YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

မိုးရာသီအတွင်း ဖြစ်ပေါ်လေ့ရှိသောရောဂါများ

မိုးရာသီအချိန်ကာလဟာ ရောဂါပိုးမွှားတွေဖြစ်ပွားဖို့အတွက် အလွယ်ဆုံးသောရာသီဖြစ်တာကြောင့် လူအတော်များများ အလွယ်တကူဖျားနာလွယ်တဲ့ ရာသီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့ Health Tips အစီအစဉ်မှာ မိုးရာသီအတွင်း ဖြစ်ပေါ်လေ့ရှိတဲ့ရောဂါတွေနဲ့ အဆိုပါရောဂါများမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရာသီတုပ်ကွေး

မိုးတွင်းကာလအချိန်မှာ လူတိုင်းနီးပါးအဖြစ်များတာကတော့ ရာသီတုပ်ကွေးပဲဖြစ်ပါတယ်။ ရာသီတုပ်ကွေးဖြစ်ပြီဆိုရင် နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းတွေကိုခံစားရပြီး ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာတော့ ဝေဒနာပြင်းပြင်းထန်ထန်မခံစားရပဲ နှာစေး၊ ချောင်းဆိုးလောက်ပဲဖြစ်တာကို တွေ့ရပါတယ်။ ကလေးတွေ၊ သက်ကြီးပိုင်းတွေနဲ့ ကိုယ်ခံအားမကောင်းတဲ့သူတွေကတော့ ဒီရာသီတုပ်ကွေးဒဏ်ကို ရက်အတော်ကြာ ခံစားရပြီး တချို့ဆိုရင် အသက်ဆုံးပါးတဲ့အထိ ပြင်းထန်စွာခံစားကြရပါတယ်။

ရာသီတုပ်ကွေးကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ခံအားကောင်းအောင် အာဟာရသင့်တင့် မျှတစွာ စားသုံးပေးဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။

၂။ သွေးလွန်တုပ်ကွေး

မိုးရာသီမှာ အဖြစ်များဆုံးရောဂါတစ်ခုကတော့ Aedes ဆိုတဲ့ ခြင်ကျားအကိုက်ခံရမှုကနေတစ်ဆင့် ကူးစက်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါပဲဖြစ်ပါတယ်။ Aedes ခြင်ဟာ မနက်ပိုင်းနဲ့ နေ့လည်ခင်းတွေမှာ ကိုက်တတ်တဲ့ခြင်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရောဂါဟာ အရင်တုန်းက ကလေးငယ်တွေမှာသာ အဖြစ်များတယ်ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အရွယ်ရောက်ပြီးသား လူငယ်၊ လူကြီးတွေမှာပါဖြစ်လာတာကို တွေ့ရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါပိုးကူးစက်ခံရပြီဆိုရင်တော့ ၂ ရက်ကနေ ၇ ရက်အတွင်း တစ်ကိုယ်လုံးနာကျင်စွာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးချိခြင်း၊ အဖျားတက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ တစ်ကိုယ်လုံးအနီစက်တွေ ဖြစ်ပေါ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ဒီရောဂါကိုကာကွယ်ဖို့အတွက် အဓိကနည်းလမ်းကတော့ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းပါပဲ။ ဒါကြောင့် အင်္ကျီလက်ရှည်၊ ဘောင်းဘီခြေရှည်တို့ကိုဝတ်ဆင်ရမှာဖြစ်ပြီး နေ့ခင်းနေ့လည်ဘက်အိပ်စက်တဲ့အချိန်မှာလည်း ခြင်ထောင်နဲ့သာ အိပ်သင့် ပါတယ်။ ဒါ့အပြင် ခြင်ပေါက်ဖွားမှုကနေကာကွယ်ဖို့အတွက် ရေကြည်ရေသန့်တွေကို ဖုံးအုပ်ခြင်းနဲ့ ပိုးလောက်လန်းရှိနေတဲ့‌ ရေတွေကိုသွန်ခြင်း၊ လဲလှယ်ခြင်းတွေ ပြုလုပ်ပေးသင့်သလို မိမိပတ်ဝန်းကျင်မှ ရေမြောင်းများအတွင်း ခြင်ပေါက်ဖွားမှု နည်းစေရန်အတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ထားသင့်ပါတယ်။

၃။ ငှက်ဖျား

ငှက်ဖျားရောဂါကတော့ Anopheles ခြင်ကနေတစ်ဆင့်ကူးစက်ပြီး မိုးရာသီအတွင်းမှာဖြစ်ပေါ်လေ့ရှိတဲ့ နောက်ထပ် ရောဂါတစ်မျိုးဖြစ်ပါတယ်။ Anopheles ခြင်ဟာ တောတောင်စိမ့်စမ်းဒေသတွေနဲ့ ချောင်းငယ်၊ မြောင်းငယ်တွေမှာ ပေါက်ဖွားတတ်တာကြောင့် ငှက်ဖျားရောဂါဟာလည်း အဆိုပါဒေသတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ Anopheles ခြင်တွေက မိုးဦးကျချိန်နဲ့ မိုးကုန်ခါနီးအချိန်တွေမှ ပေါက်ဖွားလေ့ရှိတာကြောင့် အဲဒီကာလတွေမှာ ငှက်ဖျားမိသူတွေ ပိုမိုများပြားတာကို တွေ့ရပါတယ်။
ငှက်ဖျားရောဂါဖြစ်ပြီဆိုရင် အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးစေးများထွက်ခြင်းတို့ကို ခံစားရနိုင်ပြီး သေသေချာချာကုသမှုမခံယူဘဲနေမယ်ဆိုရင်တော့ အသားဝါခြင်း၊ ပြင်းပြင်းထန်ထန်သွေးအားနည်းခြင်းနဲ့ ကျောက်ကပ်နှင့် အသည်းထိခိုက်ပျက်စီးခြင်းတွေအထိ ဖြစ်ပေါ်နိုင်ပါတယ်။

ငှက်ဖျားရောဂါကိုကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည် ဝတ်ဆင်ခြင်း၊ ခြင်မကိုက်ဆေးများလိမ်းခြင်း၊ ခြင်ဆေးထွန်းခြင်း၊ ငှက်ဖျားဖြစ်စေသည့် ခြင်များမပေါက်ဖွားနိုင်အောင် မသန့်ရှင်းသောရေများကို သွန်ခြင်း၊ လဲလှယ်ခြင်းနဲ့ အိပ်စက်တဲ့အခါမှာ ခြင်ထောင်နဲ့သာအိပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

၄။ ကာလဝမ်းရောဂါ

မိုးတွင်းကာလမှာ နောက်ထပ်အဖြစ်များတဲ့ရောဂါတစ်မျိုးကတော့ ကာလဝမ်းရောဂါပဲဖြစ်ပါတယ်။ ဒီရောဂါဖြစ်ပွားရတဲ့ အကြောင်းကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ မသန့်ရှင်းတဲ့ အစားအစာတွေကို စားသုံးမိခြင်းနဲ့ မသန့်ရှင်းတဲ့ ရေတွေ သောက်သုံးမိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။
ကာလဝမ်းရောဂါဖြစ်ပြီဆိုရင်တော့ အော့အန်ခြင်းနဲ့ ဝမ်းသွားခြင်းတို့ကြောင့် ရေဓာတ်ဆုံးရှုံးခြင်းနဲ့ ကြွက်တက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်မှဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်မဖြည့်တင်းဘူးဆိုရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကာလဝမ်းရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ သန့်ရှင်းသောရေကိုသောက်သုံးခြင်း၊ အစားအစာတွေကို ပူပူနွေးနွေး ချက်ပြုတ်စားသောက်ခြင်းနဲ့ လက်ကိုစင်ကြယ်စွာ ဆေးကြောသန့်စင်ခြင်းတို့ ဖြစ်ပါတယ်။ အဲဒီနည်းလမ်းတွေ အပြင် ကောင်းမွန်တဲ့ ရေဆိုးစွန့်ထုတ်မှုစနစ်ရှိဖို့ကလည်း အရေးကြီးပါသေးတယ်။

၅။ တိုက်ဖွိုက် (အူရောင်ငန်းဖျားရောဂါ)

တိုက်ဖွိုက်လို့အလွယ်ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါကတော့ ရေမှာပေါက်ဖွားတဲ့ Salmonella Typhi ဘက်တီးရီးယား တစ်မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပေါ်တာဖြစ်ပါတယ်။ ယင်းရောဂါဟာ ပိုးကူးစက်ခံထားရတဲ့ အစားအသောက်တွေ စားသုံးမိခြင်းနဲ့ ရောဂါရှိသူရဲ့ အညစ်အကြေးတွေပါဝင်နေတဲ့ရေကို သေချာစွာမကျိုချက်ပဲ သောက်သုံးမိခြင်း တို့ကနေတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။
တိုက်ဖွိုက်ရောဂါပိုးဟာ အူလမ်းကြောင်းနဲ့ သွေးထဲမှာ ရှင်သန်ပေါက်ဖွားပြီး စတင်ကူးစက်ခံရပြီဆိုရင် ၆ ရက်ကနေ ရက် ၃၀ အတွင်း လက္ခဏာတွေစတင်ပြသတတ်ပါတယ်။ ရောဂါလက္ခဏာစတင်ပြသတဲ့အခါမှာ ပထမအဆင့်အနေနဲ့ အဖျားငွေ့ငွေ့လေးသာရှိမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အဖျားရက်ရှည်ခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ ဝမ်းလျှောခြင်းနဲ့ မူးဝေအော့အန်ခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ရောဂါအခြေအနေဆိုးလာပြီဆိုရင်တော့ အဖျားကြီးပြီး ကယောင်ကတမ်းတွေပါပြောလာနိုင်ပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ ဒီရောဂါဟာ လက္ခဏာတစ်စုံတစ်ရာမပြဘဲ လနဲ့ချီကာ ရောဂါပိုးကိုသယ်ဆောင်ထားနိုင်ပြီး တခြားသူတွေကို ကူးစက်တတ်တယ်လို့ သိရပါတယ်။

တိုက်ဖွိုက်မဖြစ်ဖို့အတွက် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းကို အလေးထားလုပ်ဆောင်ခြင်း၊ အစားအသောက်တွေကို ပူပူနွေးနွေးနဲ့ သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်စားသောက်ခြင်း၊ သန့်စင်တဲ့ရေ (သို့မဟုတ်) ကျိုချက်ထားတဲ့ရေကိုသာ သောက်သုံးခြင်းတို့ပဲဖြစ်ပါတယ်။ တိုက်ဖွိုက်အဖြစ်များတဲ့ ဒေသတွေကိုသွားလာ ရမယ်ဆိုရင်လည်း တိုက်ဖွိုက်ကာကွယ်ဆေးတွေကို ကြိုတင်ထိုးနှံသွားသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးထားတာကို တွေ့ရပါတယ်။

၆။ Leptospirosis

Leptospirosis ရောဂါကတော့ Leptospira ဆိုတဲ့ ရောဂါပိုးကြောင့်ဖြစ်ပေါ်တာဖြစ်ပြီး တိရစ္ဆာန်တွေကနေတဆင့် လူတွေဆီကို ကူးစက်လေ့ရှိပါတယ်။ ဒီရောဂါဟာ ရေကြီးရေလျှံတဲ့ဒေသတွေမှာ အဖြစ်များပြီး ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ ဆီးတွေနဲ့ ယင်းအညစ်အကြေးတွေပါဝင်နေတဲ့ ရေတွေကို ထိတွေ့ကိုင်တွယ်မိရာကနေတဆင့် ကူးစက်တာဖြစ်တယ်လို့ သိရပါတယ်။

Leptospirosis ရဲ့ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ မခံမရပ်နိုင်အောင် ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ အော့အန်ခြင်း၊ မျက်လုံးများ နီရဲခြင်းနဲ့ ဝမ်းပျက်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ သာမန်အအေးမိတဲ့ လက္ခဏာတွေနဲ့ ဆင်တူတာကြောင့် ပေါ့ပေါ့ဆဆနေမိတတ်ကြပါတယ်။ အဲဒီအခါမှာတော့ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောင်အသည်းဝါဖြစ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းနဲ့ ဦးနှောက်အမြှေးရောင်ခြင်းတို့လိုမျိုး ပြင်းထန်တဲ့ဝေဒနာတွေကိုပါ ခံစားရတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရောဂါဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ သေချာကုသသင့်ပါတယ်။

ဒီရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ ရေကြီးတဲ့နေရာတွေမှာ ရေမကူးခြင်း၊ လည်ရှည်ဖိနပ်နဲ့ လက်အိတ်များ ဝတ်ဆင်ခြင်း၊ ထိခိုက်ရှနာဒဏ်ရာများကို ပလာစတာကပ်ထားခြင်း၊ ရေကိုကျိုချက်ပြီးမှ သောက်သုံးခြင်းနဲ့ ကြွက်တွေ မခိုအောင်းဖို့အတွက် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Leptospira ဘက်တီးရီးယားပိုးဟာ ဆပ်ပြာကိုအလွန်ကြောက်တဲ့ ပိုးဖြစ်တာကြောင့် မိမိတို့ရဲ့လက်တွေကိုလည်း ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးတို့နဲ့ မကြာခဏဆေးကြောသန့်စင်ပေးသင့်ပါတယ်။

၇။ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းခြင်း

မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ထပ်ရောဂါတစ်မျိုးကတော့ အစာအိမ်နှင့် အူလမ်းကြောင်းရောင်ရမ်းပြီး အစာအဆိပ်သင့်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ပြီဆိုရင် အစာအိမ်နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အဲဒီအခါမှာ အဖျားလည်းတက်နိုင်သလို အားအင်ကုန်ခမ်းတာမျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

အစာအိမ်နှင့် အူလမ်းကြောင်းရောဂါတွေ မဖြစ်ဖို့အတွက် ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ ပူပူနွေးနွေးနဲ့ ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာတွေကိုပဲ စားသုံးခြင်းနဲ့ ယင်နားစာတွေကို ရှောင်ကြဉ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကဲ …. ဒီလောက်ဆိုရင်တော့ မိုးရာသီကာလမှာဖြစ်ပေါ်တတ်တဲ့ ရောဂါတွေအကြောင်းနဲ့ အဲဒီရောဂါတွေကို ဘယ်လိုမျိုး ကာကွယ်နိုင်သလဲဆိုတာကို သိရှိကြလောက်ပြီထင်ပါတယ်နော်။ နောက်ထပ်လာမယ့် Health Tips အစီအစဉ်တွေမှာရော ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဘယ်လိုမျိုးဗဟုသုတရစရာအကြောင်းတွေကို တင်ဆက်ပေးသွားမလဲဆိုတာ စောင့်မျှော်အားပေးကြပါဦး။ MI Radio ပရိသတ်ကြီးတို့အားလုံး ကျန်းမာလှပတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုအားပေးကြတဲ့သူတစ်ယောက်ချင်းဆီကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.