆိုရင် သကြားနဲ့ ကိုလက်စထေရောဓာတ်တွေများစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်တက်ခြင်းကို ဖြစ်လာစေနိုင်ပြီး ဒီလိုကိုယ်အလေးချိန်တက်လာပြီဆိုရင်တော့ ဆီးချိုရောဂါကလည်း သူ့အလိုလိုအနောက်ကနေလိုက်ပါလာမှာပါ။

အမေရိကန်ဆီးချိုရောဂါအသင်းကြီးကတော့ ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်တဲ့ ကိုလက်စထရောဓာတ်ဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ခြင်းတို့လိုမျိုး နာတာရှည်ရောဂါတွေကိုလည်း ဖြစ်လာစေနိုင်တာကြောင့် ဆီးချိုရောဂါသည်တွေအနေနဲ့ သရေစာစားသုံးမှုကို လျှော့ချဖို့ (သို့မဟုတ်) ရှောင်ရှားဖို့အတွက် တိုက်တွန်းထားပြီး အဲဒီအစားအသောက်တွေနေရာမှာ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကိုသာ ချင့်ချိန်စားသုံးဖို့ အကြံပေးထားပါတယ်။

သရေစာစားသုံးခြင်းရဲ့နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ အစားအသောက်နဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာပါပဲ။ သရေစာတွေကို စားလိုက်တဲ့အချိန်မှာ အချိန်တဒင်္ဂအတွင်းမှာ ဗိုက်ပြည့်သွားသလိုမျိုး ခံစားရနိုင်ပေမယ့် နောက်အချိန်ကြာလာတဲ့အခါမှာတော့ အလွန်အမင်းဆာလောင်ခြင်းကို ဖြစ်ပေါ်လာစေ နိုင်ပြီး စားသုံးမှုပမာဏကလည်း ပုံမှန်စားနေကျပမာဏထက်များပြားလာနိုင်ပါတယ်။ ဒီပြဿနာကိုတော့ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ သရေစာတွေထဲမှာ အငန်ဓာတ်ပါဝင်မှုကလည်း အလွန်အမင်းများပြား လှတာကြောင့် ရေရှည်စားသုံးမယ်ဆိုရင် အသည်းနဲ့ကျောက်ကပ်မှာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသားလူကြီးတွေလိုမျိုး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဖွံ့ဖြိုးမှုမရှိသေးတဲ့ကလေးငယ်တွေကို သရေစာမုန့်တ ွေကျွေးတဲ့အခါမှာ ချင့်ချိန်ပြီး လိုအပ်တာထက်ပိုမကျွေးဖို့အတွက် လိုအပ်ပါတယ်။

ဥပမာပြောရရင် သင်ဟာ ဆယ်ကျော်သက်အရွယ်မှာ ဟမ်ဘာဂါတစ်လုံးကို နေ့တိုင်း ပုံမှန်စားသုံးဖြစ်နေတယ်ဆိုပါစို့။ ဘာဂါတစ်လုံးမှာဆိုရင် ပေါင်မုန့််ကရရှိတဲ့ ကစီဓာတ်၊ အသားပြားကနေရရှိတဲ့ အသားဓာတ်နဲ့ ချိစ်နဲ့ ဆော့စ်တို့မှရရှိတဲ့ အဆီဓာတ်တို့က သူ့အချိုးအစားနဲ့သူပါဝင်တယ်ဆိုပေမယ့်လည်း အဲဒီပါဝင်မှုပမာဏတွေက တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏရဲ့ ၃၆ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိဖြစ်လို့နေပါပြီ။ ဒါ့အပြင် ဒီလိုများပြားလှတဲ့စားသုံးမှုပမာဏဟာ ကောင်းမွန်စွာ အစာချေဖျက်နိုင်ဖို့အတွက်လည်း ခက်ခဲတဲ့ပမာဏဖြစ်ပါတယ်။

တစ်နေ့တာအတွက်လိုအပ်တဲ့ အာဟာရတွေကို သင့်တင့်လျောက်ပတ်အောင် စားသုံးရမယ့်နေရာမှာ ဒီလိုမျိုးဟမ်ဘာဂါတွေ၊ ပီဇာတွေနဲ့ တခြားသရေစာအစားအစာ တွေကိုပဲ အဓိကစားသုံးနေရမယ်ဆိုရင်တော့ ရက်အနည်းငယ်ကြာတဲ့အခါမှာ အလိုအလျောက်ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အိပ်ရေးပျက်မှုတွေကို ခံစားလာရနိုင်ပါတယ်။ သရေစာစားသုံးမှုက လိုအပ်တဲ့အာဟာရကိုအထောက်အပံ့မဖြစ်စေရုံတင်မဟုတ်ဘဲ အားအင်ကုန်ခမ်းခြင်းကိုလည်း ဖြစ်လာစေနိုင်ပါသေးတယ်။ စိတ်ဖိစီးမှုဖြစ်နေတဲ့ အချိန်တွေ၊ ပင်ပန်းနွမ်းနယ်နေတဲ့အချိန်တွေမှာ အချိုဓာတ်စားသုံးခြင်းက အားအင်ကို ပြန်လည်ဖြည့်တင်းပေးပြီး စိတ်ပျော်ရွှင်ခြင်းကိုဖြစ်နိုင်တယ်ဆိုပေမယ့် တကယ်တမ်းမှာ တော့ ဒါက အချိန်တခဏတာအတွင်းမှာပဲ အကျိုးသက်ရောက်တာဖြစ်ပါတယ်။
သရေစာတွေထဲမှာပါဝင်တဲ့ အချိုဓာတ်၊ တစ်နည်းအားဖြင့် သကြားဓာတ်တွေဟာ ဆိုရင်တော့ နည်းပညာတွေနဲ့ သန့်စင်ပြုပြင်ထားတဲ့သကြားတွေဖြစ်တာကြောင့် ခန္ဓာကိုယ်အတွင်းမှာ လျင်မြန်စွာပျော်ဝင်ပြီး သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း အချိန်တိုတွင်းမှာလျော့ကျသွားစေပါတယ်။ အဲဒီအခါမှာတော့ ပင်ပန်းနွမ်းနမ်ခြင်းတွေနဲ့ ဆာလောင်ခြင်းတွေကို တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာစေတာကြောင့် ဒီလိုနဲ့ပဲ စားသုံးမှု ပုံစံက သံသရာလည်နေတော့မှာဖြစ်ပြီး အချိန်တွေကြာလာတဲ့အခါမှာ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ခံစားလာရနိုင်ပါတယ်။

သရေစာစားသုံးမှု များပြားခြင်းကြောင့်ရလာနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ရပ်ကတော့ အာရုံစူးစိုက်မှု လျော့ကျခြင်းပါပဲ။ သရေစာတွေစားသုံးတာဟာ မှတ်ဉာဏ်အတွက် အဓိကအခန်းကဏ္ဍကနေပါဝင်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်လာစေပြီး ပညာသင်ကြားနေကြတဲ့ လူငယ်တွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ မနက်စာကို အနည်းဆုံးလေးရက်လောက် ဆက်တိုက်စားသုံး လိုက်မယ်ဆိုရင် ဦးနှောက်ရဲ့မှတ်ယူနိုင်စွမ်းတွေဟာ လျော့ကျလာတာကိုတွေ့ရမှာပါ။
ဒါကြောင့် သင့်အနေနဲ့ အသင့်စားစားစရာတွေကို လုံးဝမစားသုံးဘဲနေဖို့အတွက် မဖြစ်နိုင်ဘူးဆိုရင်တောင်မှ စားသုံးမှုပုံစံနဲ့ ပမာဏကို အတတ်နိုင်ဆုံးလျှော့ချသင့်ပြီး အမှန်တကယ်လိုအပ်တဲ့ အာရဟာဓာတ်တွေ၊ အစားအစာတွေကိုသာ အဓိကထား စားသုံးပေးသင့်ပါတယ်။ သုတေသနပညာရှင်တွေကလည်း သရေစာတွေကို စိတ်ဖိစီးမှု များပြားတဲ့အချိန်တွေမှာ စိတ်ထွက်ပေါက်အနေနဲ့ စားသုံးမယ့်အစား တရားဝင်ထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနဲ့ တခြားစိတ်အပန်းပြေစေမယ့် အရာတွေကိုသာ ဦးစားပေးပြုလုပ်ဖို့အတွက် တိုက်တွန်းထားကြပါတယ်။

MI Radio ရဲ့ ပရိသတ်ကြီးတို့လည်း ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သရေစာအစားအစာတွေကို မိမိကိုယ်တိုင်အတတ်နိုင်ဆုံးရှောင်ရှားရုံသာမက ချစ်ရသူတွေကိုလည်း သရေစာတွေစားသုံးတာနဲ့ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတ အဖြစ် အသိပေးမျှဝေလိုက်ကြပါဦးနော်။
ပရိသတ်တို့အားလုံး ကျန်းမာပျော်ရွှင်သောနေ့လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.