YGN 96.1 MDY 96.5 NPT 96.7

Back to Blog

Health March 20, 2023

အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအသောက်မူမမှန်မှုရောဂါ 

Eating Disorders လို့ခေါ်တဲ့ အစားအသောက်မူမမှန်မှုရောဂါဟာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်များတယ်ဆိုတာကို သင်သိပါသလား။

တချို့တွေကတော့ ဒီရောဂါကို နာမည်ကြည့်ပြီး အစားအသောက်ပုံစံမမှန်ကန်တာကြောင့် ခန္ဓာကိုယ်ကျန်းမာရေး ထိခိုက်တဲ့ရောဂါလို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ Eating Disorders ဆိုတာက ခန္ဓာကိုယ် အလေးချိန်နဲ့ပတ်သက်လို့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေများပြားရာကနေ စတင်ဖြစ်ပေါ်လာတာဖြစ်ပြီး သေချာမကုသဘဲ ပေါ့ပေါ့လျော့လျော့နေမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်များတဲ့ရောဂါတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်အတွက် Health Tips အစီအစဉ်မှာတော့ အစားအသောက်မူမမှန်မှုရောဂါ (Eating Disorders) နဲ့ပတ်သက်လို့ သိရှိထားသင့်တဲ့ဗဟုသုတတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

အစားအသောက်မူမမှန်မှုရောဂါ (Eating Disorders) ဆိုတာကတော့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်အချိုးအစားတို့ကို အလေးအနက်ထားပြီး စတင်စွဲလမ်းရူးသွပ်ရာကနေ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ စားသောက်မှုပုံစံတွေကိုဖြစ်ပေါ်စေတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ စိတ်နဲ့သက်ဆိုင်တဲ့ရောဂါတစ်မျိုးဖြစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ မှာသာမက ခန္ဓာကိုယ်ပိုင်းမှာပါ ပြင်းထန်တဲ့ကျန်းမာရေးဆိုးကျိုးတွေကိုဖြစ်လာစေနိုင်ပြီး သေသေချာချာနဲ့ စနစ်တကျကုသခြင်း မရှိဘဲ လျစ်လျူရှုလိုက်မယ်ဆိုရင်တော့ အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့်လည်း Eating Disorders ဟာ အသက်ဆုံးရှုံးနိုင်သည်အထိ ဆိုးဝါးလှတဲ့စိတ်ပိုင်းဆိုင်ရာရောဂါတွေထဲက တစ်မျိုးအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။
Eating Disorders ရဲ့လက္ခဏာတွေထဲမှာဆိုရင် စားသောက်မှုပုံစံကိုပြင်းပြင်းထန်ထန်ကန့်သတ်ထားခြင်း၊ အငမ်းမရ စားသုံးခြင်း၊ အော့အန်ခြင်းနဲ့ လေ့ကျင့်ခန်းအလွန်အမင်းပြုလုပ်ခြင်းတို့ကတော့ သိသာထင်ရှားတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ Eating Disorders ဟာ ဘယ်လိုအသက်အရွယ်အပိုင်းအခြားမှာမဆို ကျား၊ မ မရွေးဖြစ်တတ်ပြီး များသောအားဖြင့်ကတော့ အမျိုးသားတွေမှာအဖြစ်များတယ်လို့ ဆိုပါတယ်။ Eating Disorders ဆိုတာက ကုသလို့ရနိုင်တဲ့ရောဂါဆိုပေမယ့် တကယ်တမ်း ရောဂါဖြစ်လာတဲ့အချိန်တွေမှာတော့ လူတွေက ကောင်းမွန်စွာစနစ်တကျနဲ့ ကုသမှုခံယူခြင်းမရှိသလို ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုလည်း ဆရာဝန်ဆီသေချာမပြောပြတတ်ကြပါဘူး။ အဲဒီအခါမှာတော့ ကုသဖို့အတွက် အချိန်လွန်သွားကြပြီး အသက်ဆုံးရှုံးရတဲ့ အခြေအနေတွေဆီကိုရောက်ရှိလာကြတာဖြစ်ပါတယ်။

Eating Disorders မှာ ရောဂါအမျိုးအစားအမျိုးမျိုးရှိပြီး လက္ခဏာတွေကလည်း ရောဂါအမျိုးအစားအလိုက် ကွဲပြားခြားနားမှုတွေရှိပါတယ်။ များပြားလှတဲ့လက္ခဏာရပ်တွေထဲကမှ အဖြစ်များတဲ့လက္ခဏာတွေကတော့ …

– ကြောက်စရာကောင်းအောင် ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းသွားခြင်း၊
– လူအများမြင်ကွင်းမှာ အစားစားရမှာကို စိုးရိမ်ပူပန်ခြင်း၊
– ကိုယ်အလေးချိန်နဲ့ အစားအစာတွေမှာပါဝင်တဲ့ ကယ်လိုရီပမာဏတွေကိုပဲတွက်ချက်နေတတ်ခြင်း၊
– အစားအစာ စားသုံးရမယ့်အချိန်တွေကို ရှောင်ရှားခြင်း၊
– ကိုယ်အလေးချိန်တက်လာမှာ (သို့မဟုတ်) ၀လာမှာကို ကြောက်ရွံ့ခြင်း၊
– မိမိရဲ့ခန္ဓာကိုယ်အချိုးအစားကို အလွန်အမင်းဖုံးကွယ်ထားတဲ့ အင်္ကျီတွေကိုမှ ရွေးချယ်ဝတ်ဆင်တတ်ခြင်း၊
– စားသုံးတဲ့အစားအစာအမျိုးအစားနဲ့ ပမာဏကို အလွန်အမင်းကန့်သတ်ထားခြင်း၊
– ဗိုက်ဆာနေတဲ့အချိန်မှာတောင်မှ မဆာဘူးလို့ဆိုကာငြင်းဆိုတတ်ခြင်း၊
– ကိုယ်အလေးချိန်ကို ထပ်ဖန်တလဲလဲ ချိန်ဆတွက်ချက်နေတတ်ခြင်း၊
– ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်ခြင်း၊
– ရာသီမမှန်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် လူတစ်ယောက်ဟာ အစားအသောက်မူမမှန်မှုပြဿနာနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဗိုက်အောင့်ခြင်းနှင့် တခြားအူလမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်ပေါ်ခြင်း၊ အာရုံစိုက်ရခက်ခဲခြင်း၊ ဟော်မုန်းပမာဏမညီမျှခြင်း၊ မူးဝေခြင်း၊ တစ်ချိန်လုံးချမ်းတုန်နေခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ ဓမ္မတာမမှန်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်း၊ ဆံပင်ပါးလာခြင်း၊ ကြွက်သားအားနည်းခြင်း၊ အနာကျက်ချိန် နှေးကွေးခြင်း၊ ကိုယ်ခံအားနည်းခြင်းတို့ကိုလည်း ခံစားလာရနိုင်ပါတယ်။ ဒီအချက်တွေနဲ့ ရောဂါလက္ခဏာတွေဟာ သာမန်လူတွေနဲ့ တခြားဝေဒနာရှင်တွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် သာမန်ထက်ပိုပြီး အလွန်အကြူးတွေဖြစ်လာပြီဆိုရင်တော့ ဒါဟာ မိမိကိုယ်ကိုယ်ပြန်လည်တွေးတောသုံးသပ်သင့်တဲ့ အခြေအနေမျိုးရောက်နေပြီဆိုတာကို သိရှိထားသင့်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ Eating Disorder ဖြစ်ရတဲ့အကြောင်းအရင်းတွေက အမျိုးမျိုးရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီလိုအကြောင်းအရင်းတွေထဲမှာ မိသားစုမျိုးရိုးကြောင့်ဖြစ်ရတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ သင့်ရဲ့မိဘ (သို့မဟုတ်) ညီအစ်ကိုမောင်နှမတွေထဲမှာ Eating Disorder ရှိတယ်ဆိုရင်တော့ သင့်မှာလည်း အဆိုပါရောဂါဖြစ်လာနိုင်ချေများတယ်လို့ ဆိုရမှာပါ။

နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့သုတေသနတစ်ခုအရဆိုရင် ပူပင်သောကများပြားတဲ့သူတွေ၊ စိတ်ဆိုးဒေါသဖြစ်လွယ်ပြီး စိတ်ကျရောဂါရှိသူတွေ၊ မိမိကိုယ်ကိုယ် အစစအရာရာမှာအပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံချင်သူတွေနဲ့ ရှေ့ရေးကို ကြိုမတွေးဘဲ လွယ်လင့်တကူ ပြုမူပြောဆိုတတ်သူတွေမှာလည်း အစားအသောက်မူမမှန်တဲ့ရောဂါဖြစ်စေနိုငတယ်လို့ ဆိုပါတယ်။
Eating Disorder ဖြစ်စေနိုင်တဲ့နောက်ထပ်အကြောင်းအရင်းကတော့ ကိုယ်ခန္ဓာအချိုးအစားပုံစံနဲ့ပတ်သက်လို့ စံချိန်၊ စံနှုန်းသတ်မှတ်မှုတွေများပြားတဲ့ နယ်ပယ်ပတ်ဝန်းကျင်မှာ နေထိုင်ရပ်တည်နေရတဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်လည်း အနုပညာရှင်တွေအတော်များများဟာ Eating Disorder ကို ရင်ဆိုင်ရလေ့ရှိတာဖြစ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဇီ၀ဗေဒဆိုင်ရာကွဲပြားမှုတွေကလည်း အစားအသောက်စားသုံးတဲ့နေရာမှာ ချို့ယွင်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖြစ်လာစေ နိုင်တယ်လို့ ပညာရှင်တွေနောက်ဆုံးတွေ့ရှိထားတဲ့ လေ့လာမှုတစ်ခုအရသိရပါတယ်။

Eating Disorder ကို ကုသနိုင်တဲ့နည်းလမ်းတွေက ဖြစ်လာရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး လူတစ်ဦးနဲ့ တစ်ဦးကွဲပြားတယ်ဆိုပေမယ့်လည်း များသောအားဖြင့်ကတော့ ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်နဲ့ ပုံမှန်ဆိုသလို စကားပြောဆွေးနွေးခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက Eating Disorder ရှိနေပြီဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အမြန်ဆုံးကုသမှုခံယူဖို့က အရေးကြီးပါတယ်။

အဲဒီလိုမှမဟုတ်ဘဲ အချိန်ကြာမြင့်သွားမယ်ဆိုရင်တော့ ဆေးပညာပိုင်းဆိုင်ရာမှာ ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာနိုင်တဲ့ အပြင် မိမိကိုယ်ကိုယ်အဆုံးစီရင်မှုတွေကလည်း မြင့်တက်လာနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် သင့်မှာ Eating Disorder ရှိနေတယ်လို့ ခံစားမိပြီဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ စားသောက်မှုပုံစံအကြောင်းကို တိုင်ပင်ဆွေးနွေးသင့်ပြီး စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှု ရှိစေဖို့အတွက်ကိုတော့ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့နဲ့ ကြိုးစားအားထုတ်နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ သင့်ရဲ့အသက်ကိုဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ်များလွန်းတဲ့ အစားအသောက်မူမမှန်မှုရောဂါ (Eating Disorder) အကြောင်းကို သိရှိထားသင့်သလောက် သိရှိကြမယ်လို့ထင်ပါတယ်နော်။ နောက်လာမယ့် Health Tips အစီအစဉ်မှာရော ဘယ်လိုမျိုးကျန်းမာရေးဗဟုသုတအကြောင်းအရာကို မျှဝေပေးသွားမလဲဆိုတာ စောင့်မျှော်ပေးကြပါဦး။ MI Radio ရဲ့ ပရိသတ်တွေအားလုံးလည်း ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Our Podcast Avaliable On

You can listen to the programs organized by MI Radio on Google Podcast, Apple Podcast and Spotify.

Download Our App On

You can download MI Radio application on Google Play Store and Apple App Store.